ဝတ္ထုကို ဒီလိုပဲ ရေးကြတာလား
Vol. 23 Ch. 342
“တကယ် ကြောက်စရာပဲ”
ယုယွီ အံ့ဩတကြီး ရေရွတ်မိ၏။
သူ့နှုတ်ခမ်းများ တုန်ရီကာ မျက်နှာနုနုလေးသည် ဒေါသကြောင့် နီရဲနေသည်။ အသက်ရှူနှုန်းလည်း အလွန်လျင်မြန်၍ နှာခေါင်းလေး ရှုံ့ပွရှုံ့ပွ ဖြစ်နေလေ၏။
သူ့ဒေါသမှာ ကြော်ငြာကြောင့် မဟုတ်ဘဲ ကြော်ငြာ ထိပ်ထောင့်တွင် ရှိနေသည့် အာလူးဝက်ဘ်ဆိုဒ်၏ QR ကုဒ်ကြောင့် ဖြစ်သည်။
ခိုးကူးထားသည့်အပြင် ကိုယ်တိုင် ကြော်ငြာနေသေး၏။
“စိတ်လျှော့ပါဦးကွယ်”
ချူဝမ်နင်း ယုယွီ၏လက်ကိုပုတ်ရင်း နှစ်သိမ့်လိုက်သည်။
“တကယ် အရှက်မရှိတဲ့ဟာတွေပဲ။ ဒီတစ်ခုတည်း မကဘူးမလား”
ချူဝမ်နင်း ခေါင်းငြိမ့်ပြ၍
“လမ်းမပေါ် ကြော်ငြာထားတာတွေက အနည်းဆုံး (၂၀) လောက် ရှိတယ်။ တခြား လက်ကမ်းစာစောင်တွေလည်း ရှိသေးတယ်”
သက်သေများစွာ ကျန်နေလေသည်။
အရှေ့တောင်အာရှမှ အာလူးဝက်ဘ်ဆိုဒ်မှာ လင်းချွမ်၏ လက်နက်ဝိဇ္ဇာကိုသုံး၍ ပရိသတ်အသစ် ရရှိရန် ဆွဲဆောင်နေလေသည်။
“သူတို့ကို တစ်ခုခုလုပ်လို့ရမယ့်နည်းလမ်း မရှိဘူးလား”
ယုယွီ စိတ်မထိန်းနိုင်သေးပေ။ ဖြစ်နိုင်လျှင် အာလူးဝက်ဘ်ဆိုဒ်ရုံးကိုပင် မြေလှန်ပစ်ချင်လှသည်။
“ပုံမှန်အတိုင်းပဲပေါ့။ သက်သေစုပြီး တရားစွဲရုံပဲ”
ချူဝမ်နင်း စိတ်ပျက်လက်ပျက် ပြောလိုက်၏။
ထိုကဲ့သို့ နိုင်ငံခြားနှင့် မူပိုင်ခွင့်ကိစ္စများ ဖြေရှင်းရသောအခါ အကုန်အကျအလွန်များပြီး အောင်မြင်နိုင်ချေလည်း နည်းလေသည်။
“တခြားနည်းလမ်း မရှိတော့ဘူးလား”
ယုယွီ မျက်နှာငယ်ဖြင့် မေး၏။
“မရှိဘူး”
ချူဝမ်နင်း သက်ပြင်းချ၍ ပြောလိုက်သည်။
ယုယွီလည်း သက်ပြင်းချလျက် ကော်ဖီတစငုံသောက်ကာ အချိန်အတော်ကြာအောင် ငြိမ်သွားသည်။ ထို့နောက်မှ
“လင်းချွမ်နဲ့ ဒီကိစ္စကို တိုင်ပင်မှ ဖြစ်တော့မယ်”
ချူဝမ်နင်း ခဏစဉ်းစား၍
“လင်းချွမ်ပါ ပါလာရင် သူလည်း တော်တော် ဂရုစိုက်ရမှာနော်”
