စာအုပ်ကြော်ငြာ
Vol. 23 Ch. 341
သူတို့ မတတ်နိုင်ဘဲ လက်ခံရလျှင်တော့ အလွန် နာကျင်ဖွယ်ရာ ဖြစ်တော့မည်။
“ကားထဲ အရင်ဝင်လိုက်ပါ”
ဝန်ထမ်းလေးမှ ပြောလိုက်သောအခါ လီယို ခေါင်းငြိမ့်ပြ၍ ကားထဲဝင်သွား၏။
ဤသို့ဖြင့် ကားလေးမှာ နီယွန်မီးရောင်များအောက်မှ လမ်းမပေါ်တွင် ခပ်ငြိမ်ငြိမ် ရွေ့လျားလာသည်။
“ကားရပ်လိုက်”
လီယို ရုတ်တရက် ထအော်၏။
ကားပြတင်းမှန်မှတစ်ဆင့် ကြီးမားသော LED မျက်နှာပြင်ကိုတွေ့ရပြီး သူ အလွန် စိတ်ဝင်စားသွားသည်။
အတိအကျဆိုရသော် ထိုမျက်နှာပြင်မှ စကားလုံးကြောင့် ဖြစ်လေသည်။
လက်နက်များ။
…
အရှေ့တောင်အာရှနှင့် တရုတ်ပြည်မမှာ ၁-၂ နာရီဝန်းကျင် အချိန်ကွာခြားမှုရှိပြီး တရုတ်တွင်လည်း ညအချိန် ဖြစ်ပါသည်။
ထိုအချိန်မှာ လင်းချွမ်စာအုပ်သစ် လက်နက်ဝိဇ္ဇာ ထုတ်ဝေပြီး (၂) ရက်မြောက် ဖြစ်၏။
မိုတုမြို့၊ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် ရုံး။
အယ်ဒီတာယုယွီမှာ အခုထိ အလုပ်မှမပြန်ရသေးချေ။
လင်းချွမ်စာအုပ် ထုတ်ပြီးသည်နှင့် ကျန်အလုပ်များကို ဆက်စီစဉ်နေရသေးသည်။
ထိုထဲတွင် ကြော်ငြာကဏ္ဍ၊ အညွှန်းကဏ္ဍတို့ ပါဝင်ပြီး ပလက်ဖောင်းများစွာ ရောက်ရှိနိုင်ရန် ကြိုးစားရပါသည်။
ထို့အပြင် နိုင်ငံတကာအထိ ရင်းနှီးမြှုပ်နှံရပြီး သက်ရောက်မှုမှာလည်း ထင်ရှား၏။
ထိုညပိုင်း (၉) နာရီကျော် အချိန်။
ယုယွီ လေးလံထိိုင်းမှိုင်းသော ခြေလှမ်းများဖြင့် ထိုင်ခုံနေရာမှထကာ နားနေခန်းတွင် ကော်ဖီထိုင်သောက်နေသည်။
ထို့နောက် ပြင်ပရှုခင်းများကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ရင်း လန်းဆန်းအောင် လုပ်နေ၏။
သူ ဝတ္ထုကြော်ငြာရေးရန်အတွက် အလုပ်များ ရှိနေသေးလေသည်။
“ယုယွီလည်း ရှိနေတာကိုး။ တိုက်ဆိုင်လိုက်တာ”
ရင်းနှီးနေသော အသံလေးနှင့်အတူ ဒေါက်ဖိနပ်သံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။
ယုယွီ လှည့်ကြည့်လိုက်ပြီး
“ဝမ်နင်း အခုထိ အလုပ်မဆင်းသေးဘူးလား”
“လင်းချွမ်ရဲ့ အယ်ဒီတာဖြစ်တဲ့ ရှင်တောင် အလုပ်ရှုပ်နေသေးတာ။ ကျွန်မက ဘယ်ပြန်ရဲပါ့မလဲ”
