← Chapters

ယုညီအစ်မ၏ စိတ်ထား

Vol. 23 Ch. 338

ယုညီအစ်မ၏ စိတ်ထား

Vol. 23 Ch. 338

ယုချင်း အရွယ်ရောက်လာသောအခါ အဖေ့အမွေကို သဘာဝကျကျ ဆက်ခံရင်း လက်နက်ဘုရင်မအဖြစ် မော်ဂန်အုပ်စုမှ စစ်လက်နက်များကို အရှေ့အလယ်ပိုင်းသို့ တင်သွင်းနိုင်ခဲ့သည်။ 

ညီမဖြစ်သူ ယုခီခီမှာတော့ မူးယစ်ဆေးကိစ္စတွင် ပို၍ ပါရမီရှိလေသည်။ 

ထို့ကြောင့် မူးယစ်ဆေးလောက၌သာ ကျင်လည်ခဲ့၏။ 

သို့သော် မထင်မှတ်စွာဖြင့် လင်းချွမ်ထံမှ သုတ်သင်ခြင်း ခံလိုက်ရသည်။ 

ယုချင်းတွေးရင်း ခေါင်းယမ်းမိကာ စာအုပ်ကိုသာ ဆက်၍ ဖတ်လေသည်။ 

‘ဒီအရုပ်စက်ရုံမှာ အဓိကကတော့ လက်နက်တွေကို အစစ်အတိုင်းတူအောင် ထုတ်တာပဲ’

‘အဲ့တာလည်း အရင်က လေ့လာထားတဲ့အခံတွေကြောင့်ပေါ့’

‘မကြာခင်မှာပဲ ကျွန်တော့်ပစ္စည်းတွေကို အရှေ့တောင်အာရှရဲ့ကလေးတွေအနေနဲ့ သတိထားမိလာကြတယ်’

‘ကလေးတွေရဲ့ တောင်းဆိုမှုအများစုက လင်းစက်ရုံကပဲ’

‘တစ်နေ့မှာတော့ ကျွန်တော့်အရုပ်တွေကို စစ်တပ်ကနေ သတိထားမိသွားတယ်’

‘သူ့နာမည်က ကားလ်။ အရှေ့တောင်အာရှရဲ့ အာရက်စစ်တပ်က ဗိုလ်မှူးပေါ့’

‘သူ စိတ်ဝင်စားတဲ့ကစားစရာက P365-AXG ပစ်စတိုလေ။ ကျွန်တော်က အစစ်အတိုင်း ထုတ်လုပ်ထားတော့ မျက်စိကျတာပေါ့’

‘အရုပ်လေးတစ်ရုပ်ပဲဆိုပေမဲ့ အဲ့လိုကနေ ကျွန်တော့်ဘဝကိုပါ ကြီးကြီးမားမား ပြောင်းလဲစေခဲ့တယ်’

‘အဲ့ညက…’

‘ဗိုလ်မှူးကားလ်နဲ့ သူ့တပည့်တွေ အရုပ်စက်ရုံထဲ ရုတ်တရက် စီးနင်းဝင်လာပြီး ထွက်ပေါက်မရှိအောင် ပိတ်ထားကြတယ်’

‘…’

ထိုနေရာအထိ ဖတ်ပြီးသောအခါ ယုချင်း ပြုံးလျက်

“စိတ်ဝင်စားစရာပဲ။ အရုပ်လေးတစ်ခုကနေ ဒီလိုဇာတ်လမ်းဆင်ထားတယ်”

ရုံးခန်းထဲ၌။ 

လူးကပ်စ်မှာ ယုချင်းနှင့် မလှမ်းမကမ်းတွင် ထိုင်နေပြီး သူ့အမူအရာအား ဂရုတစိုက် စောင့်ကြည့်နေ၏။ 

သို့သော် ယုချင်းကို မနှောင့်ယှက်ဘဲ ငေးကြည့်နေလေသည်။ 

ယုချင်းကတော့ ဝတ္ထုကို ဆက်၍ ဖတ်နေပြန်၏။ 

‘အာရက်တပ်ရဲ့ ကျူးကျော်မှုကြောင့် ကျွန်တော်လည်း စိတ်လှုပ်ရှားသွားတယ်’

