ဝါသနာ
Vol. 23 Ch. 337
လူးကပ်စ် ခေါင်းငြိမ့်ပြ၍ သူ့လူများကို ချက်ချင်း ဆက်သွယ်လေသည်။
သူတို့ မြေအောက်လောက၌ နေသည်မှာ ကြာပြီဖြစ်၍ လျှို့ဝှက်ချန်နယ်များစွာရှိပြီး ယုခီခီထံ အချက်အလက်ပေးပို့ရန်မှာ မခက်ခဲလှပေ။
သူတို့၏ ဒုံးကျည်လောင်ချာပုံကြမ်းနှင့် အချက်အလက်များဖြင့် ယုခီခီ၏ သေဒဏ်ကို ကယ်တင်ရန်မှာ အရေးအကြီးဆုံး ဖြစ်လေသည်။
ယုချင်းမှာ ထိုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အလွန်ရင်းနှီးနေလေပြီ။
“လင်းချွမ်နဲ့ ပတ်သက်ပြီးတော့ရော သတင်းထူး မရှိသေးဘူးလား”
ယုချင်း ခြေချိတ်ထိုင်လျက် ဆေးလိပ်မီးညှိကာ လက် (၂) ချောင်းဖြင့် ဖွာရှိုက်ရင်း ပြောလိုက်သည်။
“ဘာမှ ထူးထူးခြားခြား လှုပ်ရှားတာတော့ မရှိသေးပါဘူး။ ဒီနေ့ စာအုပ်အသစ် ထွက်တာပဲ ရှိတယ်”
လူးကပ်စ် သူ့တပည့်ထံမှ ရထားသောသတင်းကို ပြန်ပြောပြလိုက်သည်။
ယုချင်း မီးခိုးငွေ့များ ရှိုက်ထုတ်ရင်း
“စာအုပ်အသစ် ထွက်တာက ဘာသတင်းထူးလို့လဲ”
“အဲ့တာဆိုရင် တခြားတော့ ထပ်မရှိပါဘူး”
ရုံးခန်းထဲ၌ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။
ယုချင်း ဆေးလိပ်နှစ်ဖွာခန့် ထပ်ရှိုက်ပြီးမှ
“လင်းချွမ်စာအုပ်အသစ်ဆိုတာ ဘယ်မှာလဲ။ ကြည့်ချင်တယ်”
“ကျွန်တော် ရှာကြည့်လိုက်ပါ့မယ်”
လူးကပ်စ် ချက်ချင်းရှာပြီးနောက်
“စာအုပ်က ပုံစံ (၃) မျိုး ရှိပါတယ်။ တရုတ်လိုနဲ့ ပြည်တွင်းမှာ ထုတ်တာရယ်၊ အင်္ဂလိပ်လိုနဲ့ ပြည်ပမှာ ထုတ်တာရယ်ပါ”
“နောက်တစ်မျိုးကရော”
“ခိုးကူးပါ”
လူးကပ်စ် ရယ်မော၍
“အာလူးကုမ္ပဏီကနေ အရှေ့တောင်အာရှက နာမည်ကြီးဝတ္ထုတွေကို ခိုးကူးပြီး ဝက်ဘ်ဆိုဒ်မှာ ပြန်ရောင်းနေပါတယ်”
ထိုသူမှာ လူအချို့၏အကျင့်ကို ကောင်းစွာ သိနေ၏။
“လူးကပ်စ် ငါ့ကိုလည်း တစ်အုပ်ထုတ်ပေးထား။ လင်းချွမ် ဘာတွေရေးထားလဲ ကြည့်ရမယ်”
ယုချင်း ဆေးလိပ်ပြာချွေရင်း ပြောလိုက်သည်။
သူ ယုခီခီ၏ အွန်လိုင်းစာရေးဆရာတစ်ဦးကို အလုပ်ခန့်ချင်သည်ဟူသော စကားကို မှတ်မိပါသေးသည်။ ထိုစာရေးဆရာမှာ ပြစ်မှုအကြောင်း ရေးသည့်နေရာတွင် အလွန်ထူးချွန်သည် ဆို၏။
