ဆက်သွယ်လို့ မရပါ
Vol. 23 Ch. 344
“ဘယ်သူ့ကို ရှာချင်တာလဲ”
ဟော ခပ်ရွံ့ရွံ့ ပြန်မေးလိုက်၏။
“ခင်ဗျားတို့ ဝက်ဘ်ဆိုဒ်မှာ ရေးတဲ့ စာရေးဆရာလေ။ လက်နက်ဝိဇ္ဇာ ရေးတဲ့သူပါ”
လီယို ဒဲ့ဒိုးသာ ပြောလိုက်သည်။
ထိုအခါ ဟော အလွန်လန့်သွားပြီး
“ခဏစောင့်ဦးနော်။ အစ်ကိုဟောက်ကို မေးလိုက်ဦးမယ်”
လီယို တံခါးအပြင်ဘက်၌သာ စောင့်နေရသည်။
ထိုအချိန်တွင် သူ အလွန် စိတ်လှုပ်ရှားနေပြီး ဝတ္ထုထဲမှ အဝေးထိန်းဒုံးကျည်လောင်ချာအကြောင်းကိုသာ စဉ်ဆက်မပြတ် တွေးနေမိသည်။
သူ့ကိုယ်သူလည်း မထိန်းချုပ်နိုင်ချေ။
သူကိုယ်တိုင် မဖတ်ထားဘဲ အခြားတစ်ဦးကသာ ထိုဒုံးကျည်လောင်ချာအကြောင်း လာပြောလျှင် သေချာပေါက် အော်ငေါက်မိပေမည်။
“ငါ့ကို လာနောက်နေတာလား။ မင်းမျက်လုံးထဲ ဟာသမှတ်နေလား”
သို့ရာတွင် ယခုတော့ သူ ဝတ္ထုဖတ်ထားပြီးလေပြီ။
သူ့အမြင်၌ပင် သာမာန်ပုံပြင်ကဲ့သို့ မဟုတ်ဘဲ စစ်လက်နက်ကျွမ်းကျင်သူဟု ထင်ရသည်။
ထို့ကြောင့် မစ္စတာလင်းသည် သေချာပေါက် ပညာရှင် ဖြစ်လေ၏။
သူ လင်းချွမ်အားရှာဖွေရန် အားကြိုးမာန်တက် ကြိုးစားခဲ့ရလေသည်။
ဝန်ထမ်းဟောမှ မကြာမီ အစ်ကိုဟောက်ထံ ရောက်သွားသည်။
“အစ်ကိုဟောက် မစ္စတာလင်းကို လာရှာတာဆိုပြီး လူအုပ်စု ရောက်လာတယ်”
“ဘယ်သူ့ကို ရှာတာ”
အစ်ကိုဟောက် ရုံးခန်းထဲ လှဲအိပ်ရင်း ဟောအသံကြောင့် အံ့ဩကာ ထလာသည်။
ထိုရက်ပိုင်းအတွင်း သူ့အာလူးဝက်ဘ်ဆိုဒ်တွင် လက်နက်ဝိဇ္ဇာဝတ္ထု ကြော်ငြာရေးအတွက် ကြိုးပမ်းရင်း အလုပ်ရှုပ်နေခဲ့သည်။
ထိုအတွက် ပိုက်ဆံအများအပြားလည်း ရရှိခဲ့လေသည်။
“မစ္စတာလင်းကို လာရှာတာပါ”
ဟောမှ ထပ်ပြော၏။
“မစ္စတာလင်းလား။ ဘာလို့ ရှာတာလဲ”
မစ္စတာလင်းမှာ သူ့ငွေရှာပေါက်ဖြစ်ပြီး ထိုစကားကြားသောကြောင့် အိပ်ချင်စိတ်များ ချက်ချင်းပြေကာ လန့်ဖျပ်သွားလေသည်။
“မသိဘူးလေ”
ဟော ခေါင်းယမ်းပြ၍
“သူတို့အနေအထားကို ကြည့်ရတာ ထူးခြားတယ်။ ပြောရရင် စစ်တပ်တစ်ခုခုကလိုပဲ”
“မင်း အိပ်ချင်မူးတူး ဖြစ်နေသေးတာတော့ မဟုတ်ပါဘူးနော်”