‘အထူးသဖြင့် ကားလ်က အနက်ရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အသားညိုညို၊ ဗလကောင်းကောင်းနဲ့မို့လို့ ညအမှောင်ကြားက မကောင်းဆိုးဝါးလို ထင်ရတယ်’

‘သူက ကျွန်တော့်လက်ထဲက ပစ်စတိုကို လက်ညှိုးထိုးပြပြီး များများဝယ်ချင်တဲ့အကြောင်း ပြောတယ်’

‘အဲ့လိုနဲ့ တစ်ခါရောင်းပြီး အဆင်ပြေတဲ့အခါ ကားလ်က တခြားလက်နက်တွေပါ ထပ်မှာရင်း စရံငွေများများ ချသွားတယ်’

‘ကျွန်တော်နဲ့ ရေရှည်လက်တွဲသွားဖို့ မျှော်လင့်ကြောင်းလည်း ပြောတယ်’

‘သူနဲ့ အလုပ်သေချာလုပ်ရင်းနဲ့မှ သူ ယူနေကျ အရှေ့တောင်အာရှက ကုမ္ပဏီမှာ ဈေးတွေ အရမ်းတက်ပြီး ပစ္စည်းရှားတော့ သူကိုယ်တိုင် တည်ထောင်ချင်တယ်လို့ ပြောတယ်’

‘ကျွန်တော်ကတော့ သူ့လူပေါ့’

‘အဲ့လိုနဲ့ သူ အောင်မြင်သွားတယ် ဆိုပါတော့’

‘ကားလ်ရဲ့ အမှာစာတွေနဲ့အတူ ကျွန်တော် P365-AXG ပစ်စတိုကို ထုတ်လုပ်ခဲ့တယ်’

‘ပစ်စတိုက ရိုးရိုးပုံစံပါပဲ။ အခုထိလည်း ကျွန်တော် အသေးစိတ်ကို မှတ်မိနေတုန်းပဲ’

သူ ဆက်၍ဖတ်ကြည့်သောအခါ ပစ်စတို ထုတ်လုပ်ပုံများကိုပါ ရေးထားလေသည်။ 

‘ပထမအဆင့်က အပြင်အခွံ လုပ်ရတယ်’

‘ပစ်စတိုအခွံကို အလူမီနီယမ်ပေါင်းစပ်သတ္ထုနဲ့ ထုတ်ထားပြီး ကျွန်တော် စမ်းသပ်နေရင်း တစ်ခုခု မှားသွားမှာစိုးလို့ စိတ်လှုပ်ရှားနေခဲ့တာကို မှတ်မိပါသေးတယ်’

‘ကံကောင်းချင်တော့ ကျွန်တော့်အရည်အချင်းကလည်း မဆိုးပါဘူး’

‘အခွံပြီးသွားတာနဲ့ ဒုတိယအဆင့် ရောက်လာပြီ’

‘…’

လင်းချွမ် ထုတ်လုပ်ပုံနှင့် အခြားသက်ဆိုင်သော အချက်အလက်များကို အသေးစိတ် ရေးထားလေသည်။ 

ဥပမာ အခွံအခေါင်းပေါက်ကို သံချေးတက်ခြင်းမှ ကာကွယ်ရန်၊ အပေါ်ယံ လက်ကိုင် ပြုလုပ်ရန် စသဖြင့် တစ်ခုချင်းစီကို ရှင်းလင်းထား၏။ 

