← Chapters

သူတို့ ပြန်လာပြီ

Vol. 23 Ch. 345

သူတို့ ပြန်လာပြီ

Vol. 23 Ch. 345

လီယို့စိတ်ထဲတွင် တစ်ခုတည်းသာ ရှိနေ၏။ 

မစ္စတာလင်းကို မည်သို့ဆက်သွယ်ရမည်ကို ဖြစ်လေသည်။ 

ထို့ကြောင့် အရမ်းမတွေးမိဘဲ ပြန်မေးလိုက်သည်။ 

“ဘာကိုပြောချင်တာလဲ”

“ထူးဆန်းတယ် ထင်လို့ပါ။ အာလူးဝက်ဘ်ဆိုဒ်ရုံးက အရမ်းတိတ်ဆိတ်ပြီး နေရာကလည်း ခပ်မှိန်မှိန်နဲ့ စုတ်စုတ်လေး။ တကယ့် ကုမ္ပဏီကြီးတွေနဲ့ မတူဘူး”

လက်ထောက်ဖြစ်သူမှ သူ့အမြင်ကို ပြောလေသည်။ 

လီယို မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ပြန်လှည့်ကြည့်လိုက်၏။ 

လှေကား ကြမ်းပြင်များမှာ ညစ်ပတ်၍ အချိုရည်ဗူး၊ နို့ဘူးအခွံများ ဖြစ်သလို ပစ်ထားလေသည်။ ပြတင်းဘောင်များသည် ပင့်ကူအိမ်များ ကပ်တွယ်လျက် ပုံမှန် သန့်ရှင်းရေး မလုပ်ထားမှန်း သိသာ၏။ 

သေချာပေါက် တရားဝင်စာအုပ်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် မတူပေ။ 

အလုပ်ရုံအသေးလေးနှင့် ပိုတူသည်။ 

“လင်းချွမ်ရဲ့ဝတ္ထုတွေကို ခိုးပြီးပြန်ရောင်းနေတာလို့ ထင်တယ်”

လက်ထောက်မှ ပြော၏။ 

“ခိုးရောင်းတာလား”

လီယို လန့်သွားသည်။ 

သူ ဝတ္ထုထဲသာ အာရုံရောက်နေ၍ ခိုးကူးဝက်ဘ်ဆိုဒ်မှ ဖတ်နေမိသည်ဟု သတိမထားမိပေ။ 

သူ ခဏငြိမ်၍ ပြန်စဉ်းစားပြီးမှ

“အခုပြန်သွားပြီး ဒဲ့မေးကြရအောင်”

လီယို ချက်ချင်းလှည့်၍ လူမိုက်မုဒ်ဖြင့် အမြန် ပြန်တက်သွားလေသည်။ 

လက်ထောက်လေးလည်း အနောက်မှ လိုက်လာ၏။ 

ဒုန်း ဒုန်း ဒုန်း!

ယခုတစ်ခေါက်တွင်တော့ လီယို တံခါးကို ခပ်ပြင်းပြင်း ထုလိုက်လေသည်။ 

အခန်းထဲ၌။ 

ဟော မှင်တက်၍

“အစ်ကိုဟောက် သူတို့ ပြန်လာပြန်ပြီ”

“စိတ်မလှုပ်ရှားနဲ့”

အစ်ကိုဟောက်ကိုယ်တိုင်မှ စိတ်လှုပ်ရှား၍ ပြောလေသည်။ 

လီယိုတို့ ထွက်သွားပြီးနောက် သူ မစ္စတာလင်းအကြောင်း ရှာကြည့်လိုက်သောအခါ သေချာပေါက် ပြန်လာလိမ့်မည်ဟု သိထားပါသည်။ 

မစ္စတာလင်းအချက်အလက်မရှိဘဲ သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်ပါ။ 