အစ်ကိုဟောက် အိပ်ရာမှ ထထိုင်၍ ရုံးခန်းအပြင်ဘက် လျှောက်လာရင်း
“စစ်တပ်က ဘာလို့ မစ္စတာလင်းနဲ့ တွေ့ချင်ရမှာလဲ”
“မသိဘူးလေ။ ထင်တာပြောတာပါ”
ဟော မျက်နှာငယ်လေး ဖြစ်သွား၏။
“ဘာမှ ကြောက်မနေနဲ့။ စစ်တပ်ကဆိုရင်တောင် မစ္စတာလင်းကို လာရှာတာလေ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ငါတို့က ဝတ္ထုထုတ်ဝေသူတွေပဲ။ ပိုက်ဆံရှာနေတာ ဘာမှားလို့လဲ”
အစ်ကိုဟောက် သူ့ပုခုံးကိုပုတ်ကာ အားပေးလိုက်၏။
“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်က တရားစွဲစာတွေလည်း ကျွန်တော်တို့ မေးလ်ထဲ ပြည့်နေပြီနော်”
ဟော ထပ်ပြောလိုက်သည်။
“ဟုတ်ပါပြီ။ အဲ့တာကိုလည်း အခု မတွေးနဲ့ဦး”
သူ အပြင်ထွက်သွားရင်း
“ဘယ်သူပဲလာလာ အကုန်မောင်းထုတ်ပစ်”
နှစ်ဦးသား ကော်ရစ်တာလေးကို ဖြတ်၍ တံခါးဝသို့ ရောက်လာ၏။ ထို့နောက် အစ်ကိုဟောက် တံခါးမှန်ဘီလူးမှတစ်ဆင့် ချောင်းကြည့်လိုက်သည်။
အပြင်ဘက်တွင်။
အနက်ရောင်ဝတ်စုံနှင့် လူတစ်ဦးရပ်နေပြီး သူ့မျက်နှာမှ အမာရွတ်ကြီးမှာမူ ထင်းနေသည်။ သူ့အနောက်တွင်မူ မျက်နှာခပ်တင်းတင်းဖြင့် ရပ်နေသူအချို့အား တွေ့ရ၏။
ထိုထဲမှ (၂) ယောက်မှာ ဘော်ဒီဂတ်နှင့်တူပြီး မျက်လုံးများက မမျှော်လင့်နိုင်သော အခြေအနေများအတွက် လှုပ်လှုပ်ရှားရှား လိုက်ကြည့်နေသည်။
ဟင်း…
အစ်ကိုဟောက် သက်ပြင်းလေးခိုးချရင်း အနည်းငယ် ထိတ်လန့်သွားသည်။
ထိုစစ်သားလား၊ လူမိုက်လား မသိရသည့် အဖွဲ့မှာ မစ္စတာလင်းကို အဘယ်ကြောင့် လိုချင်မှန်း မသိသော်လည်း သူ့ကိုပါ ဆွဲထည့်မည့်ပုံ ဖြစ်နေသည်။
သူ အတွေးများနေစဉ် အပြင်မှ အသံတစ်ခုကို ကြားလိုက်ရသည်။
“ခင်ဗျားက အစ်ကိုဟောက်လား”
လီယိုမှာ အထဲမှ လှုပ်ရှားမှုများကို နားထောင်ရင်း စကားစမေးလိုက်၏။
“ဒါနဲ့ မစ္စတာလင်းကို ဘာကိစ္စနဲ့ ရှာတာလဲဗျ”
အစ်ကိုဟောက်မှ လီယိုတို့အုပ်စု၏ အငွေ့အသက်ကြောင့် ယဉ်ကျေးစွာ မေးလိုက်သည်။
“အဲ့တာတော့ ပြောလို့ အဆင်မပြေဘူး။ ဒါပေမဲ့ သူ့ကို ဆက်သွယ်လို့ရမယ့် အချက်အလက်များ ပေးနိုင်မလား”
