လူရှာခြင်း
Vol. 23 Ch. 343
အဲ့တာဆို ငါလည်း မော်ဂန်အုပ်စုကို မျက်နှာကြည့်နေစရာ မလိုတော့ဘူး။
“ဒီစာရေးဆရာက လက်နက်အကြောင်းတွေ တော်တော် နားလည်တဲ့ပုံပဲ။ သူ ဘယ်လို လက်နက်တွေ ထုတ်လုပ်နေမလဲ စိတ်ဝင်စားမိတယ်”
သူ့စိတ်ထဲတွင် ပို၍စိတ်ဝင်စားမှု မြင့်တက်လာသည်။
သူဖတ်နေရင်း ညတဖြည်းဖြည်းနက်လာပြီး ပတ်ဝန်းကျင်လည်း တိတ်ဆိတ်သွား၏။
ကြယ်ပွင့်များမှာ စိန်လေးများကဲ့သို့ တလက်လက် တောက်ပနေပြီး ကောင်းကင်ယံတွင် ငြိမ်သက်စွာ အလင်းဓာတ်ပေးနေကြသည်။
ညင်သာစွာ တိုက်ခတ်နေသော လေပြည်များမှာ တီးတိုးစကားဆိုသကဲ့သို့ ထင်ရ၏။
“မစ္စတာလင်းက သေချာပေါက် လက်နက်ပညာရှင် ဖြစ်မယ်”
လီယို ဖတ်နေရင်း ရေရွတ်မိ၏။
လက်နက် တစ်ခုနှစ်ခုအကြောင်းမျှဖြစ်လျှင် တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း ယခုစာအုပ်မှာတော့ အားထုတ်ထားမှန်း သိသာလေသည်။
စာအုပ်ထဲတွင် လက်နက်အမျိုးအစားပေါင်း (၃၀) မှ (၅၀) အထိ ပါဝင်လေ၏။
ဤသို့ဖြင့် သူ စာအုပ်ဖတ်နေရင်း ကောင်းကင်ကြီးပင် ခရမ်းပြာရောင်၊ လိမ္မော်နီရောင် စသဖြင့် ဆေးရေးထားသလို လှပလာသည်။
“ဟားဟားဟား”
တိတ်ဆိတိငြိမ်သက်နေသည့် မနက်စောစောအချိန်တွင် လီယိုတစ်ယောက် ရုတ်တရက် အားရပါးရ ရယ်မောလိုက်၏။
ထိုအခါ တံခါးအပြင်၌ စောင့်နေသော ဘော်ဒီဂတ်များ အမြန် ပြေးဝင်လာကြပြီး
“ဆရာ ဘာဖြစ်လို့လဲ”
“ငါ အရမ်းပျော်နေတယ်။ ရုံးက ဝန်ထမ်းကို အခု သွားခေါ်လိုက်”
လီယိုမှာ ဖုန်းကိုကြည့်၍ ကျေနပ်စွာပြုံးရင်း ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဘော်ဒီဂတ်များ ထွက်သွားပြီးနောက် မကြာမီ ဝန်ထမ်းလေးမှာ ခပ်သုတ်သုတ် ရောက်လာ၏။
“ဆရာ ဘာကိစ္စရှိလို့ပါလဲ”
ထိုဝန်ထမ်းမှ အံ့ဩစွာ မေးလိုက်သည်။
“သတင်းကောင်းရှိတယ်”
မစ္စတာလီယိုမှာ တစ်ညလုံးမအိပ်ဘဲ ဝတ္ထုဖတ်ထား၍ မျက်ကွင်းများကျကာ မည်းနက်နေသော်လည်း အပြုံးများမှာ တောက်ပနေလေသည်။
“ဘာသတင်းကောင်းလဲ။ မော်ဂန်ဘက်က ဒုံးကျည်လောင်ချာကို ဈေးလျှော့ပေးလို့လား”
ဝန်ထမ်းလေးမှ အားတက်သရော မေးလိုက်သည်။
လီယို ခေါင်းယမ်း၍ သူ့ဖုန်းကို ထိုးပြ၏။
“ဒီမှာ ကြည့်လိုက်”
ဝန်ထမ်းလေး တစ်ချက် လှမ်းကြည့်ပြီးနောက် ပြွတ်သိပ်နေသော စကားလုံးများကို တွေ့ရလေသည်။
“ဒါက ဘာလဲ”
“ဝတ္ထုလေ”
လီယိုမှ ပြန်ရှင်းပြ၏။