ကုတ်အင်္ကျီခပ်ပွပွ ဝတ်ထားသော ချူဝမ်နင်းတစ်ယောက် ယုယွီမျက်နှာချင်းဆိုင်၌ ဝင်ထိုင်ရင်း ပြောလိုက်သည်။
ပုံမှန်အားဖြင့် အယ်ဒီတာများမှာ ကုမ္ပဏီတွင် အချိန်ပို ဆင်းလေ့မရှိချေ။ အိမ်၌သာ အလုပ်လုပ်ကြပါသည်။
သို့သော် ယခုရက်ပိုင်းတွင်တော့ ယုယွီတစ်ယောက် ချွင်းချက်အနေဖြင့် ကုမ္ပဏီ၌ မနေမနား အချိန်ပို ဆင်းနေရ၏။
သူကိုယ်တိုင်လည်း လင်းချွမ်အတွက် ဖြစ်သောကြောင့် ကိုယ်တိုင် စိတ်ပါ၍ ဖြစ်လေသည်။
“လင်းချွမ်ရဲ့စာအုပ်နဲ့ ကျွန်မ လုပ်ဆောင်ရည်ရော တိုးတက်ကြောင်း ပြချင်တာလေ”
ယုယွီ စနောက်သလိုလေး ပြောလိုက်သည်။
“တကယ်ပဲ လုပ်ဆောင်ရည်ကြောင့် ဟုတ်လို့လား”
ချူဝမ်နင်း ရယ်မော၍ ပြန်ပြော၏။
“လုပ်ဆောင်ရည်ကြောင့် မဟုတ်ဘဲ ဘာရှိသေးလို့လဲ”
ယုယွီ ကော်ဖီတစ်ကျိုက်မော့ကာ ပြန်မေးလိုက်သည်။
“လူတစ်ယောက်အတွက်ပေါ့”
ချူဝမ်နင်းမှ ထပ်စ၏။
“လုံးဝ မဟုတ်ပါဘူးနော်”
ယုယွီ ချက်ချင်း ပြန်ငြင်းလေသည်။
“သတင်းတွေကြား…”
“တော်လောက်ပြီ”
ယုယွီ စကားကို အတင်းဖြတ်ပြောလိုက်၏။
“ကောလာဟလတွေက ဒီအတိုင်း လျှောက်ပြောနေကြတာပဲ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ထားပါတော့”
ချူဝမ်နင်း အားရပါးရ ရယ်မော၍ ယုယွီကို တစ်ချက်ကြည့်ကာ
“လင်းချွမ်ကဖြင့် ဘယ်လိုဂရုစိုက်ပေးရမလဲတောင် သိတာမဟုတ်ဘူး။ အခု ရာသီဥတု အေးလာပြီလေ။ နည်းနည်း နွေးထွေးမပေးဘူးလား”
“သူက အဲ့လိုနွေးထွေးတတ်တဲ့သူမှ မဟုတ်တာ”
ယုယွီ ပြန်ပက်လိုက်၏။
“ဒါဆို ဘယ်လိုလူမျိုးလဲ။ လူဆိုးလေးလား”
ချူဝမ်နင်း ဆက်စနေပြန်သည်။
ယုယွီ ရုတ်တရက် ထိုညကို သတိရသွား၏။
သူ့အိမ်ဧည့်ခန်းရှိ ဆိုဖာတွင် လင်းချွမ် လိုက်အိပ်ခဲ့စဉ်က သူ့ကို လူဆိုးဖြစ်ရန် မျှော်လင့်ဖူးလေသည်။
သို့သော် ချူဝမ်နင်းရှေ့တွင် ဟန်ဆောင်၍ ဖြေလိုက်ရ၏။
“ကျွန်မက အဲ့တာ ဘယ်လိုလုပ် သိမှာလဲ”
ချူဝမ်နင်း ထပ်မစတော့ဘဲ ပြုံးလျက်
“ဒီရက်ပိုင်း ကျွန်မတို့ ကြိုးစားခဲ့တာက အရာတော့ ထင်တယ်နော်”
ယုယွီ မျက်လုံးအရောင်လေး တောက်သွားပြီး
“နိုင်ငံခြားဘက်မှာရော အခြေအနေ ဘယ်လိုလဲ”
“မှန်းကြည့်လေ”
“Subscription (၁) သောင်းလား”
ယုယွီ ခန့်မှန်းကြည့်လိုက်၏။
