← Chapters

ခိုင်းနွား

Vol. 23 Ch. 335

ခိုင်းနွား

Vol. 23 Ch. 335

နိုင်ငံခြားထုတ်ဝေရေး တာဝန်ရှိသူ မန်နေဂျာ ချူဝမ်နင်းမှာ လင်းချွမ်၏ စာအုပ်အသစ် လက်နက်ဝိဇ္ဇာ ထုတ်တော့မည်ဟု ကြားသည်နှင့် အလွန်ပျော်ရွှင်နေတော့သည်။ 

“နောက်ဆုံးတော့ ထွက်လာတော့မှာပဲ”

ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ရုံး။ 

သန့်ရှင်းစင်ကြယ်သော ကြာပန်းလေးများ ရုံးစုနေသကဲ့သို့ ယုယွီနှင့် ဝမ်နင်းတို့ အတူရှိနေကြပြီး ယုယွီမှ

“နိုင်ငံခြား ထုတ်ဝေရေးမှာ ဘယ်လိုအခြေအနေရှိလဲ ဝမ်နင်း”

ချူဝမ်နင်း လက်ချိုးရင်း ရယ်မော၍

“အစီအစဉ်တော့ အကုန်ဆွဲပြီးပြီ။ ဝက်ဘ်ဆိုဒ်တွေမှာ ကြော်ငြာထည့်နေတယ်။ စာအုပ်ထုတ်ဖို့ပဲ ကျန်တော့တာ”

“ပြည်ပမှာလည်း ပရိသတ်တွေတော့ ရှိတယ်မလား”

“ရှိတာပေါ့”

ချူဝမ်နင်း မျက်လုံးအရောင်များ တောက်လျက် စိတ်လှုပ်ရှားစွာဖြင့်

“ဒီစာအုပ်က ပြည်ပမှာ လူကြိုက်များမှာပါ။ ကြော်ငြာ အရမ်းမထည့်ရင်တောင် လင်းချွမ်ရဲ့ အရင်စာအုပ်တွေနဲ့ နာမည်ကြီးဦးမှာပဲ”

ယခုတစ်ခေါက်တွင် ကြော်ငြာလည်း ထည့်ထားသောကြောင့် ပို၍ပင် အောင်မြင်မှု ရရှိဦးမည်။ 

ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် ပြည်ပထုတ်ဝေရေးမှာလည်း ဈေးကွက်တွင် အခိုင်အမာရရှိစေရန် အလျင်အမြန် ကြိုးစားလျက် ရှိ၏။ 

ယုယွီနှင့် ချူဝမ်နင်းတို့ ယုံကြည်ချက်အပြည့်ဖြင့် စာအုပ်အသစ်ကို စတင်ထုတ်ဝေရန် ပြင်ဆင်နေလေသည်။ 

သူတို့လည်း ဝက်ဘ်ဆိုဒ်အောင်မြင်မှုအတွက် မျှော်လင့်နေကြ၏။ 

နေ့လယ် (၃) နာရီဝန်းကျင်၌ ပြင်ဆင်မှုများအားလုံး ပြီးဆုံးသွားလေသည်။ 

မစ္စတာလင်း၏ လက်နက်ဝိဇ္ဇာစာအုပ် ထွက်ရှိလာတော့သည်။ 

…

အရှေ့တောင်အာရှ အာလူးစာအုပ်ထုတ်ဝေရေး။ 

ထိုကုမ္ပဏီမှာ အသစ်ထူထောင်ထားသော နိုင်ငံခြားမှ အွန်လိုင်းဝတ္ထုဝက်ဘ်ဆိုဒ်ဖြစ်ပြီး အခမဲ့ကြော်ငြာဖြင့် ရင်းနှီးမြှုပ်နှံကာ လူထုဖတ်ရှုခြင်းကို လျင်မြန်စွာ ဆွဲဆောင်ထား၏။ 

သို့သော် ထိုဝက်ဘ်ဆိုဒ်တွင် စာရေးဆရာ များများစားစား မရှိသေးချေ။ 

သူတို့ အလုပ်လုပ်ပုံမှာ အလွန် ဒဲ့ဒိုးဆန်နေ၏။ 

တရုတ်နိုင်ငံမှ အချို့ဝက်ဘ်ဆိုဒ်များနှင့် ဆင်တူသည်။ 

ပုံမှန်အားဖြင့် စတော့ဈေးကွက်ကို တရိပ်ရိပ်တက်၍ နာမည်ကြီးဝတ္ထုများ တင်ကာ ကြိုးစားကြ၏။ 