သူ မနက်ဖြန်တွင် ဟားစ် စစ်တပ်နှင့်တွေ့ရန်လည်း ရှိသောကြောင့် အန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုပါသည်။
ယခုဝတ္ထုကိုဖတ်ရင်း နောင်တစ်ချိန် အသုံးပြုစရာ ရှိလာနိုင်၏။
မကြာမီ ဝန်ထမ်းလေးတစ်ဦးမှ တက်ဘလက်ဖြင့် ယုချင်းရှေ့ ရောက်လာသည်။
ယုချင်း တက်ဘလက်ကို ကြည့်လိုက်သောအခါ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်နှင့် အာလူးဝက်ဘ်ဆိုဒ် နှစ်ခုလုံး တွေ့ရသည်။ သို့သော် ယုချင်းမှာ အရမ်းတွေးမနေဘဲ တွေ့ကရာတစ်ခု နှိပ်လိုက်၏။
ထို့နောက် မစ္စတာလင်း ကလောင်အမည်ကို ရှာလိုက်သောအခါ ပတ်သက်သည့် စာအုပ်များကို တွေ့ရလေသည်။
လက်နက်ဝိဇ္ဇာဟူသော စာအုပ်အသစ်ကိုတော့ အပေါ်ဆုံး၌ တွေ့ရ၏။
ယုချင်း ဆိုဖာပေါ်မှီလျက် စာအုပ်ခေါင်းစဉ်ကို တွေ့သည်နှင့် အလွန်စိတ်ဝင်စားသွားသည်။
လင်းချွမ်၏ အတ္ထုပတ္တိ ဟုတ်မဟုတ် မသိသော်လည်း ခေါင်းစဉ်နှင့်ပင် ဆွဲဆောင်မှု ရှိပါသည်။
‘ကျွန်တော့်နာမည်က မစ္စတာလင်း’
‘ရှုပ်ထွေးပွေလီလှတဲ့ လောကကြီးမှာ ကျွန်တော့်ကို လက်နက်ဝိဇ္ဇာလို့ သိကြတယ်’
‘မစ္စတာလင်းဆိုတဲ့နာမည်ရဲ့ နောက်ကွယ်မှာ အာဏာ၊ ချမ်းသာမှု၊ နည်းပညာဆိုပြီး တွဲမြင်ကြတယ်’
‘ဒဏ္ဍာရီလို့လည်း တွေးကြတဲ့သူ ရှိတာပေါ့’
‘ကျွန်တော့်ရဲ့ မှိန်ပျတဲ့ နေဝင်ချိန်ခုနှစ်တွေကို ဖြတ်ကျော်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို ပြန်တွေ့ခဲ့တယ်’
‘ပြောပြရင် ဘယ်သူမှတောင် ယုံနိုင်မှာ မဟုတ်ဘူး’
‘ကျွန်တော် အစကတော့ ကလေးကစားစရာ စက်ရုံ ထောင်ထားခဲ့ပေမဲ့ ဆုံးဖြတ်ချက်တစ်ခု ပြောင်းလဲပြီး လက်နက်ထုတ်လုပ်ရေး လမ်းကြောင်းပေါ် ရောက်လာခဲ့တယ်’
‘…’
ယုချင်း လင်းချွမ်၏ဝတ္ထုကို ပထမဆုံး ဖတ်ဖူးခြင်း ဖြစ်ပြီး နိဒါန်းကို ဖတ်ရင်းပင် ပိုစိတ်ဝင်စားလာသည်။
သူ့လက်ထဲမှ ဆေးလိပ်ကို မီးသတ်လိုက်ကာ ဆိုဖာပေါ် မတ်မတ်ထိုင်၍ အသက်ရှူသံများ ငြိမ်သက်လာ၏။
သူ စာအုပ်ကိုဖတ်ရင်း လက်နက်ဝိဇ္ဇာတစ်ဦးမှ လောကကို အုပ်မိုးကြည့်၍ သူ့ဘဝဇာတ်ကြောင်းအား ပြန်ပြောနေသကဲ့သို့ ခံစားရလေသည်။