ယုယွီ ဖုန်းထုတ်လိုက်ပြီးမှ သူ့စကားကြောင့် ပြန်ချထားလိုက်မိ၏။
လင်းချွမ်မှာ ယခုတစ်လောမှ ကုမ္ပဏီအသစ် ထောင်ထား၍ အလုပ်ရှုပ်နေလောက်ပါသည်။ အချိန်မှာလည်း ညဉ့်နက်နေပြီဖြစ်၍ ယနေ့ညတော့ ကောင်းစွာ ပေးအိပ်၍ မနက်ဖြန်မှ ပြောပြရန် ဆုံးဖြတ်လိုက်သည်။
မဟုတ်လျှင် ညတွင်းချင်း အာလူးဝက်ဘ်ဆိုဒ်နှင့် တိုက်ခိုက်နေ၍ ကောင်းကောင်း မအိပ်နိုင်ဘဲ ရှိပေမည်။
အာလူးဝက်ဘ်ဆိုဒ်အား ထိုတစ်ညတော့ လွှတ်ထားပေးလိုက်မည်။
…
တစ်ဖက်တွင်။
အရှေ့တောင်အာရှ လမ်းမများ၌။
ဟားစ်စစ်တပ်မှ လီယိုသည် ဆိုင်းဘုတ်ပေါ်မှ ကြော်ငြာကို အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးမှ ပြုံး၍ ရေရွတ်လိုက်၏။
“လက်နက်ဝိဇ္ဇာတဲ့”
LED မီးရောင်များမှာ သူ့မျက်နှာပေါ် အရောင်ဟပ်နေပြီး အထီးကျန်သော မျက်လုံးများကို တွေ့ရသည်။
သို့သော် သူ တွေဝေမနေဘဲ ဖုန်းထုတ်၍ ချက်ချင်း QR ကုဒ်ထဲ ဝင်လိုက်သောအခါ အာဘူးဝက်ဘ်ဆိုဒ်ထဲ ရောက်သွားတော့သည်။
သူ ခေါင်းဆောင်ဖြစ်သူကိုတော့ ညှိနှိုင်းဆွေးနွေးမှု၌ ဖြစ်ပျက်ခဲ့သည်များကို တင်ပြထားပြီး ဖြစ်ပါသည်။ မော်ဂန်အုပ်စု၏ ပြုမူပုံမှာ လက်ခံနိုင်စရာ မရှိချေ။
ခေါင်းဆောင်သည် သူ့ကြိုးစားမှုကို နားလည်စွာဖြင့် ဒီညတော့ ကောင်းကောင်း အနားယူရန် ပြောလေသည်။
သို့သော် ရလဒ်ကောင်းမရဘဲ သူ မည်သို့ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မည်နည်း။
ဆိုဖာပေါ်တွင် မှီရင်း အာလူးဝက်ဘ်ဆိုဒ်ထဲ ဝင်လိုက်၏။
စစ်ပွဲအကြောင်းသာနားလည်သူ လီယိုမှာ မထင်မှတ်သော အကြောင်းအရာဖြင့် ဝတ္ထုတစ်ပုဒ် စဖတ်ဖြစ်လေသည်။
‘…’
‘ကျွန်တော့်နာမည်က မစ္စတာလင်း’
‘ရှုပ်ထွေးပွေလီလှတဲ့ လောကကြီးမှာ ကျွန်တော့်ကို လက်နက်ဝိဇ္ဇာလို့ သိကြတယ်’
‘မစ္စတာလင်းဆိုတဲ့နာမည်ရဲ့ နောက်ကွယ်မှာ အာဏာ၊ ချမ်းသာမှု၊ နည်းပညာဆိုပြီး တွဲမြင်ကြတယ်’
‘ဒဏ္ဍာရီလို့လည်း တွေးကြတဲ့သူ ရှိတာပေါ့’
'...'