အချို့မှာလည်း နောက်ကွယ်တွင် အရံဝက်ဘ်ဆိုဒ်များ ရှိနေတတ်ကြလေသည်။ 

ထိုည၌။ 

ညမှာ တဖြည်းဖြည်း မှောင်ရီပျိုးလာပြီး လမ်းမီး အလင်းရောင်များ တစ်ခုပြီးတစ်ခု ထွန်းလင်းလာ၏။ အိမ်များမှ မီးရောင်များလည်း အစီအရီ ထွက်ပေါ်ကာ ပန်းချီကားထဲမှ ရှုခင်းနှင့်ပင် တူလေသည်။ 

မီတာ (၁၅၀) ပတ်လည် အဆောက်အဦလေးတစ်ခုတွင် တောက်ပသော မီးရောင်များ လင်းနေပြီး ပတ်ဝန်းကျင်အခြေအနေမှာတော့ သိပ်မကောင်းလှပေ။ ကွန်ပျူတာ (၁၀) လုံးမျှသာ စနစ်တကျ ချထား၏။ 

ထိုနေရာမှာ အာလူး ဝက်ဘ်ဆိုဒ်၏ ရုံးခန်းဖြစ်ပြီး နာမည်ကြီး ဝတ္ထုများကို တရားမဝင် တင်ထားသည့်အတွက် ခမ်းခမ်းနားနား မရှိဘဲ ခပ်မှိုင်းမှိုင်း သာမာန် အဆောက်အဦ၌သာ အခြေချထားသည်။ 

ထိုအချိန်တွင် ရုံးခန်းထဲ၌ ဝန်ထမ်းအချို့တို့ ကွန်ပျူတာများနှင့် အလုပ်လုပ်လျက် ရှိကြသည်။ 

လက်နှစ်ဘက် နောက်ပစ်၍ သွားကြားထိုးတံကို ပါးစပ်တွင်ကိုက်လျက် လူတစ်ဦး လျှောက်လာလေသည်။ 

“အစ်ကိုဟော”

“အစ်ကိုဟော ရောက်လာပြီ”

အခန်းထဲမှလူအချို့ လှမ်းနှုတ်ဆက်ကြသည်။ 

ထိုအစ်ကိုဟောဆိုသူမှာ အာလူးဝက်ဘ်ဆိုဒ်၏ တည်ထောင်သူ ဖြစ်၏။ 

သူ ခေါင်းငြိမ့်ပြ၍ ရုံးခန်းထဲဝင်သွားကာ ကွန်ပျူတာပေါ်မှ အချက်အလက်များကို ကြည့်ရင်း ပြုံးပျော်သွားသည်။ 

သူ လတ်တလော၌ပင် ငါးကြီးကြီး မိထားလေသည် 

ထိုဝတ္ထု (၂) အုပ်သာ အဆင်ပြေပြေ ထုတ်ဖြစ်လျှင် ပိုက်ဆံအလုံးအရင်း ရလေပြီ။ 

“ဟက်ကာလောက” “ရေခဲနက်”

ထိုစာအုပ်များမှာ နိုင်ငံခြားဝတ္ထုဈေးကွက်၌ နာမည်ကြီးနေပြီး ဖတ်ရှုသူ အလွန်များ၏။ 

သူတို့လုပ်ဆောင််ချက် အောင်မြင်လျှင် အရှေ့တောင်အာရှကိုပါ သိမ်းနိုင်သည်။ 

အစ်ကိုဟောမှာ လင်းချွမ်၏ တရုတ်၌ ထုတ်ဝေသော အခြားဝတ္ထုများကိုပါ လေ့လာထားသည်။ 

ထို့နောက် ဘာသာပြန်အပ်၍ အားလုံးစီစဉ်၏။ 

ဤသို့ဖြင့် အချိန်တိုအတွင်း လင်းချွမ်၏ဝတ္ထုများမှာ အာလူးဝက်ဘ်ဆိုဒ်တွင် ထိပ်ဆုံးရောက်ရှိပြီး အရှေ့တောင်အာရှမှ ပရိသတ်များစွာ ရလာတော့သည်။ 