လင်းချွမ်၏ အရေးအသား စကားလုံးများမှာ ဤမျှအစွမ်းထက်လေ၏။
ယုချင်း အာရုံစိုက်၍ ဆက်ကာဖတ်ကြည့်လိုက်သည်။
‘ကျွန်တော်က သာမာန်မိသားစုကနေပဲ မွေးဖွားလာတာပါ’
‘ဟိုးငယ်ငယ်လေးတည်းက လက်နက်တွေအကြောင်း စိတ်ဝင်စားပြီး ကစားစရာလက်နက်လေးတွေ လုပ်ရရင် ပျော်နေတတ်တယ်’
‘သေချာမှတ်မိတာဆိုရင် အသက် (၈) နှစ်လောက်မှာ ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ အရုပ်သေနတ်နဲ့ ဆော့ရင်း အိမ်နီးချင်းတစ်ယောက်ရဲ့ အိမ်ပြတင်းပေါက်ကို ဖျက်ဆီးမိဖူးတယ်။ အဲ့တာပြီးတောင် ရှယ်အရိုက်ခံရတာပဲ’
‘ဒါပေမဲ့ ကျွန်တော့်ရဲ့ သေနတ်နဲ့ လက်နက်တွေအပေါ် စိတ်ဝင်စားမှုကတော့ လျော့မသွားဘူး။ ပြောရရင် ပိုတောင် စိတ်ဆန္ဒပြင်းပြလာသေးတယ်’
‘’အဲ့လိုနဲ့ ပညာရေးမှာ စိတ်မဝင်စားတော့ဘူး’
‘ကံကောင်းတာက ရူပဗေဒ၊ ဓာတုဗေဒနဲ့ သင်္ချာတွေမှာတော့ အမြဲ အမှတ်ကောင်းလေ့ ရှိတယ်။ ဆရာတွေကတော့ တခြားဘာသာတွေပါ အာရုံစိုက်နိုင်ရင် ပိုကောင်းမယ် ပြောတာပေါ့’
‘ကျွန်တော်ကတော့ အရမ်းမတွေးပါဘူး’
‘တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတော့ သာမာန် တက္ကသိုလ်လေးတစ်ခုကို ဝင်ခွင့်ရသွားတယ်’
‘ကျောင်းတက်နေတဲ့တစ်လျှောက်လုံးတော့ ကျွန်တော့် ဝါသနာဖြစ်တဲ့ လက်နက်အကြောင်းတွေပဲ လေ့လာတာပေါ့’
‘ဒါပေမဲ့ ဝါသနာက ထမင်းမကျွေးဘူးလေ’
‘ဘွဲ့ရပြီးတော့ ခက်ခက်ခဲခဲ အလုပ်ရှာရင်း စက်ရုံတစ်ခုမှာ ခဏဝင်လုပ်တယ်’
‘သိပ်မကြာဘူး။ ကျွန်တော် အရှေ့တောင်အာရှဘက် ထွက်လာပြီး စီးပွါးရေး စလုပ်တာပဲ။ အစပိုင်းတော့ အရုပ်လေးတွေ ရောင်းဝယ်ရင်း တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အရုပ်စက်ရုံအထိ ထောင်နိုင်လာတယ်’
‘…’
ယုချင်း ဖတ်နေရင်း သူ့အဖြစ်နှင့် တူနေသောကြောင့် ပိုစွဲလန်းလာသည်။
သူလည်း ငယ်စဉ်တည်းက လက်နက်များအကြောင်း စိတ်ဝင်စားခဲ့၏။ သို့ရာတွင် သူ့ဘဝမှာ မစ္စတာလင်းလောက်တော့ မဆိုးပေ။
သူ့အဖေမှ အပြည့်အဝအားပေး၍ လက်နက်အကြောင်း သင်ယူစေကာ နောက်ဆုံး ကိုင်တွယ်ရောင်းဝယ်ရေးအထိ အခွင့်အရေး ပေးလေ၏။