မျက်လှည့်လား
Vol. 24 Ch. 347
မိုတုမြို့၊ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်။
နေရောင်ခြည်သည် တိမ်ထူထူများကြားမှ ထိုးဖောက်၍ အဆောက်အဦ၏ မှန်မျက်နှာပြင်များကို ရိုက်ခတ်ကာ ရွှေရောင် တလက်လက် ထနေသည်။ သစ်ပင်စိမ်းစိမ်းများမှာလည်း ရေငွေ့များသီးလျက် နေရောင်အောက်တွင် တောက်ပနေကြသည်။
အလုပ်သမားများအတွက် အလုပ်ရှုပ်သော နေ့တာရှည်မှာ စတင်နေလေပြီ။
ယုယွီ ကွန်ပျူတာရှေ့တွင် ထိုင်လျက် ကီးဘုတ်ပေါ်တွင် လက်ချောင်းသွယ်သွယ်လေးများ လျင်မြန်စွာ လှုပ်ရှားနေကြ၏။
လက်နက်ဝိဇ္ဇာ ကြော်ငြာကိစ္စအတွက် ဖြစ်လေသည်။
သူ ကြည့်နေရင်း တစ်ယောက်တည်း မကျေမနပ် ရေရွတ်နေမိ၏။
ထို့နောက် မတတ်သာဘဲ ဖျက်သည့်ခလုတ်ကိုနှိပ်ကာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်၍ ဆံပင်နုနုလေးကို ထိုးဖွလိုက်သည်။ ထိုအခါ ပန်းရောင် ပန်းပြင်လေးပေါ်၌ ဆံစများ ဝဲကျကာ ကပိုကရို လှတေတော့သည်။
“မင်္ဂလာနံနက်ခင်းပါ ယုယွီရေ”
ထိုစဉ် ယုယွီ၏ ယုံကြည်ရသော သူငယ်ချင်းသစ် ချူဝမ်နင်းမှာ နွားနို့ခွက်လေးကိုင်လျက် ရောက်လာ၏။
“ဪ ဝမ်နင်းရေ”
ယုယွီ သူ့အခက်အခဲကို ခဏဖယ်ထား၍ ချူဝမ်နင်းအား ပြုံးကာ နှုတ်ဆက်လိုက်သည်။
“ပင်ပန်းနေပြီပဲ။ ဒီမှာ နွားနို့ယူလာပေးတယ်။ သောက်လိုက်ဦး”
ချူဝမ်နင်း နွားနို့ခွက်ကို ယုယွီစားပွဲပေါ်တင်ရင်း ပြောလိုက်သည်။
ယုယွီ နားမလည်နိုင်စွာ ပြန်ကြည့်၍
“ဘာဖြစ်လို့လဲ။ ဘာကို ပင်ပန်းတာလဲ”
“ရှင်ကတော့ လင်းချွမ်လိုပဲ။ အရမ်း နှိမ့်ချတတ်တာပဲ”
ချူဝမ်နင်း ပြုံး၍ ပြောလိုက်၏။
ယုယွီမှာ ထိုအချိန်အထိ နားမလည်သေးဘဲ အံ့ဩစွာကြည့်၍
“လင်းချွမ်နဲ့ကရော ဘာဆိုင်လို့လဲ”
“ဒီနေ့ လင်းချွမ်ကို အာလူးဝက်ဘ်ဆိုဒ်အကြောင်း ပြောမယ်ဆို။ မနေ့ညက ပြောတာလေ”
ချူဝမ်နင်း စိတ်လှုပ်ရှားစွာဖြင့် စကားစပေးလိုက်သည်။
“ဟုတ်တယ်လေ…”
ယုယွီ ကြောင်အမ်းအမ်းဖြင့် ခေါင်းငြိမ့်ပြ၏။
ချူဝမ်နင်းမှဆက်၍
“ခုနလေးတင်ကပဲ အာလူးဝက်ဘ်ဆိုဒ်က ဆက်သွယ်လာတယ်”
“ဟင်”
ယုယွီ အံ့ဩတကြီး ကြည့်နေ၏။
