← Chapters

လမ်းခွဲတော့မှာလား

Vol. 23 Ch. 340

လမ်းခွဲတော့မှာလား

Vol. 23 Ch. 340

ယုချင်းမှာ ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းငြိမ့်ပြလျက်

“သိတာပေါ့”

“ခင်ဗျားဈေးက အဲ့လောက်ကြီးဆိုရင်တော့ ကျွန်တော်တို့လည်း လက်မခံနိုင်ဘူးဗျ”

လီယို ခပ်အေးစက်စက် ပြန်ပြောလိုက်သည်။ 

“ဈေးကြီးတာက အကြောင်းအရင်း ရှိတယ်လေ”

ယုချင်း ပြုံး၍ ဆက်ရှင်းပြ၏။ 

“မစ္စတာလီယိုလည်း သိတဲ့အတိုင်းပဲ။ လက်နက် ရောင်းဝယ်ရေးတွေက ဒီတစ်လော ခက်ခဲနေတာ။ ကျွန်မတို့ ဒီအဝေးထိန်း ဒုံးကျည်လောင်ချာ ဖြစ်လာဖို့ (၅) နှစ်လောက်အချိန်ပေးပြီး အများကြီး ကြိုးစားအားထုတ်ခဲ့ရတာလေ။ ကျွန်မတို့ဆီက လောင်ချာက HIMARS ထက် (၅၀) ကီလိုမီတာ ပိုသက်ရောက်နိုင်ရုံတင်မကဘူး။ ပိုအင်အားကြီးပြီး တိုက်ခိုက်တဲ့နေရာမှာလည်း တိကျတယ်”

လီယို တိတ်ဆိတ်သွား၏။ 

ထို့နောက် သူ့လက်ထဲမှ ဝိုင်ခွက်ကို စိုက်ကြည့်ရင်း ဝိုင်နီနီရဲရဲမှာ မီးရောင်အောက်တွင် တလက်လက် ထနေပြီး သူ အရမ်းသောက်ချင်လာ၏။ 

သို့သော် ဝိုင်မှာ အလွန်ဈေးကြီးလှသည်။ 

ယုချင်း၏ အဝေးထိန်းဒုံးကျည်လောင်ချာကဲ့သို့ပင်။ 

ဟားစ်စစ်တပ်မှာ ပိုမိုအင်အားတောင့်တင်းသော တပ်ဖွဲ့ဖြစ်လာရန် ထိုကဲ့သို့ အဆင့်မြင့် ဒုံးကျည်လောင်ချာများစွာကို အရေးပေါ် လိုအပ်နေ၏။ အကွာအဝေး ကီလိုမီတာ (၃၅၀) နှင့် ပိုအားကောင်း၊ ပိုတိကျသည့် ပစ်အားတို့မှာ သေချာပေါက် သူတို့အတွက် ထိပ်တန်းရွေးချယ်မှု ဖြစ်လေသည်။ 

သို့ရာတွင် ဒေါ်လာ (၁၀) သန်းဟူသော ပမာဏမှာ ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေ၏။ 

ထိုတစ်ခုတည်းနှင့် ပိုက်ဆံများစွာ ကုန်ကျပြီးလျှင် အခြားလက်နက်များ ထပ်ဝယ်ရန် ရှိသေးလေသည်။ 

ထို့နောက် ပျက်စီးသော အစိတ်အပိုင်းများ အစားထိုးခြင်း၊ ပြုပြင်ခြင်းနှင့် အထွေထွေကုန်ကျစရိတ် ထပ်ပေါင်းလျှင် အကြမ်းဖျင်း ဒေါ်လာ သန်း (၂၀) အထိ ကျသွားနိုင်၏။ 

သူတို့အစက အတွဲလိုက်အစုံ (၃) စုံယူရန် တွေးထားပြီး ထိုဈေးနှင့်ဆိုလျှင် သန်း (၆၀) ဖြစ်နေကာ မျှော်မှန်းထားသည်ထက် ကြောက်စရာကောင်းလောက်အောင် ပိုနေပါသည်။ 

“မစ္စတာလီယို ဘယ်လိုလဲ”

ယုချင်းမှာ ခပ်ပါးပါးလေးပြုံးလျက် ဆွေးနွေးပွဲကို ထိန်းချုပ်ထားသလို ပြောလေသည်။ 

အမှန်ပင် သူချုပ်ကိုင်နိုင်သည့်ပွဲ ဖြစ်နေ၏။ 

လက်နက်ရောင်းဝယ် ညှိနှိုင်းရေးများတွင် သူ အမြဲတမ်း ခိုင်မာစွာ စတင်လေသည်။ 

“ဈေးလေးနည်းနည်းလောက် မညှိပေးနိုင်တော့ဘူးလား”

