ဈေးတက်ရမယ်
Vol. 23 Ch. 336
လင်းချွမ်၏ လက်နက်ဝိဇ္ဇာဝတ္ထုမှာ ထုတ်ဝေပြီးသည်နှင့် ချက်ချင်း လူစိတ်ဝင်စားမှု မြင့်တက်လာ၏။
သူ့ပရိသတ်များမှာ ပြည်တွင်းရော၊ ပြည်ပပါ စုံလင်လှသည်။
လင်းချွမ်၏ စာဖတ်သူအဖွဲ့လည်း ပြန်၍ အသက်ဝင်လာပြီး အချို့ပျောက်နေသူများ ပြန်ပေါ်လာကြ၏။
အမာခံပရိသတ် အစ်ကိုပိုင်နှင့် အဖွဲ့တည်ထောင်သူတို့မှာ လင်းချွမ်စာအုပ်အသစ် ထွက်ကြောင်း ကြော်ငြာပေးနေသည်။
[သံသယရှိသူလင်း နိုးထလာပြီနော်]
[စာအုပ်အသစ် ထွက်နေပြီ။ အကြာကြီး စောင့်လိုက်ရတာ သေတော့မလိုပဲ]
[အစ်ကိုတို့ နောက်ဆုံးတစ်အုပ်ပြီးတာ တစ်လကျော်ပဲ ရှိသေးတယ်လေ။ အဲ့လောက်တောင် မစောင့်နိုင်တော့ဘူးလား]
[တစ်လကျော်လား။ တကယ်ပါပဲ။ ဆယ်စုနှစ်တစ်ခုလောက်တောင် ရှိပြီမှတ်တာ]
[စာအုပ်အသစ်ကရော ဘယ်လိုအကြောင်းပါလိမ့်]
[ကိုယ့်လူတို့ ကျွန်တော် မစ္စတာလင်းရဲ့စာအုပ် အသစ်ကို ဘယ်ကဖတ်နေတယ်ထင်လဲ]
[ခင်ဗျားတို့ ဘယ်မှာလဲတော့ မသိပေမဲ့ ကျွန်တော် အခု ရဲစခန်း ရောက်နေပြီ။ တစ်ခုခုမှားတာနဲ့ တိုင်တော့မှာနော်။ အဲ့တာဆို ပိုက်ဆံအများကြီး ရပြီ]
[အစ်ကိုကတော့ မြန်လိုက်တာ]
[အားလုံး တော်ကြတော့။ ဒီမှာ ပိုက်ဆံရှာလို့ရတဲ့ နည်းအသစ် တွေ့နေပြီ]
[ဘာနည်းလဲ]
[Live လွှင့်တာလေ။ ဆရာက ဘယ်လိုနည်းပညာ အသစ်ရေးရေး အဲ့နည်းနဲ့ ပြန်လွှင့်တာ။ လုံးဝ ပေါက်ဖို့ အာမခံတယ်]
[မိသွားမှာ မကြောက်ဘူးလား]
[ဘာကြောက်စရာ ရှိလဲ။ ဖမ်းမိရင် မစ္စတာလင်းအကြောင်း ပြောပြပြီး ပိုက်ဆံရရင် ကျွန်တော့်အကောင့်ထဲ ဝင်မှာလေ။ ရှယ်ပဲ]
[တကယ့် ပါရမီရှင်ပဲ]
[…]
စာဖတ်သူအဖွဲ့ထဲ၌ စာများစွာ အဆက်မပြတ် ဝင်လာသည်။
လင်းချွမ်မှာ ထိုကောမန့်များဖတ်ရင်း အံကြိတ်နေမိ၏။
အထူးသဖြင့် ထို live လွှင့်သည်ဆိုသူမှာ သူ့ လင့်ခ်ကိုပါ ပို့ပေးနေသေးသည်။ အလွန်ကြောက်စရာ ကောင်း၏။
ဟူး…
လင်းချွမ် သက်ပြင်းချလိုက်မိသည်။
ကံကောင်းစွာဖြင့် သူ အစ်ကိုစွန်းအား အသိပေးထားပြီး ဖြစ်လေသည်။
မဟုတ်လျှင် သူ့ပရိသတ်များလည်း ပြဿနာ ဖြစ်နေပြီ။
…