“ဘယ်လိုထင်လဲ မှန်းကြည့်လေ”
ချူဝမ်နင်း မျက်ခုံးလေးပင့်လျက် ရွှင်ပျစွာဖြင့်
“အာလူးဝက်ဘ်ဆိုဒ်ကနေ လျော်ကြေး ပေးပါမယ်လို့ စဆက်သွယ်လာတာ။ လင်းချွမ်ဝတ္ထုကနေ ရခဲ့တဲ့ အမြတ်တွေ ပြန်ပေးမယ့်အပြင် လျော်ကြေးအနေနဲ့ (၂) ဆ ထပ်ပေးဦးမယ်တဲ့။ နောက်ပြီး နောက်ပိုင်းအတွက်လည်း တရားဝင် မူပိုင်ခွင့် ရချင်ပါတယ်တဲ့”
ယုယွီ မျက်လုံးပြူးလျက်
“မျက်လှည့်ဆန်လိုက်တာ”
“ဟုတ်တယ်။ တကယ် မျက်လှည့်ပြလိုက်သလိုပဲ”
ချူဝမ်နင်း စိတ်လှုပ်ရှားလျက်
“အစကတော့ ဥပဒေအဖွဲ့ကနေ ကျွန်မကို ဖြေရှင်းဖို့ လာခေါ်တုန်းက အံ့ဩနေတာ။ ဥပဒေအဖွဲ့ ကိုယ်တိုင်လည်း အံ့ဩပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတာလေ။ အရင်ကတော့ ကျွန်မတို့ သတိပေးစာတွေ၊ တရားစွဲတဲ့စာတွေ ပို့တာကို မသိချင်ယောင်ဆောင်ပြီး လှောင်ပြောင်နေခဲ့ပြီးတော့”
ယုယွီ ခေါင်းလေးကုတ်လျက်
“ကျွန်မတို့ မသိလိုက်တာတစ်ခုခု ရှိတာလား”
ချူဝမ်နင်း ခေါင်းငြိမ့်ပြ၍
“ကျွန်မလည်း အဲ့လိုတွေးမိတယ်။ ဒါပေမဲ့ သူတို့ လုပ်ဆောင်မှုက ပြတ်သားတယ်။ စာချုပ်တွေ ရေးနေပြီး နောက် (၂) နာရီအတွင်း ပိုက်ဆံလွှဲပေးမယ်တဲ့။ နောက်လ လင်းချွမ်ကို စာမူခထဲ ထည့်ပေးရမှာပေါ့”
ယုယွီ ခဏငြိမ်နေပြီးမှ
“ဒီကိစ္စက…”
“ဒီကိစ္စက ရှင်တို့ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့လို့ပေါ့။ ဒါပေမဲ့ ရှင်ရော လင်းချွမ်ရောက အရမ်းလျှိုတာပဲ။ ဒီလိုကိစ္စကြီး လုပ်ထားတာတောင် တစ်ခွန်းမပြောပြဘူး။ လင်းချွမ်လည်း တကယ် အံ့ဩစရာကောင်းတယ်။ တခြားခိုးကူးအမှုတွေပါ ဖြေရှင်းပေးဖို့ ပြောပေးပါလားဟင်”
ချူဝမ်နင်းမှာ အောင်မြင်ခြင်းအရသာကို သိသွား၍ ထပ်တောင်းဆိုမိလေသည်။
“ဟင်”
“ဘာလို့လဲ ယုယွီ”
ချူဝမ်နင်း ယုယွီ အရမ်းမပျော်ဘဲ မှင်တက်နေပုံပေါ်၍
“ရှင့်အတွက်လည်း ထူးဆန်းတယ်မလား”
ယုယွီ ပြုံးကာ
“ကျွန်မ အမှန်တော့ လင်းချွမ်ကို ဘာမှ မပြောရသေးဘူး”
“ဟင်”
ယခုတစ်ကြိမ်တွင်တော့ ချူဝမ်နင်း မှင်တက်သွားရလေ၏။
“မပြောရသေးဘူးလား”
“ဟုတ်တယ်”
ယုယွီ လေးနက်စွာ ခေါင်းငြိမ့်ပြသည်။