“ဝတ္ထုက ဘာမို့လို့လဲ”
သူ ပို၍ နားမလည်နိုင် ဖြစ်နေသည်။
“ဖတ်ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်”
လီယိုမှ ခပ်အေးအေး ပြောလေ၏။
ဝန်ထမ်းလည်း မျက်မှောင်ကြုတ်လျက် ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ပထမတစ်ပိုင်းမျှ ဖတ်နေရင်း မျက်မှောင်ကြုတ်၍ မှင်တက်လာသည်။
အဝေးထိန်း ဒုံးကျည်လောင်ချာ။
“ဒါက…”
သူ မစ္စတာလီယိုအား လှမ်းကြည့်မိ၏။
လီယို မေးငေါ့ပြ၍
“ဆက်ပြီး ဖတ်ကြည့်ပါ”
ဝန်ထမ်းလေးလည်း သူ့စကားအတိုင်း ပြန်အာရုံစိုက်လိုက်သည်။
‘ဒီအဝေးထိန်းဒုံးကျည်လောင်ချာက ကျွန်တော့် ပထမဆုံး ကြိုးစားမှုပဲ’
‘ဒါနဲ့ဆိုရင် လက်နက်ထောက်ပံ့ရေးမှာ သေချာပေါက် နေရာတစ်ခု ရလာလိမ့်မယ်’
‘ပြောရရင် လက်နက်ဈေးကွက်ရဲ့ နတ်ဘုရားအထိ ဖြစ်လာနိုင်တယ်’
‘ဒီလက်နက်ရဲ့ အဓိကအချက်ကတော့ မီးစနစ်ကို သုံးထားတာပဲ’
‘စည်းမျဉ်းတွေကတော့ ရိုးပါတယ်။ အောက်ခံအမျိုးမျိုး ပြောင်းရင် အကွာအဝေးလည်း ပြောင်းနိုင်တယ်’
‘လက်ရှိမှာတော့ အကွာအဝေး (၃) မျိုးပဲ ထုတ်ထားတယ်။ (၇၀) ကီလိုမီတာ၊ (၃၇၀) ကီလိုမီတာနဲ့ (၆၀၀) ကီလိုမီတာပေါ့’
‘…’
ထိုနေရာနား ရောက်သောအခါ ဝန်ထမ်းလေး ရယ်မော၍
“ဆရာ ဒီဝတ္ထုက အရမ်းပိုတာပဲ။ ကီလိုမီတာ (၆၀၀) တောင်ကတော့ ကြွားလွန်းနေပြီ”
“အပြောမစောပါနဲ့။ ဆက်ပြီး ဖတ်ပါဦး”
ဝန်ထမ်းလေးမှာ ရွေးချယ်စရာမရှိ စကားနားထောင်ရလေသည်။
‘ပြန်ရှင်းပြရရင် အများဆုံး ကီလိုမီတာ (၆၀၀) သက်ရောက်နိုင်ဖို့ (၇၅၀) မီလီမီတာအောက်ခံကို သုံးရတယ်’
‘ပြီးရင် ပစ်တဲ့လမ်းကြောင်းက နှစ်ခုကွဲသွားပြီး စီစဉ်ထားတဲ့အတိုင်း ပျံသန်းတာနဲ့ တစ်ဆင့်ခံပြောင်းတာမျိုးပေါ့’
‘တစ်ဆင့်ခံပြောင်းဖို့ဆိုတာ အရမ်းခက်ခဲတဲ့ နည်းပညာဖြစ်ပေမဲ့ ကျွန်တော် လုပ်နိုင်ခဲ့တယ်’
‘…’
ဝတ္ထုကို ဖတ်နေရင်း အသေးစိတ် ရေးပြထား၍ အစိတ်အပိုင်း တစ်ခုချင်းစီကို မျက်လုံးထဲ မြင်ယောင်လာသည်။
ဝန်ထမ်းလေးမှာ နားမလည်နိုင်စွာဖြင့်
“ဒီဝတ္ထုက…”
“သတိထားမိပြီလား”
လီယို မျက်ခုံးပင့်ပြ၍ ပြုံးကာ မေးလိုက်သည်။
ဝန်ထမ်းလေးလည်း ခေါင်းငြိမ့်ပြ၍
“ဆရာ ဒီဒုံးကျည်လောင်ချာက အရမ်း ပညာသားပါတာပဲ။ မော်ဂန်အုပ်စုထက်တောင် အင်အားကြီးဦးမယ်မလား”
“အများကြီးပိုတာပေါ့”
လီယို ရယ်မောလျက်