ဝတ္ထုနိဒါန်းနှင့်ပင် လီယိုမျက်စိကျသွား၏။
သူ လက်နက်ရောင်းဝယ်သူများနှင့် ပတ်သက်နေကျဖြစ်၍ ရင်းနှီးပြီးသော အလုပ်အကိုင် ဖြစ်ပါသည်။
သို့သော် သူ ယုချင်းလောက်တော့ အရမ်းတွေးမနေဘဲ ခပ်သွက်သွက်သာ အမြန်ဖတ်လေသည်။
သူ အွန်လိုင်းဝတ္ထုကို ပထမဆုံး ဖတ်ဖူးခြင်းဖြစ်ပြီး သူ နောက်ဆုံး ဝတ္ထုစာအုပ်ဖတ်ခဲ့သည်မှာလည်း အထက်တန်းအရွယ်က ဖြစ်သည်။
ယခုအခါလည်း သူ့တွင် အချိန်များများ မရှိသောကြောင့် စကားလုံး တစ်လုံးချင်းကို မခံစားဘဲ သူကြိုက်သည့်အပိုင်းကိုသာ ကျော်ဖတ်လေ၏။
ထိုအကျင့်မှာ ငယ်စဉ်တည်းကလည်း ထိုအတိုင်းပင် ဖြစ်လေသည်။
ယခုဝတ္ထုထဲ၌ သဘောကျသောအပိုင်းမှာ အရောင်းအဝယ်စကားပြောသော နေရာများ ဖြစ်လေသည်။
အခြားအကြောင်းများကိုတော့ ကျော်လိုက်၏။
‘တစ်နေ့မှာတော့ ကျွန်တော့်အရုပ်တွေကို စစ်တပ်ကနေ သတိထားမိသွားတယ်’
‘သူ့နာမည်က ကားလ်။ အရှေ့တောင်အာရှရဲ့ အာရက်စစ်တပ်က ဗိုလ်မှူးပေါ့’
‘သူ စိတ်ဝင်စားတဲ့ကစားစရာက P365-AXG ပစ်စတိုလေ။ ကျွန်တော်က အစစ်အတိုင်း ထုတ်လုပ်ထားတော့ မျက်စိကျတာပေါ့’
‘…’
‘ကားလ်ရဲ့ အမှာစာတွေနဲ့အတူ ကျွန်တော် P365-AXG ပစ်စတိုကို ထုတ်လုပ်ခဲ့တယ်’
‘ပစ်စတိုက ရိုးရိုးပုံစံပါပဲ။ အခုထိလည်း ကျွန်တော် အသေးစိတ်ကို မှတ်မိနေတုန်းပဲ’
‘…’
လီယိုဖတ်နေရင်း တစ်ခုခု ထူးဆန်းသလို ခံစားလာရသည်။
ဝတ္ထုထဲတွင် 'SIG Sauer P365-AXG pistol’ ၏ အချက်အလက်များနှင့် ထုတ်လုပ်ပုံတို့ကို အသေးစိတ် ရေးထားလေသည်။
သူ ဆိုဖာပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး နားမလည်နိုင်စွာ ရေရွတ်မိ၏။
“အွန်လိုင်းဝတ္ထုတွေကို ဒီလိုပဲ ရေးကြတာလား”
သူ ငယ်ငယ်က ဖတ်ဖူးသော အခြေအနေနှင့် လုံးဝ ကွာခြားနေလေသည်။
ဝတ္ထုထဲတွင် လက်နက်အချက်အလက် အသေးစိတ်ကို ထည့်ရေးထားမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။
သို့သော် လီယို အရမ်း ဆက်မတွေးတော့ပေ။
သေနတ်ပဲကို။ တခြားနေရာမှာ တွေ့ဖူးတာရယ်၊ အင်တာနက်က အချက်အလက်တွေရယ်နဲ့ ရေးမှာပေါ့။
သူ ဆက်၍ ဖတ်ကြည့်၏။
“အမလေး။ MP5 စက်သေနတ်နဲ့ HK433 ရိုင်ဖယ်အကြောင်းတွေလည်း ပါတာပဲ။ သူ ဝတ္ထုရေးနေတာလား။ လက်နက်ထုတ်လုပ်ရေး စာတမ်းရေးနေတာလား”
လီယို ပိုလန့်လာသည်။
ထိုနည်းလမ်းများဖြင့် လက်နက်စက်ရုံပင် ထောင်နိုင်နေလေပြီ။