စာအုပ်ထုတ်တော့မယ်
Vol. 23 Ch. 334
“ကျွန်တော်က သူတို့ဆီမှာ အလုပ်လုပ်တာတော့ မဟုတ်ပေမဲ့ လက်နက်ဌာနနဲ့ ပူးပေါင်းပြီး အန်လင်း စစ်လက်နက်စက်ရုံအတွက် ကြိုးစားလို့ ရတယ်လေ”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
“ဘာကိုဆိုလိုတာလဲ”
ရှန်ချန်းချန်း မျက်ခုံးပင့်လျက် လင်းချွမ်စကားကို ချက်ချင်း သဘောမပေါက် ဖြစ်နေသည်။
လင်းချွမ်မှာ မီးခိုးရောင်ဘောင်းဘီ အိတ်ကပ်ထဲမှ လိပ်စာကဒ်ကို ထုတ်၍ ရှန်ချန်းချန်းအား လှမ်းပေးလိုက်သည်။
ရှန်ချန်းချန်း ကားကို လမ်းဘေးကပ်ရပ်လိုက်ပြီး လိပ်စာကဒ်အား သေချာကြည့်လိုက်၏။
‘လင်းယုန်နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌ လင်းချွမ်’
“လင်းယုန် နည်းပညာလား”
ရှန်ချန်းချန်း မှင်တက်၍ ပိုနားမလည်နိုင်ပုံဖြင့်
“ရှင် နောက်ထပ်ကုမ္ပဏီထောင်လိုက်တာလား”
လင်းချွမ်ပြုံး၍ ခေါင်းငြိမ့်ပြလိုက်ပြီး
“သူတို့ဆီမလုပ်နိုင်ဘူး ပြောတော့ ဒီလိုမျိုး ကုမ္ပဏီထောင်ပြီး ပူးပေါင်းဖို့ အကြံပေးလာတာလေ။ ကျွန်တော်တို့ဆီက လေ့လာစမ်းသပ်သမျှကို သူတို့ဘက်က စစ်ဆေးပြီး ဝယ်ပေးမှာ။ အဲ့လင်းယုန်ဆိုတဲ့နာမည်လည်း အစ်ကိုစွန်းပဲ ပေးတာ”
ရှန်ချန်းချန်း ကဒ်ကိုကြည့်လိုက်၊ လင်းချွမ်ကို ကြည့်လိုက်နှင့်
“(၂) ရက်အတွင်း ကုမ္ပဏီတစ်ခု ထောင်လိုက်တာလား”
“ဘာမှ သိပ်မဟုတ်ဘူးမလား”
“သိပ်မဟုတ်ဘူးတဲ့လား”
ရှန်ချန်းချန်း ပြန်မေးမိ၏။
“အင်း…”
လင်းချွမ် မေးစေ့ကိုပွတ်လျက် ခဏစဉ်းစားကာ
“အရင်ကလိုဆို ကိစ္စကြီးပါပဲ။ ဒါပေမဲ့ အခုက ကိစ္စကြီးတယ်လည်း မဟုတ်ဘူး ငယ်တယ်လည်း မဟုတ်ဘူး”
“ရှင် ပြောင်းလဲသွားပြီပဲ”
“ဟင်”
လင်းချွမ် အံ့ဩစွာ ပြန်ကြည့်နေသည်။
“ရှင် ချမ်းသာနေပြီလေ။ အရင်ကလိုဆို ကျွန်မတို့ကို ထမင်းတစ်နပ်လောက်တော့ လိုက်ကျွေးရမှာ။ အဲ့လိုဆိုမှ ရှင် ကျွန်မကို အကြွေးရှိတယ်နော်”
“အစကတော့ ကျွန်မတို့ဆိုပြီး ဘာလို့ ကျွန်မပဲ ပြောင်းသွားတာလဲ”
လင်းချွမ် ခပ်ပြုံးပြုံး ပြော၏။
ရှန်ချန်းချန်း ပါးလေးရဲသွားပြီး