ပြည်တွင်းတွင်တော့ သူတို့ ပိုက်ဆံ သေချာသုံး၍ ကြော်ငြာအားကြောင့် (၂) ရက်အတွင်း (၁) သောင်းခွဲအထိ ရရှိကာ နံပါတ် (၁) ရောင်းအားအကောင်းဆုံးစာရင်း ဝင်နေလေပြီ။
မကြာမီအချိန်အတွင်း (၃) သောင်း ပြည့်တော့မည် ဖြစ်သည်။
ဤမျှ အောင်မြင်မှုမှာ ကြောက်ခမန်းလိလိ ဖြစ်လေ၏။
ချူဝမ်နင်း ခေါင်းယမ်းပြ၏။
“မရောက်သေးတာလား။ ကျော်သွားပြီလို့ ပြောချင်တာလား”
ယုယွီ လန့်ဖျပ်စွာ ပြန်မေးလိုက်သည်။
“ကျော်သွားတာပေါ့”
ချူဝမ်နင်း ပြုံး၍ ပြောလိုက်သည်။
“ဘယ်လောက်တောင်လဲ”
ယုယွီ ကိုယ်လေးကိုင်းလျက် မေး၏။
ချူဝမ်နင်းမှာ ဂုဏ်ယူစွာ ပြုံးလျက်
“(၂) သောင်းလောက်ပေါ့”
“ဟင်”
ယုယွီ သူ့နားသူပင် မယုံနိုင် ဖြစ်သွားသည်။
“သေချာ နားထောင်နော်။ Subscription (၂) သောင်းပါ”
ယုယွီ အသက်ကိုမှန်အောင်ရှူ၍ မနည်း စိတ်ထိန်းနေရသည်။
သူမျှော်မှန်းထားသည်ထက် အလွန် များနေလေသည်။
တစ်နိုင်ငံလုံးနှင့်တွက်လျှင် (၂) ရက်အတွင်း Subscription (၃) သောင်းခွဲအထိ ဖြစ်၏။
(၁) သိန်းအထိ ရောက်မှာလား။
ကျော်ဦးမှာလား။
လင်းချွမ်မှာ သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်လာတော့မည်။
အံ့ဩစရာပဲ။
“လင်းချွမ်က အဲ့လောက် တော်တာလား”
“ဟုတ်ပါ့”
ယုယွီ ခေါင်းတငြိမ့်ငြိမ့်နှင့် ပြုံးရွှင်နေသည်ကို ကြည့်ကာ ချူဝမ်နင်းမှ
“နှမျောစရာပဲ။ အမှန်တော့ လင်းချွမ်က ဒီထက် တော်တာကို”
“ဘယ်လို”
ယုယွီ နားမလည်နိုင်စွာ ပြန်မေးလိုက်၏။
ချူဝမ်နင်း သက်ပြင်းချ၍
“အရှေ့တောင်အာရှဈေးကွက်ကသာ ဝင်မဖျက်ရင် ဒီထက်တောင် subscription များဦးမယ်”
“ဘာလို့လဲ”
“အာလူးဝက်ဘ်ဆိုဒ်ကို မှတ်မိလား”
“အဲ့ဝက်ဘ်ဆိုဒ်မှာ လင်းချွမ်စာအုပ် တင်ထားတယ်လို့ ပြောချင်တာလား”
“ဟုတ်တယ်”
ချူဝမ်နင်း ခေါင်းငြိမ့်လျက်
“ဒါပေမဲ့ ဒါက အကုန်မဟုတ်သေးဘူး”
“ပိုဆိုးတာ ရှိသေးတာလား”
“ဒီမှာကြည့်လိုက်”
ချူဝမ်နင်း သူ့ဖုန်းကို ထုတ်ပြလိုက်၏။
ယုယွီ ငုံ့ကြည့်လိုက်သောအခါ လမ်းမတစ်နေရာရှိ LED ဆိုင်းဘုတ်တွင် ကြော်ငြာတစ်ခု ရှိနေခြင်း ဖြစ်သည်။
လက်နက်ဝိဇ္ဇာဟု အင်္ဂလိပ်လို ရေးထားသော ကြော်ငြာ ဖြစ်လေ၏။