သို့သော် ချက်ချင်း ပြန်လာမည်ဟုတော့ မထင်မိချေ။ 

သူ အမြန်ဆုံး စိတ်တည်ငြိမ်အောင်ထိန်း၍

“ဆရာတို့ ဘာကိစ္စရှိလို့လဲ”

“တံခါးအခုဖွင့်ပါ။ ခင်ဗျားတို့နဲ့ အသေးစိတ် ဆွေးနွေးစရာ ရှိတယ်”

လီယို့အသံမှာ အေးစက်၍ မာကြောနေ၏။ ကြားရသူတိုင်း ကြက်သီးထစေလေသည်။ 

“ကျွန်တော် အခုပဲ မစ္စတာလင်းကို ဆက်သွယ်ပြီးပါပြီ။ သူ မကြာခင် ပြန်ဆက်သွယ်လာပါလိမ့်မယ်”

အစ်ကိုဟောက်မှ တည်ငြိမ်အောင်ထိန်း၍ ပြောလိုက်သည်။ 

လီယို သူ့အသံ၌ တုန်ခါသွားသည်ကို ခံစားမိကာ ပိုသံသယဝင်၍

“ခင်ဗျားကြည့်ရတာ စိတ်လှုပ်ရှားနေသလိုပဲ”

အစ်ကိုဟောက် အသက်ရှူသံများ ပိုမြန်လာသည်။ 

လီယိုဆိုသည်မှာ အဖွဲ့နှင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ အစ်ကိုဟောက် ရန်မစနိုင်သူမျိုး ဖြစ်၏။ 

“တံခါး အခုဖွင့်”

လီယို ထပ်အော်လိုက်သည်။ 

ဘေးမှ ဟောလည်း တုန်ရီနေလေပြီ။ 

လီယိုတို့အရှိန်အဝါမှာ တော်ရုံလူ မထိပါးရဲချေ။ 

ယခု သူတို့ကိုယ်တိုင်လည်း ဝတ္ထု ခိုးရောင်းနေ​သော ကိစ္စရှိ၍ ပိုကြောက်နေမိသည်။ 

တစ်ဖက်အဖွဲ့မှာ အလွန်အင်အားကြီးလွန်းသည်။ 

“အခု တံခါးမဖွင့်ရင် ငါတို့ ဝင်လာတော့မှာနော်”

The Shining ဇာတ်လမ်းထဲမှ ဂျက်ခ်တစ်ယောက် ပုဆိန်ဖြင့် ဝင်လာသကဲ့သို့ အတင်းအကြပ် ဝင်ရတော့မည်။ 

အစ်ကိုဟောက်နှင့် ဟောမှာတော့ မင်းသား၏ အမျိုးသမီးနှင့် သမီးလေးနေရာမှ ဖြစ်၏။ 

ကြောက်လန့်တုန်လှုပ်လျက် ကူကယ်ရာမဲ့နေကြသည်။ 

“ဒီလိုမျိုး ကျူးကျော်ဝင်လာမယ်ဆိုရင် ကျွန်တော်တို့လည်း ရဲတိုင်ရလိမ့်မယ်”

အစ်ကိုဟောက်မှ ပြန်ခြိမ်းခြောက်လေသည်။ 

“ခင်ဗျား မစ္စတာလင်းရဲ့ဝတ္ထုတွေကို မူပိုင်ခွင့် မရဘဲ ခိုးရောင်းနေတာမလား။ ရဲတိုင်ရင် ဘယ်သူ့ကို အရင်ဖမ်းမယ် ထင်လဲ”

လီယို ရယ်မော၍ ပြောလိုက်၏။ 

အစ်ကိုဟောက် ပိုလန့်သွားသည်။ 

သူ ဒီအတိုင်းနေလျှင် မူပိုင်ခွင့်ကိစ္စကို မည်သူမျှ မသိသော်လည်း ရဲတိုင်လိုက်ပါက တိုက်ရိုက် အဖမ်းခံရပေမည်။ 

ကိုယ့်သေတွင်း ကိုယ်တူးနေသကဲ့သို့ ဖြစ်၏။ 

ဒုန်း!