“ကီလိုမီတာ (၆၀၀) လေ။ ဒီစနစ်နဲ့သာဆိုရင် စစ်ပွဲမှာ ငါတို့ အများကြီး အကျိုးအမြတ်ရှိပြီ”
“ဒီထဲမှာ ရေးထားတဲ့ဒုံးကျည်လောင်ချာက တကယ့်အစစ်လို့ ပြောချင်တာလား”
လက်ထောက်ဝန်ထမ်းလေးမှ မယုံကြည်နိုင်စွာ ပြောမိသည်။
“ဝတ္ထုအစပိုင်းမှာ ရေးထားတာ မတွေ့ဘူးလား။ ဒီဒုံးကျည်လောင်ချာတင်မကဘူးလေ။ တခြား လက်နက်အမျိုးမျိုးကိုလည်း အသေးစိတ် ရေးထားတာ။ အားလုံးကိုလည်း ရှင်းလင်းနေအောင် ရှင်းပြထားသေးတယ်”
လီယိုပြောနေရင်း ပိုစိတ်လှုပ်ရှားလာ၏။
“ဆရာ ဘာကိုဆိုလိုချင်တာလဲ”
လီယို သူ့ပုခုံးကို ခပ်ပြင်းပြင်းပုတ်လျက်
“ငါတို့ ဒီစာရေးဆရာကို ရှာနိုင်ရင် သူ့အရည်အချင်းတွေပါ ရမှာအသေအချာပဲပေါ့”
လက်ထောက်မှာ မျက်လုံးအရောင်များ လက်သွားပြီး
“ဒါဆို မော်ဂန်အုပ်စုနဲ့ တခြား ကုမ္ပဏီငယ်လေးတွေကို ခယနေစရာ မလိုတော့ဘူးပေါ့”
“ဒါပေါ့ကွာ”
လီယိုပြုံး၍ ခေါင်းငြိမ့်ပြ၏။
လက်ထောက်လေးလည်း ပြုံး၍
“အချိန် သိပ်မရှိဘူး။ အခု စရှာလိုက်ရမလား”
“ဒါပေါ့။ ရှာလိုက်တော့”
ဟားစ်စစ်တပ်မှ လင်းချွမ်အား ရှာဖွေမှု စတင်လေသည်။
လူတစ်ယောက်ကို ရှာရခြင်းမှာ သူတို့အတွက် သိပ်မခက်ခဲလှပေ။
အရင်ဆုံး အာလူးဝက်ဘ်ဆိုဒ်၏ တည်နေရာကို ရှာလိုက်ကြ၏။
နာရီဝက်ခန့်အကြာတွင် အာလူးဝက်ဘ်ဆိုဒ်ရုံး တည်နေရာကို ရှာတွေ့သွားလေသည်။
ထိုအဆောက်အဦမှာ သူတို့နှင့် သိပ်မဝေးလှသောနေရာတွင် ရှိနေ၏။
အရုဏ်ဦးနေရောင်ခြည်မှာ ရွှေရောင်ဖျဖျလင်းနေပြီး လီယိုတို့အဖွဲ့ ချက်ချင်း လမ်းလျှောက်သွားလိုက်ကြသည်။
မနက်ခင်းလေပြည်နုနုကြောင့် လန်းဆန်းတက်ကြွစေလေ၏။
“ကျွန်တော်တို့ ရှာထားတဲ့ တည်နေရာအရတော့ ရုံးက ဒီရှေ့ကဟာပဲ”
လီယို ခေါင်းငြိမ့်ပြ၍ ရှေ့မှ ဦးဆောင်ကာ တက်သွားသည်။
ရုံးမှာ (၃) လွှာတွင် ရှိနေပြီး သံတံခါးကြီး ပိတ်ထားလေသည်။
လီယိုလည်း ဧည့်သည်တစ်ဦးအနေဖြင့် ယဉ်ကျေးစွာ တံခါးခေါက်လိုက်၏။
ဒေါက် ဒေါက်။
ထိုအသံမှာ မတိုးလွန်း မကျယ်လွန်းဘဲ လူတစ်ယောက် အိပ်နေသည်ကို နှိုးနိုင်စွမ်း ရှိ၏။
ရုံးစောင့် ဟော အိပ်ချင်မူးတူး ထလာပြီး
“ဘာကိစ္စရှိလို့လဲဗျ”
သူ မျက်လုံးကို ပွတ်လျက် မေးလေသည်။
“ဒါ အာလူးဝက်ဘ်ဆိုဒ်ရုံးလားဗျ”
လီယို တံခါးအပြင်ဘက်မှ ပြန်မေးလိုက်၏။
အထဲတွင် ခဏတိတ်ဆိတ်သွားပြီး
“ဘာဖြစ်လို့လဲ”
လီယိုပြုံးကာ
“ဒီရုံးနဲ့ ပတ်သက်နေတဲ့ လူတစ်ယောက်ကို ရှာချင်လို့ပါ”