လင်းချွမ်၏ နိုင်ငံတကာ ပရိသတ်များမှာမူ နိုင်ငံတကာဖိုရမ်၌ စုဝေးရောက်ရှိနေကြသည်။
အန်ဂျလီနာသည် လင်းချွမ်၏ ပြည်ပ အမာခံပရိသတ် တစ်ဦး ဖြစ်၏။ သူ စာအုပ်အသစ်ထွက်ကြောင်း သိရသည်နှင့် ချက်ချင်း တက်ကြွနေတော့သည်။
နောက်ထပ် လင်းချွမ်လှုပ်ရှားမှုများအား စိတ်ဝင်စားသူ ရှိနေပါသေးသည်။
မော်ဂန်အုပ်စု ဖြစ်၏။
မော်ဂန်အုပ်စု၏ အာရှ-ပစိဖိတ်အပိုင်းမှာ အရှေ့တောင်အာရှရှိ မြို့ငယ်လေးတွင် အခြေချထားသည်။
မြင့်မားသော အဆောက်အဦများကြား ပုန်းကွယ်လျက် ထင်ရှားသော အခြေအနေများ မရှိချေ။
တစ်ချက်ကြည့်ရုံဖြင့် သာမာန် ကုမ္ပဏီငယ်လေးဟု ထင်ရသော်လည်း တံခါးတွင် စောင့်နေသော လုံခြုံရေးများမှာ အကြည့်များ အေးစက်နေသည်။
စောင့်ကြည့်ကင်မရာများမှာလည်း နေရာတိုင်း ထောင့်တိုင်းတွင် ရှိပြီး အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်နေ၏။
ထိုအချိန်တွင် အော်ဒီ A8 ကားတစ်စီးမှာ ကုမ္ပဏီဝန်းထဲ ဝင်လာပြီး အမျိုးသမီးတစ်ဦး ကားပေါ်မှ ဆင်းလာသည်။
ထိုအမျိုးသမီးမှာ အလွန်ချောမော၍ သေးသွယ်သော မျက်နှာသည် ယုခီခီနှင့် ဆင်တူလှ၏။ အသက်မှာ အရမ်းမကြီးသေးဘဲ (၂၇) ဝန်းကျင်မျှသာ ရှိလောက်ပြီး အသားအရည်မှာတော့ ဖြူဝင်းနေသည်။
ထိုသူမှာ အခြားမဟုတ်။ ယုခီခီ၏အစ်မ ယုချင်းပင်။
သူ ရုံးခန်းဆီသို့ ကျက်သရေရှိစွာ လျှောက်လှမ်းလာပြီး မော်ဂန်အုပ်စု အာရှ- ပစိဖိတ်အပိုင်း ခေါင်းဆောင် လူးကပ်စ်မှ ထွက်စောင့်နေသည်။
“ပြောဆိုခဲ့တာ အဆင်ပြေလားဗျ”
ယုချင်းကိုတွေ့သည်နှင့် လူးကပ်စ်မှ လှမ်းမေး၏။
“ဆာနီယာလက်နက်ကုမ္ပဏီက နည်းနည်းတော့ ပြင်းထန်တယ်။ ငါတို့မှန်းထားတာထက် ၃၀% လောက် ပိုတောင်းနေတာ”
ယုချင်း ဆိုဖာတွင် ဝင်ထိုင်ရင်း မကျေမနပ် ပြောလိုက်သည်။
ထိုရက်ပိုင်းများတွင် ယုချင်းတစ်ယောက် ဆာနီယာကုမ္ပဏီမှ ထုတ်လုပ်တော့မည့် နောက်ဆုံးပေါ် အဝေးထိန်း ဒုံးကျည်လောင်ချာအား ဝယ်ယူရန် ဆွေးနွေးမှုများ ကိုယ်တိုင် လုပ်ဆောင်နေခဲ့သည်။
ယုချင်း ထိုလက်နက်အတွက် အလွန် အာရုံစိုက်ကာ အားခဲထားလေသည်။