လီယိုလည်း အစ်ကိုဟောက်နှင့် မစ္စတာလင်းတို့၏ ပတ်သက်မှုကို မသိ၍ သတိထား၍ ယဉ်ယဉ်ကျေးကျေး ထိန်းပြောလေ၏။
ထိုလူမှာ မစ္စတာလင်းနှင့် ခင်မင်ရသော မိတ်ဆွေဖြစ်နေလျှင် သူတို့ပူးပေါင်းမှုအတွက် သက်ရောက်မှု ရှိနိုင်သည်။
“ဆက်သွယ်ဖို့လား”
အစ်ကိုဟောက် မှင်တက်၍ သက်ပြင်းချမိသည်။
“ဟုတ်ပါတယ်”
လီယို ခေါင်းငြိမ့်ပြ၏။
“မစ္စတာလင်းနဲ့ အကြွေးရှိတာမျိုးလား။ ဒါမှမဟုတ်…”
အစ်ကိုဟောက်မှ လုံခြုံရေးအတွက် ထပ်မေးလေ၏။
လီယိုပြုံးလျက်
“ကျွန်တော်တို့ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ဘာမှမစိုးရိမ်ဘဲ ဆက်သွယ်ရမယ့် အချက်အလက်သာ ပေးပါ”
အစ်ကိုဟောက် ရုံးခန်းထဲမှ အမြန်စဉ်းစားနေရသည်။
ထိခိုက်စေလိုတာ မဟုတ်ဘူးဆိုရင် မစ္စတာလင်းရဲ့ လူပေါ့။
ဒါပေမဲ့ ငါက ခိုးရောင်းနေတာလေ။ စာရေးဆရာ အချက်အလက် ဘယ်လိုရှိမှာလဲ။
သူ ခဏစဉ်းစားပြီးနောက် အကောင်းဆုံးဟုထင်သော အဖြေကို ပြန်ပြောလိုက်သည်။
“အားတော့နာပေမဲ့ ကျွန်တော်တို့ဝက်ဘ်ဆိုဒ်အနေနဲ့ စာရေးဆရာတွေရဲ့ အချက်အလက်ကို အဲ့လို ဘယ်သူမဆို ပေးလို့ မရပါဘူး။ မစ္စတာလင်းကို ဆက်သွယ်ချင်ရင် အစ်ကိုတို့နံပါတ် ပေးခဲ့ပါ။ ကျွန်တော် ပြန်ပြောလိုက်ပါမယ်။ သူ့ဘက်က ဆက်သွယ်တာ မဆက်သွယ်တာကတော့ သူ့ဆုံးဖြတ်ချက်ပေါ့နော်”
သူ့စကားမှာ ပညာသားပါ၍ တရားဝင်ဆန်ပါသည်။
လီယို မျက်မှောင်ကြုတ်သွား၏။ သို့သော် မတတ်သာဘဲ သူ့အချက်အလက်သာ ပေး၍ ပြန်လာခဲ့ကြသည်။
“ဆရာ နည်းနည်းထူးဆန်းတယ်လို့ မထင်မိဘူးလား”
လက်ထောက်ဖြစ်သူမှ မျက်မှောင်ကြုတ်ကာ ပြော၏။
“ဘာကို ထူးဆန်းတာလဲ”
လီယိုမှာ မစ္စတာလင်း မည်သည့်အချိန် ဆက်သွယ်လာမည်နည်းဟု တွေးနေ၏။
လက်ထောက်မှာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး
“မစ္စတာလင်းက စစ်လက်နက် ကျွမ်းကျင်သူသာဆိုရင် ဝတ္ထုရေးတာ ဝါသနာအရ ဖြစ်မှာလေ။ အဲ့တော့ ထုတ်တဲ့အခါလည်း ဝက်ဘ်ဆိုဒ်ကြီးတွေကနေ လူများများဆီရောက်အောင် လုပ်မှာပဲ”