ကန္တာရမှ လွတ်မြောက်ခြင်း
Vol. 24 Ch. 350
အန်လင်းမြို့၊ လင်းကျန်အိမ်ရာ။
လင်းချွမ်မှာ ကွန်ပျူတာရှေ့တွင်ထိုင်ရင်း လီယိုပို့လာသည့်စာကို ငေးကြည့်နေမိသည်။ သူ့ကို မိတ်ဆက်လာသည့် ထူးဆန်းသော ပရိသတ်များစွာကို ကြုံဖူးပါသည်။
ယခုအခါတွင်မူ လက်နက်ဝယ်ရမ် ရောက်လာခြင်း ဖြစ်၏။
တိုက်ဆိုင်လိုက်တာ။
သူတို့ အန်လင်း သံထည်နှင့်စတီးလ်စက်ရုံမှာ ပြောင်းလဲ၍ မပြီးသေးသည့်အပြင် လက်နက်များ ထုတ်လုပ်ရောင်းချချင်နေသော်လည်း အင်အား မရှိပေ။
အမှာစာများစွာ ရရှိပြီး ရန်ပုံငွေတည်မြဲလျှင် စတီးလ်စက်ရုံအား စစ်လက်နက်စက်ရုံအဖြစ် ကောင်းကောင်း တည်ထောင်နိုင်လေပြီ။
သို့ရာတွင် ကိုယ်တိုင် လက်နက် အရင်ရောင်းနေခြင်းမှာ သေချာပေါက် ပြစ်မှု ဖြစ်၏။
အချိန်ကျလျှင် နောက်ကြောင်းလိုက်ပါက သူ့ကိုယ်သာ အားလုံးညွှန်ပြပြီး ရဲစခန်း ထပ်ရောက်ရလိမ့်မည်။
ထိုဇာတ်လမ်းမှာ သူ့အတွက် ရိုးနေလေပြီ။
လင်းချွမ် ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် အဲ့လိုမျိုး တစ်ဦးချင်းတော့ ကိုယ်တိုင် မရောင်းပါဘူး”
တစ်ဖက်မှ လီယိုမှာ လင်းချွမ်စာကိုကြည့်ရင်း
“ကျွန်တော်က တစ်ဦးတည်း မဟုတ်ပါဘူး”
“မဟုတ်ဘူးလား”
လင်းချွမ် ပြန်မေးမိ၏။
“မစ္စတာလင်း အခုက အင်တာနက်ပေါ်ကနေဆိုတော့ ကျွန်တော့်အကြောင်း ပြောပြရမှာ စိုးရိမ်မိပါတယ်။ နည်းနည်း အန္တရာယ်များလို့ပါ”
လီယို လင်းချွမ် လုံခြုံရေးအတွက် စဉ်းစားကာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ဒီဆက်သွယ်မှုအတွက် အကာအကွယ် လုံခြုံရေး ချထားပါတယ်။ ဘယ်သူမှ မသိနိုင်ပါဘူး”
လင်းချွမ် လီယို့ကို စိတ်အေးစေရန် ရှင်းပြလိုက်၏။
အပြင်လူအနေနဲ့ လာဝယ်တာမဟုတ်ရင် တော်ပါသေးတယ်။
“လုံခြုံရေး ချထားတာလား။ ဘယ်လောက် အဆင့်ရှိတာလဲ”
လီယို စိတ်ဝင်တစား မေးမိ၏။
သူ ထိုလောကတွင် ကျင်လည်ခဲ့သော ခုနှစ်များထဲ၌ အက်တာနက်ဆိုင်ရာ လုံခြုံရေးအကြောင်း အတော် သတိထားရပြီး နားလည်အောင် ကြိုးစားခဲ့ရသည်။ အရေးကြီး ဆက်သွယ်မှုများကို ကြားဖြတ် ကြည့်ရှုနားထောင်သူများ ရှိတတ်ပါသည်။