လက်နက်မှာ မည်သူမျှ မရှိသေးသော နည်းပညာကို သုံးထားပြီး စစ်ရေးအတွက် များစွာ အသုံးဝင်၏။ အကွာအဝေးမှာမူ ကီလိုမီတာ (၃၀၀) အထိ သက်ရောက်နိုင်မည်ဟု ကနဦး မျှော်မှန်းထားကြသည်။
ယုချင်းကိုယ်တိုင် ထဲထဲဝင်ဝင် လေ့လာကြည့်သောအခါ ကီလိုမီတာ (၃၅၀) အထိ သက်ရောက်နိုင်ပြီး ထိုအကွာအဝေးမှာ အမေရိကန် ‘HIMARS အဆင့်မြင့်ဒုံးကျည်လောင်ချာထက် (၅၀) ကီလိုမီတာ ပိုသေး၏။
ယုချင်းအစီအစဉ်မှာ ဆာနီယာမှ နောက်ဆုံးပေါ် ဒုံးကျည်လောင်ချာကိုဝယ်၍ ယုခီခီ၏ သေဒဏ်ကို ဖယ်ရှားကာ အရှေ့အလယ်ပိုင်း၌လည်း ပြန်ထုတ်လုပ် ရောင်းချရင်း ခဲတစ်လုံးနှင့် ငှက် (၂) ကောင် ပစ်မည် ဖြစ်သည်။
သို့သော် ယုချင်းရည်ရွယ်ချက်အတိုင်း မဟုတ်ဘဲ ဈေးနှုန်းကို (၃) ဆတိုး၍ ပြောနေ၏။
“၃၀%…”
လူးကပ်စ် ရေရွတ်မိလေသည်။
“လက်နက်ဈေးကွက်မှာ အစ်မက ဆရာကြီးပဲလေ။ ဘယ်လို ဆက်လုပ်မယ်တွေးလဲ”
“ဘာတတ်နိုင်မှာလဲ။ ခီခီ့ကို စီရင်ချက်တောင် ချပြီးနေပြီလေ။ ဒီဈေးအမြင့်အတိုင်းပဲ လက်ခံရတော့မှာပေါ့”
ယုချင်း စိတ်ရှုပ်ထွေးစွာ ပြောလေ၏။
“နောက်ပိုင်းဈေးကိုရော မြှင့်မှာလား”
လူးကပ်စ်မှာ လက်နက်လောကတွင်တော့ ယုချင်းအား ဆရာတင်ထားပါသည်။
ယုချင်း ခဏစဉ်းစား၍
“ဒါပေါ့။ ဝယ်သူဆီ တိုးပေးရင် ပစ္စည်းဈေးလည်း တက်ရမှာပဲ”
လူးကပ်စ် မျက်မှောင်ကြုတ်လျက်
“၃၀% တောင်တိုးရင်… ဒုံးကျည်လောင်ချာဈေးက အရမ်းမမြင့်သွားဘူးလား”
“ပစ္စည်းက ငါတို့ဆီမှာပဲ ရှိတာလေ။ တခြားကမှ မရတာ”
ယုချင်း ခပ်အေးအေး ပြန်ပြော၏။
သူ ယနေ့ ဆွေးနွေးပွဲပြီးသည်နှင့် ကီလိုမီတာ (၃၅၀) သက်ရောက်နိုင်သော အဝေးထိန်းဒုံးကျည်လောင်ချာ ရောင်းချမည့်အကြောင်း အားလုံးကို သတင်းဖြန့်ထားပြီးလေပြီ။
အရှေ့အလယ်ပိုင်းမှ စစ်တပ်အချို့မှာလည်း ဝယ်ယူရန် စိတ်ပြင်းပြနေပြီး ယုချင်းနှင့် မနက်ဖြန် လာတွေ့ကြမည် ဖြစ်၏။
“ကောင်းပါပြီ။ အားလုံး ဆွေးနွေးကြည့်လိုက်ပါ”
လူးကပ်စ် လက်ခံလိုက်ရတော့သည်။
“ငါ ပစ္စည်းရဲ့ ပုံကြမ်းနဲ့ လိုအပ်တဲ့အချက်တွေ ရလာပြီးပြီ။ အခု ခီခီ့ဆီ အထူးချန်နယ်ကနေ လွှဲပေးရမယ်”
ယုချင်း လူးကပ်စ်ကိုကြည့်ကာ ပြောလိုက်သည်။