ဒေါက် ဒေါက် ဒေါက်။ 

တံခါးခေါက်သံ ကြားရပြီးနောက် နှုတ်ခမ်းပါးပါး၊ ပါးရိုးချိုင့်ချိုင့်နှင့် ခပ်ပိန်ပိန် အမျိုးသားတစ်ဦး ဝင်လာ၏။ 

“အစ်ကိုဟော သတင်းကောင်း ရှိပါတယ်”

ရုံးခန်းထဲ၌ ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်တင်ရင်း စိတ်အေးလက်အေး ထိုင်နေသော အစ်ကိုဟောမှာ မျက်လုံးကိုသာ လှန်ကြည့်၍

“ဘာသတင်းကောင်းလဲ ဟောက်”

“မစ္စတာလင်း စာအုပ်အသစ် ထွက်ပါပြီ”

ဟောက်ဆိုသူမှ စားပွဲရှေ့တွင် ကိုယ်ကို ညွှတ်ကိုင်း၍ ပြောလိုက်သည်။ 

အစ်ကိုဟောမှာ ချက်ချင်း ခြေထောက်များ ချလိုက်ပြီး ကိုယ်ကိုရှေ့ကိုင်း၍

“ဘာစာအုပ်လဲ”

ဟောက်မှ သူ့ဖုန်းကို ရှေ့သို့တိုးပြလိုက်သည်။ 

အစ်ကိုဟော ယူကြည့်လိုက်သောအခါ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ် နိုင်ငံခြားထုတ်ဝေရေး၏ စာမျက်နှာကို တွေ့ရသည်။ 

သူ အောက်သို့ ဆက်ကြည့်လိုက်သောအခါ ပါးစပ်တွင် ဆေးလိပ်ကိုခဲလျက် ပုခုံး၌ ဒုံးကျည်လောင်ချာ ထမ်းထားသူတစ်ဦးပုံ တွေ့ရသည်။ သူ့အနောက်တွင်လည်း တိုက်ပွဲဖြစ်ထားသကဲ့သို့ မီးခိုးငွေ့များ ရှုပ်ထွေးနေလေသည်။ 

ပိုစတာပေါ်၌ လက်နက်ဝိဇ္ဇာဟူသော စာတန်း ရေးထိုးထားပြီး ညာဘက်အပေါ်ထောင့်၌ မစ္စတာလင်း၊ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ဟု ပါရှိသည်။ 

အစ်ကိုဟော မျက်လုံးအရောင်များလက်၍ 

“လက်နက်ဝိဇ္ဇာ။ နာမည်ကိုက ဆွဲဆောင်မှု ရှိတာပဲ။ မဆိုးပါဘူး”

“ဒါ ပြန်ထုတ်လိုက်ရမလား”

ဟောက်မှ မေးလိုက်၏။ 

“ဘာတွေ စဉ်းစားနေတာလဲ။ အခုချက်ချင်း လှုပ်ရှားတော့လေ”

အစ်ကိုဟောမှ မေးစေ့ကိုသပ်ရင်း ဂုဏ်ယူစွာ ပြောလေသည်။ 

“အခုချက်ချင်း သွားလိုက်ပါ့မယ်”

ဟောက် အမြန်လှည့်ထွက်သွားလေ၏။ 

“နေဦး”

ထိုစဉ် အစ်ကိုဟော တစ်ခုခုသတိရသွားကာ လှမ်းတားလိုက်၏။ 

“ဘာခိုင်းစရာရှိလို့လဲ အစ်ကိုဟော”

“သူ့စာအုပ်ကို အစအဆုံး subscribe လုပ်ပေးလိုက်။ သူလည်း ကြိုးစားပြီး ရေးထားတာဆိုတော့ စာမူခလို့ သဘောထားလိုက်ပေါ့”

အစ်ကိုဟောမှ အသိစိတ်ရှိသကဲ့သို့ ပြောလိုက်သည်။ 

ထိုအခါ ဟောက်မှာ ချက်ချင်း မြှောက်ပင့်လေတော့သည်။ 

“အစ်ကိုဟောက အရမ်း စိတ်ကောင်းရှိတာပဲ”

“မစ္စတာလင်းက ငါ့ခိုင်းနွား ဖြစ်နေပြီလေ။ ဒီလောက်တော့ ပေးမှ မှန်မှာပေါ့ ဟားဟား…”

ရုံးခန်းထဲတွင် အစ်ကိုဟော၏ ရယ်သံဖြင့် ပြည့်နှက်သွားလေ၏။  

All Chapters