“အဲ့တာက…”
ချူဝမ်နင်း မေးစေ့လေး ပွတ်လျက်
“ဒါဆို ပိုထူးဆန်းသွားပြီ။ အာလူးဝက်ဘ်ဆိုဒ်ကလူတွေ ရုတ်တရက် အသိတရား ရသွားတာတော့ မဖြစ်နိုင်ဘူးမလား”
ယုယွီ နို့အနည်းငယ် သောက်လိုက်ပြီး
“လင်းချွမ်ပရိသတ်ထဲကများလား”
“ဘယ်လို”
“ဟုတ်တယ်”
ယုယွီ သေချာစဉ်းစားပြီးနောက်
“သူ့ပရိသတ်တွေက တစ်ခါတစ်လေ ထူးဆန်းတယ်”
ချူဝမ်နင်း ပြုံးသွားပြီး
“သူတို့ အာလူးဝက်ဘ်ဆိုဒ်ကို လိုက်သွားပြီး လက်မှတ် အတင်းထိုးဖို့ သောင်းကျန်းလိုက်တာများလား”
“ဒီထက်တောင် ပိုဖြစ်နိုင်သေးတယ် ဝမ်နင်းရေ”
ယုယွီ ရယ်မောလျက်
“အာလူးဝက်ဘ်ဆိုဒ်ခေါင်းဆောင်က သေနတ်နဲ့ အချိန်ခံရလို့ ချက်ချင်း သဘောတူပေးလိုက်ရတာ နေမယ်”
“အဲ့လိုဆို ကြောက်စရာနော်”
ချူဝမ်နင်း အားရပါးရ ရယ်မောမိလေသည်။
ယုယွီ ဆံပင်ကို သေသပ်စွာ ပြန်စည်းလိုက်ပြီး
“လင်းချွမ်လား သူ့ပရိသတ်လားဆိုတာ မေးလိုက်ဦးမယ်။ တခြားတော့ ဖြစ်နိုင်ခြေ ထပ်မရှိပါဘူး”
ချူဝမ်နင်းလည်း ထောက်ခံမိ၏။
“ဒီအသိုင်းအဝိုင်းက တကယ် ထူးဆန်းတာ။ သူကိုယ်တိုင်ဖြစ်ဖြစ်၊ ပရိသတ်ဖြစ်ဖြစ် သက်ရောက်မှု အရမ်းကြီးတာပဲ”
“ဘယ်အသိုင်းအဝိုင်းလဲ”
ချူဝမ်နင်း ခဏငြိမ်နေပြီးမှ
“ပြစ်မှုအသိုင်းအဝိုင်းလေ”
“ဟင်”
ယုယွီ အားရပါးရ ရယ်မောကာ
“လင်းချွမ်သာ ဒါကိုကြားရင် ရှင်နဲ့ စကား အများကြီး ပြောရတော့မယ်”
ချူဝမ်နင်း လက်အမြန် ယမ်းပြ
“သွားတော့မပြောပါနဲ့။ သူ့စာအုပ်တွေ မျှော်နေသေးတာလေ”
ယုယွီပြုံး၍ လင်းချွမ်အား စာအချို့ ပို့လိုက်လေသည်။
…
အန်လင်းမြို့၊ ဘဏ္ဍာရေးရုံး။
ယနေ့ လင်းချွမ်မှာ အရင်လို ပေါ့ပေါ့ပါးပါး မဟုတ်ဘဲ မီးခိုးရောင်အနောက်တိုင်းဝတ်စုံကို သပ်ရပ်ခန့်ညားစွာ ဝတ်ဆင်ထားသည်။
အရပ် (၁၈၆) စင်တီမီတာမြင့်ပြီး ချောမောသည့် မျက်နှာလေးတွင် ဆံပင်ခပ်တိုတိုကြောင့် ပို၍ ကြည်ရှင်းနေ၏။
သူ့ဘေးတွင် ရှန်ချန်းချန်းအဖေ ရှန်ကျန်းဟွာ ပါလာသည်။
မနက်စောစောအချိန်ဖြစ်ပြီး နှစ်ဦးသာ အန်လင်း စတီးလ်စက်ရုံအား ပြောင်းလဲရန် မြို့တော်ဘဏ္ဍာရေးဌာနသို့ ရောက်လာကြခြင်း ဖြစ်လေသည်။