လီယို သက်ပြင်းချကာ မေးလိုက်၏။ 

ယုချင်း ခေါင်းကို ခပ်ဖြည်းဖြည်း ယမ်းလျက်

“မစ္စတာလီယိုကတော့လေ။ ကျွန်မတို့ မိတ်ဆွေမိတ်ဖက်ဖြစ်လာတာလည်း နှစ်တွေ ဒီလောက် ကြာနေပြီ။ ကျွန်မပေးတဲ့ဈေးက အမြဲ အဖြစ်နိုင်ဆုံး ညှိပြီးသား၊ လျှော့ပြီးသားပါ”

မှန်ပါသည်။ လီယို ယုချင်းထံမှသာ ပုံမှန်် ဝယ်နေကျဖြစ်၏။ 

သို့သော် ပုံမှန်ဝယ်နေကျတွင်လည်း အကန့်အသတ် ရှိပါသည်။  

စီးပွါးရေးက စီးပွါးရေး၊ ရင်းနှီးမှုက ရင်းနှီးမှု ဖြစ်လေသည်။ 

လီယိုနှင့် ယုချင်းတို့ အချင်းချင်း အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံး လီယိုမှာ ရယ်မောလျက်

“ယု ကျွန်တော်တို့ ဒီပူးပေါင်းမှုကို သေချာပြန်စဉ်းစားဖို့ လိုနေပြီ”

သူ နောက်ဆုံး ဒုံးကျည်လောင်ချာကိစ္စတင် မကဘဲ အရှေ့ကပြောခဲ့သည့် အခြားလက်နက်ကြီးများကိုပါ ဆိုလိုခြင်း ဖြစ်သည်။ 

ယုချင်းမှာ ထိုရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီးသကဲ့သို့ ပြုံး၍ 

“မစ္စတာလီယို ရှင် ပြန်ဆက်သွယ်လာမှာကို အမြဲ စောင့်နေပါမယ်ရှင့်”

“ကောင်းပါပြီ။ နှုတ်ဆက်ပါတယ်ဗျ”

လီယို မတ်တပ်ထရပ်ကာ တစ်ချက်လှည့်မကြည့်ဘဲ အခန်းထဲမှ ထွက်သွားတော့သည်။ 

ထိုအခါမှ သူ့ဘော်ဒီဂတ်နှစ်ဦးလည်း အနောက်မှ လိုက်သွားကြ၏။ 

ဘုံး!

အခန်းတံခါးမှာ ခပ်ကြမ်းကြမ်း ပိတ်သွားလေသည်။ 

တစ်ဖက်တွင် ယုချင်းလက်ထောက်မှ မနေနိုင်တော့ဘဲ ဝင်မေးလိုက်၏။ 

“မစ္စတာလီယိုက ကျွန်မတို့ဈေးနှုန်းကြောင့် တုံ့ဆိုင်းသွားတာလား”

“ဒါပေါ့”

ယုချင်း ခပ်အေးအေးသာ ပြန်ဖြေလိုက်သည်။ 

“ဒါဆိုရင် ဘာလို့…”

လက်ထောက်လေးမှာ ထပ်မေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် တွေဝေသွားပြီး ဆက်မမေးရဲတော့ချေ။ 

ယုချင်း ပြုံးလျက်

“မင်းလည်း ညှိနှိုင်းဆွေးနွေးမှုတွေမှာ အတွေ့အကြုံ ရှိတာပဲ။ ငါ သူတို့အခြေအနေကို စုံစမ်းပြီးသား။ ဟားစ်စစ်တပ်က ဒီဒုံးကျည်လောင်ချာကို အရေးတကြီး မဖြစ်မနေ လိုနေတာ။ သေချာပေါက် ပြန်လာလိမ့်မယ်”

“တခြားသူတွေမှာ မရှိကြဘူးလား”

လက်ထောက်လေးမှ မေး၏။ 

ယုချင်း ဂုဏ်ယူစွာဖြင့် ထိုလက်ထောက်၏ ပုခုံးကိုပုတ်လျက်

“သူတို့အခြေအနေနဲ့ HIMARS ဆီက မဝယ်နိုင်သလို ဘာပဲဖြစ်ဖြစ် အဲ့ထက် ပိုကောင်းတာက ဒီလောင်ချာပဲ။ အဲ့တာကလည်း ငါတို့ဆီမှာပဲ ရှိတာ”

လက်ထောက်လေးမှာ တဖြည်းဖြည်း သဘောပေါက်သွား၏။ 

သို့သော် စိုးရိမ်စွာဖြင့်

“ဈေးက သူတို့ မတတ်နိုင်လောက်အောင် မြင့်နေရင်ရော”

“ဒီလို အဆင့်မြင့်လက်နက်မျိုးကို ငါ့ဆီမှာပဲ ရနိုင်တာ သေချာသဘောပေါက်သွားရင် ပြန်လာပါလိမ့်မယ်။ အဲ့တော့မှ သဘောထားကြီးစွာနဲ့ (၁) သန်း၊ (၂) သန်းလောက် လျှော့ပေးလိုက်တာပေါ့။ သူတို့ ပျော်မြူးပြီးတောင် လက်ခံဦးမယ်”