ထိုစဉ် တံခါးပွင့်သွားလေသည်။ 

“ခင်ဗျားက အာလူးဝက်ဘ်ဆိုဒ်က တာဝန်ရှိသူလား”

လီယို သူ့ကိုစိုက်ကြည့်၍ မေးလိုက်၏။ 

အစ်ကိုဟောက် အနောက်ဆုတ်သွားပြီး ကြောင်ကိုတွေ့သော ကြွက်ကလေးကဲ့သို့

“ဟုတ်ပါတယ်”

“နာမည် ဘယ်သူလဲ”

လီယို ပြုံး၍ မေးလိုက်၏။ 

“ဟောက်လို့ ခေါ်လို့ရပါတယ်”

သူ အမြန်ပြန်ဖြေလိုက်သည်။ 

“ဟောက် မင်း မစ္စတာလင်းရဲ့ ဝတ္ထုတွေကို ခိုးရောင်းနေတာလား”

လီယိုမှာ ကျားသစ်တစ်ကောင်ကဲ့သို့ စူးရှစွာ ကြည့်ဦ မေးလိုက်၏။ 

အစ်ကိုဟောက် ရုတ်တရက် ခေါင်းငြိမ့်ပြပြီးမှ ခေါင်းပြန်ယမ်းကာ

“မဟုတ်ပါဘူး။ သူတို့နဲ့ ဆက်သွယ်နေပါတယ်။ မကြာခင် ပြန်ပြောမှာပါ”

“အဲ့တော့ လက်မှတ်မရှိဘဲ ရထားပေါ် တက်လာတာပေါ့”

လီယို ပြန်မေးလိုက်သည်။ 

အစ်ကိုဟောက် ဘာပြန်ဖြေရမည်မသိ ဖြစ်နေ၏။ 

လီယိုတို့မှာ လင်းအတွက် တိုက်ခိုက်ရန် အသင့်ဖြင်နေကြသည်။ 

ယောက်ျားမှာ ယောက်ျားအလုပ်သာ လုပ်သင့်ပါသည်။ 

“ကဲပါ။ အလုပ်ကိစ္စပဲ ပြောတာပေါ့။ မစ္စတာလင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်က ဘာလဲ”

“အဲ့တာက…ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရဲ့ နိုင်ငံတကာရုံးပါ”

အစ်ကိုဟောက် တုန်ရီစွာ ပြော၏။ 

“သူတို့နဲ့ မြန်မြန်ဆက်သွယ်လို့ရမယ့်နည်း ရှိလား”

“မသိပါဘူးဗျာ”

“မသိဘူးလား။ သေချာ စဉ်းစားပါဦး”

လီယိုမှာ အချိန်မရွေး သေနတ်ထုတ်ချိန်လိုက်နိုင်သည်။ 

ဟောမှ ဝင်၍

“အစ်ကိုဟောက် မစ္စတာလင်းမှာ နိုင်ငံတကာဖိုရမ်ဆိုပြီး ရှိပါတယ်။ သူ့ပရိသတ်တွေ စုထားတာလေ။ အဲ့ကနေ ဆက်သွယ်လို့ရမယ် ထင်တယ်”

ဟောမှာ အောက်ခြေသိမ်း အကုန်လုပ်ရ၍ ပိုသိနေသည်။ 

“ဒီမှာ ကွန်ပျူတာရှိသားပဲ။ တစ်ခါတည်း ပြ”

လီယိုမှ ပြော၏။ 

ထိုအခါ အစ်ကိုဟောက်မှ

“ဆရာ ပြောနေတယ်လေ။ မြန်မြန် ပြလိုက်”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ဟော ကွန်ပျူတာရှေ့တွင်ထိုင်၍ နိုင်ငံတကာဖိုရမ် မြေအောက်လောကကို ဖွင့်ပြလိုက်လေသည်။ 

All Chapters