“ဒီလိုလေ ရှင်ပဲ စဉ်းစားကြည့်။ ဒီလက်နက်ပြိုင်ပွဲ အကြောင်း ဘယ်သူက ပြောတာလဲ။ ကျွန်မပဲမလား”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“အဲ့တော့ ကျွန်မအနေနဲ့ အခွင့်ထူး ရသင့်တယ်လေ”
လင်းချွမ် ရယ်မောမိလိုက်ပြီး
“ဟုတ်ပါပြီဗျာ။ ထမင်းလိုက်ကျွေးပါ့မယ်”
“ဒီလိုမှပေါ့”
ရှန်ချန်းချန်း သူ့ကိုကြည့်၍
“ဒါနဲ့ ရှင့်ကုမ္ပဏီက အခုမှစတာဆိုတော့ လူတွေ ခန့်ရဦးမယ်မလား”
လင်းချွမ် ခေါင်းယမ်းပြကာ
“မလိုပါဘူး။ ကျွန်တော်နဲ့ ရှင်းရှင်း (၂) ယောက်တည်း လည်ပတ်နိုင်ပါတယ်”
“ရပြီလား။ ဒီလို ကုမ္ပဏီကြီးကို (၂) ယောက်တည်း ဘယ်လို လုပ်မှာလဲ”
လင်းချွမ် သူ့ခေါင်းကို လက်ညှိုးထိုးပြကာ
“ကျွန်တော်တစ်ယောက်တည်း လေ့လာစမ်းသပ်တာတွေ လုပ်လို့ရတယ်လေ။ ရှင်းရှင်းက စာရင်းတွေအတွက် ကူပေးရုံပဲ။ ပြီးရင် အမျိုးသား လက်နက်ဌာနနဲ့ ပူးပေါင်းမှာပဲကို”
“ကောင်းပါပြီရှင်”
ရှန်ချန်းချန်းလည်း လိပ်စာကဒ်ကိုသိမ်းကာ တစ်နာရီ မိုင် (၅၀) နှုန်းဖြင့် ကားဆက်မောင်းလာ၏။
လင်းချွမ်ကတော့ ပြတင်းပေါက်မှတစ်ဆင့် ရှုခင်းများကို ငေးရင်း ပါလာလေသည်။
ပြာလဲ့နေသော ကောင်းကင်အောက်၌ မိုးမျှော်တိုက် အဆောက်အဦများမှာ နေရောင်ခြည်ကို ခံစားရင်း ရွှေရောင်တလက်လက် ထနေ၏။
သူ ပြတင်းမှန်ကို ချလိုက်သောအခါ လေနုအေးများ ဝင်ရောက်လာပြီး သစ်ရွက်စိမ်းရနံ့များဖြင့် လန်းဆန်းသွားစေသည်။
“လင်းချွမ် ကျွန်မအဖေပြောတာတော့ ဒီစက်ရုံရဲ့ အရင်းအမြစ်က ပြိုလဲသွားတာ ကြာပြီတဲ့။ အခု စစ်လက်နက်စက်ရုံ ထောင်မယ်ဆိုတော့ ရန်ပုံငွေကိစ္စ ဘယ်လိုလုပ်မှာလဲ”
ရှန်ချန်းချန်းမှ မေး၏။
“ကျွန်တော် မြို့တော်ဘက်ကို စာတင်ထားပါတယ်”
“ဒါရိုက်တာကျန်း မနေ့က အစည်းအဝေးရှိတာလေ။ အန်လင်းရဲ့ အဓိက တိုးတက်ရေး အာရုံစိုက်နေတာက ခရီးသွားလုပ်ငန်းမှာတဲ့”
ရှန်ချန်းချန်းမှ ပြောပြ၏။
ယခုကိစ္စမှာ လင်းချွမ်တစ်ယောက်တည်း မဟုတ်ဘဲ သူ့အဖေနှင့်လည်း သက်ဆိုင်နေသည်။
ငွေကြေးကိစ္စမှာ သူ့အဖေလည်း မတတ်နိုင်သောကြောင့် လင်းချွမ်ကိုသာ အားကိုးရတော့မည်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် တစ်ခုခု ကြံကြည့်ပါဦးမယ်”
ယခုအခါ လင်းချွမ်တစ်ယောက် စီးပွါးရေးလုပ်ငန်းရှင်ကြီး ဖြစ်နေလေပြီ။