ယုချင်း ဝိုင်တစ်ငုံမျှသောက်ရင်း ပြောလိုက်သည်။ 

သူ့ရောင်းဈေးအမှန်မှာ ဒေါ်လာ (၈) သန်းဖြစ်ပြီး ထိုအတိုင်း ပြောလိုက်လျှင်လည်း ဟားစ်ဘက်မှ လက်ခံမည် မဟုတ်ချေ။ 

ထို့ကြောင့် အစပိုင်း ကြိုဈေးတင်ထားပြီးမှ ပြန်လျှော့ပေးခြင်းသည် ညှိနှိုင်းဆွေးနွေးမှုများ၌ ပိုလွယ်ကူစေ၏။ 

“တော်လိုက်တာ”

လက်ထောက်လေးမှာ လေးစားစွာ ကြည့်ရင်း ပြောလိုက်သည်။ 

ယုချင်းမှ ယုံကြည်ချက်အပြည့်ဖြင့်

“ခီခီ့ဆီကို ပုံကြမ်းတွေ ပို့လိုက်ပြီလား”

သူပြောသည့်ပုံကြမ်းမှာ ဆာနီယာမှ တီထွင်ထားသည့် အဝေးထိိန်း ဒုံးကျည်လောင်ချာ ဖြစ်လေသည်။ 

ယုခီခီအသက်ကို ကယ်တင်ရန်အတွက် လျှို့ဝှက်လမ်းကြောင်းမှ ပို့ထားခြင်း ဖြစ်၏။ 

လက်ထောက်မှာ ချက်ချင်း ခေါင်းငြိမ့်ပြ၍

“အားလုံး စီစဉ်ပြီးပါပြီ။ အစ်မခီခီဘက်က ခွင့်ပြုချက် ရတာနဲ့ ကျွန်မတို့ တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလု့ရအောင် ဆက်လုပ်သွားမှာပါ”

“ကောင်းပါပြီ”

ယုချင်း ခေါင်းငြိမ့်ပြလိုက်သည်။ 

ထို့နောက် အစည်းအဝေးခန်းမှ ပြန်ကာ ဝတ္ထုဆက်၍ ဖတ်နေတော့၏။ 

…

လီယို အခန်းထဲမှ ထွက်လာပြီးနောက် ဒေါသတကြီး ဆဲဆိုလျက်

“ချီးပဲ။ ဒေါ်လာ (၁၀) သန်းတဲ့။ မော်ဂန်အုပ်စုက တော်တော် ပြောရဲတာပဲ”

“ဆရာ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

ဘေးမှအတူလိုက်လာသော ဝန်ထမ်းလေးမှ မေး၏။ 

“ဘာတတ်နိုင်မှာလဲ။ တခြားကုမ္ပဏီ ရှာရမှာပေါ့”

လီယို အေးစက်စွာ ပြောလိုက်သည်။ 

ဟားစစ်တပ်မှာ မော်ဂန်အုပ်စုနှင့် လက်နက်ကိစ္စတွင် ရေရှည် လက်တွဲခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြဿနာများ ရှိလာ၏။ 

“ဒုံးကျည်လောင်ချာ ရောင်းနိုင်တဲ့သူတွေ ရှိတော့ ရှိမှာပါ”

ဝန်ထမ်းလေးမှ သက်ပြင်းချ၍ ပြောလိုက်သည်။ 

ဟင်း…

လီယိုလည်း သက်ပြင်းချမိပြီး ကောင်းကင်အား မော့ကြည့်နေလေသည်။ 

ကောင်းကင်ကြီးမှာ မည်းနက်မှောင်မိုက်၍ လမင်းကြီးမှာ ဤည ခွင့်ယူထားသောကြောင့် ကြယ်ရောင် မှိန်ပျပျသာ ရှိသည်။ လေထုမှာတော့ နေအပူရှိန် ပြင်းထန်ထား၍ ယခုအချိန်အထိ နွေးထွေးနေဆဲ ဖြစ်လေသည်။ 

အခြား လက်နက်ရောင်းသူများမှာလည်း ထိုဆွေးနွေးမှုအကြောင်း ကြားထားလျှင် လွယ်လွယ်ကူကူ လက်ခံကြမည် မဟုတ်ချေ။ 

“ငါတို့ တကယ်ပဲ မော်ဂန်အုပ်စုနဲ့ လမ်းခွဲလိုက်တော့မှာလား”

လီယို အခြေအနေကို လက်မခံနိုင် ဖြစ်နေ၏။ 

သူ့တာဝန်မှာ လက်နက်ရေးရာကို ဝယ်ယူထောက်ပံ့ရန် ဖြစ်ပြီး နောက်ဆုံးပေါ်ဒုံးကျည်လောင်ချာသည် အလွန်အရေးပါလေသည်။ 

မော်ဂန်အုပ်စု၏ ယနေ့အပြုအမူမှာ သူတို့ကို လုံးဝ အလျှော့ပေးမည့်ပုံ မပေါ်ချေ။ 

All Chapters