အချို့ အရေးကြီးအချက်များကိုတော့ အနည်းငယ် ဖယ်ထုတ်ထားပါသည်။ 

မဟုတ်လျှင် စာအုပ်အမည်ကိုပါ ပြောင်းရတော့မည်။ 

ယုချင်းမှာ ကိုယ်ကိုပို၍ မတ်လိုက်ပြီး အလွန်စိတ်ဝင်စားစွာ ဖတ်ရှုနေလေ၏။ 

သူကိုယ်တိုင်လည်း ထိုလက်နက်ထုတ်လုပ်ရေး အကြောင်းနှင့် အလွန်ရင်းနှီးပြီး ဖြစ်ပါသည်။ 

သူ နားမလည်နိုင်သည်မှာတော့ လင်းချွမ် ထိုသို့ စစ်လက်နက်စက်ရုံအကြောင်းကို အသေးစိတ် သိနေခြင်း ဖြစ်၏။ 

စာကြောင်းများဖြင့် လူတစ်ဦး၏စိတ်ကို ဆွဲဆောင်ရန်မှာ အလွန်ခက်ခဲပါသည်။ 

သို့သော် လင်းချွမ်၏ အရေးအသားမှာ ရှင်းလင်း၍ နားလည်လွယ်၏။ 

လက်နက်ထုတ်လုပ်ခြင်းသာမက စက်ရုံသုံး ပစ္စည်းများအကြောင်း၊ လုပ်ငန်းစဉ်အကြောင်းတို့ကို အတိအကျ ရေးသားထားလေသည်။ 

ထိုအချိန်တွင် ယုချင်း လင်းချွမ်၏ နောက်ခံကို အတော်လေး သံသယဝင်နေပြီဖြစ်၏။ 

သူ တကယ်ပဲ အွန်လိုင်းစာရေးဆရာ ဟုတ်ရဲ့လား။ 

စာအရေးအသားအရ သူ့အဆင့်မှာ လက်နက် ကျွမ်းကျင်သူ ဖြစ်လေသည်။ 

“ဒီလိုလား”

ယုချင်း တစ်ယောက်တည်း ရေရွတ်မိ၏။ 

“ဘာလို့လဲ”

လူးကပ်စ်မှ လှမ်းမေးလိုက်သည်။ 

ယုချင်း သက်ပြင်းချကာ

“ယုခီခီ သူ့ကိုစွဲလန်းနေတာ မဆန်းပါဘူး။ အဖွဲ့ထဲတောင် ခေါ်ထည့်ချင်နေတာလေ။ လင်းချွမ်က တကယ် အင်အားကြီးတာပဲ”

လူးကပ်စ်အမူအရာ ချက်ချင်း ပြောင်းသွားပြီး

“အစ်မရော ကိုကိုးလို တွေးနေတာတော့ မဟုတ်ပါဘူးနော်။ အရမ်းအန္တရာယ်များတယ်”

“ငါ ဘာတွေးနေတယ် ထင်လို့လဲ”

ယုချင်း ပြန်မေးလိုက်၏။ 

“အစ်မတို့ ညီအစ်မ (၂) ယောက်လုံး တကယ် ရူးတာပဲ။ ကိုကိုးက လင်းချွမ်ကြောင့် ဒုက္ခရောက်ပြီးပြီကို။ သူ့ကိုထပ်ခေါ်ရင် ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်ဘူးလား”

လူးကပ်စ်မှ သတိပေးလေ၏။ 

ယုချင်း ပြုံးလျက်

“ပြောရရင် သူက လက်နက်ဝိဇ္ဇာလေ”

“မဟုတ်သေးဘူး”

လူးကပ်စ်စကား အမြန်ဝင်ဖြတ်၍

“အဲ့လို အန္တရာယ်ရှိတဲ့အတွေးတွေ ဖယ်လိုက်ပါဗျာ”

ယုချင်းမှာ အေးစက်စူးရှစွာ စိုက်ကြည့်ရင်း

“သူ့ကို ချီးကျူးတာက မြှောက်စားမယ်လို့မှ မဟုတ်တာ”

“အဲ့တာဆို တော်ပါသေးတယ်။ ကိုကိုးလို ရူးသွားပြီ ထင်တာ”

လူးကပ်စ် ထိုအခါမှ သက်ပြင်းချနိုင်လေ၏။ မဟုတ်လျှင် ယုညီအစ်မမှာ တစ်ယောက်ပြီး တစ်ယောက် ဒုက္ခရောက်တော့မည်။ 

All Chapters