လင်းယုန် နည်းပညာကုမ္ပဏီမှာ အမှန်တော့ အခွံသက်သက်ဖြစ်ပြီး အမျိုးသားလက်နက် ရှာဖွေလေ့လာရေးနှင့် ပေါင်းစည်းရန်သာ ဖြစ်သည်။
ထို့ကြောင့် သိပ်အရေးမကြီးလှပါ။
သူ့အတွက် လက်ရှိ အရေးကြီးနေသည်မှာ စစ်လက်နက်စက်ရုံအတွက် မြို့တော်မှ ရန်ပုံငွေရရန်နှင့် သူ့စာအုပ်အသစ်၏ အောင်မြင်မှုစံနှုန်း ပြည့်မီရန် ဖြစ်သည်။
သူ လက်နက်ပြိုင်ပွဲတွင် လူစိတ်ဝင်စားမှု ခံယူပြီးမှ စာအုပ်ထုတ်ရန် တွေးထားသော်လည်း ယခုအခါ အစီအစဉ် ပြောင်းသွားရလေပြီ။
သူ့ ဒုံးကျည်လောင်ချာမှာ နောက်တစ်ဆင့်လည်း မတက်နိုင်ခဲ့ချေ။
ထို့ကြောင့် စာအုပ်ကိုလည်း ဒီအတိုင်း ထုတ်ဝေလိုက်ရန်သာ ရှိတော့သည်။
လင်းချွမ် အချိန်ပေးစဉ်းစားပြီးမှ ထိုဆုံးဖြတ်ချက်ကို ချလိုက်၏။
လင်းချွမ် အိမ်ပြန်ရောက်သောအခါ ယုယွီအား ချက်ချင်း ဆက်သွယ်လိုက်သည်။
အချိန်မှာ နေ့လယ် (၁၂:၃၀) ဖြစ်၏။
နေ့လယ်စာစားချိန်ပင်။
ယုယွီ ချက်ချင်း စာပြန်လာ၏။
“နောက်ဆုံးတော့ ထုတ်တော့မယ်ပေါ့”
လင်းချွမ် ကွန်ပျူတာရှေ့ထိုင်ရင်း လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားနေသည်။
“ကျွန်တော် ပြက္ခဒိန်ကြည့်လိုက်တာ ဒီနေ့က လပြည့် (၈) ခုပြီးလို့ (၈) ရက်မြောက်နေ့လေ။ စာချုပ်ချု်ဖို့ အကောင်းဆုံးပဲ”
ယုယွီ အံ့ဩစွာဖြင့် ပြက္ခဒိန်ကို လှမ်းကြည့်မိ၏။
[သင့်လျော်သည်များ: လက်ထပ်ထိမ်းမြားခြင်း၊ ခရီးသွားခြင်း၊ အိမ်ပြောင်းခြင်း၊ စာချုပ်ချုပ်ခြင်း၊ ရောင်းဝယ်ခြင်း…]
[ယတြာ: မရှိ]
“တကယ်ကြီးပဲ”
ယုယွီ ပြုံး၍ စာပြန်လိုက်၏။
“ရှင် မန္တန်တွေရော ရွတ်သေးလား”
“ပြက္ခဒိန်ကနေ ရက်ရာဇာကြည့်ရုံပဲ တတ်တာပါ”
လင်းချွမ် ရယ်မော၍ ပြန်ဖြေ၏။
“ဟုတ်ပါပြီ။ ရှင် ပြည်တွင်းပြည်ပပါ ဒီနေ့ ထုတ်မှာလား”
လင်းချွမ် အစက ပြည်တွင်း၌ အဆင်ပြေသော စာအုပ်ဖြစ်၍ ပြည်တွင်း၌သာ ထုတ်ဝေရန် တွေးထားသော်လည်း နိုင်ငံခြား ထုတ်ဝေရေးဌာနမှ ချူဝမ်နင်း၏ အကြံပေးချက်ကြောင့် အင်္ဂလိပ်ဗားရှင်းပါ စီစဉ်ဖြစ်သွားသည်။
“ဟုတ်ပါတယ်”
“ကောင်းပြီ။ အခုပဲ ဝမ်နင်းကို ပြောလိုက်မယ်နော်”
ယုယွီ နေ့လယ်စာကို ဘေးချ၍ ချက်ချင်း အလုပ်ပြေးလုပ်တော့သည်။