သူ ယခု လင်းချွမ်ကို ဆက်သွယ်ရာတွင်လည်း အထူးသတိပြု၍ ပြောနေခြင်း ဖြစ်၏။
“စိတ်လျှော့ပါ။ ကျွန်တော်တို့ ဆက်သွယ်တာကို တစ်ယောက်ယောက် ခိုးကြည့်နေရင်လည်း ကျွန်တော် အရင်သိမှာ”
လင်းချွမ် သေချာအောင် ထပ်ပြောပြ၏။
သူကိုယ်တိုင်လည်း လုံခြုံရေးကို ဂရုစိုက်ပါသည်။
အထူးသဖြင့် စစ်လက်နက်အကြောင်း ဆွေးနွေးရာ၌ အထိမခံသော စကားလုံးများရှိပြီး သတိထားတာ ကောင်းပါသည်။
“မစ္စတာလင်းရော အင်တာနက် လုံခြုံရေးတွေအကြောင်း သိတာလား”
လီယို အံံ့ဩကာ ပြန်မေးလိုက်၏။
“နည်းနည်းပါးပါးပါ”
လင်းချွမ် နှိမ့်ချ၍သာ ပြောလိုက်သည်။
ထိုစဉ် လီယို၏လက်ထောက်မှာ နိုင်ငံတကာဖိုရမ်ထဲ ဝင်၍ လင်းချွမ်၏ အခြားဝတ္ထုများဖြစ်သည့် ဟက်ကာလောက၊ ရေခဲနက်တို့ကိုပါ လေ့လာကြည့်နေသည်။
ထို့နောက် လီယို့အား အမြန် ပြန်တင်ပြလိုက်၏။
လီယို စိတ်ထဲမှ တွေးလိုက်မိလေသည်။
မစ္စတာလင်းက တော်တော်များများ သိနေတာပဲ။
အင်တာနက်လုံခြုံရေး ချထားလျှင်တော့ ပို၍ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနိုင်ပေမည်။
ထို့ကြောင့် လီယိုမှ ဆက်၍
“မစ္စတာလင်း ကျွန်တော့်ရည်ရွယ်ချက်က လက်နက်ကို တစ်ဦးတည်းအနေနဲ့ ဝယ်ချင်တာမျိုး မဟုတ်ပါဘူး။ တရားဝင် ပူးပေါင်းချင်တာပါ။ ကျွန်တော့် သရုပ်မှန်က ဟားစ်စစ်တပ်က လက်နက် ထောက်ပံ့ရေးတာဝန်ခံပါ”
တစ်ဖက်တွင် လင်းချွမ် ပို၍ လေးနက်လာ၏။
သူ့ပရိသတ်များမှာ ပုံမှန်မဟုတ်မှန်း သေချာသည်။
ဟားစ်စစ်တပ်ဆိုတာ အရှေ့အလယ်ပိုင်းက စစ်တပ်မလား။
သူတို့ဆီမှာ တိုက်ပွဲတွေဖြစ်နေတုန်းလို့ ကြားဖူးတယ်။
အများအားဖြင့် ထိုတပ်များတွင် အမြဲလက်တွဲနေသော ထောက်ပံ့သူ ရှိတတ်၏။
ထို့ကြောင့် လင်းချွမ် နားမလည်နိုင်စွာဖြင့်
“ဒါဆို ဘာလို့ ကျွန်တော့်ဆီမှာ လာဝယ်ရတာလဲ”
“မစ္စတာလင်း ဒီလိုပါ”
လီယို စတင်ရှင်းပြလေ၏။
“အခု ကျွန်တော်တို့မှာ ပြဿနာလေး တက်နေလို့ပါ။ ကျွန်တော်တို့ ယူနေကျ လက်နက်ရုံက ကျေနပ်လောက်အောင် မပေးနိုင်ဘူး ဖြစ်နေတယ်။ အဲ့အချိန်မှာ ကျွန်တော် လက်နက်ဝိဇ္ဇာဆိုတဲ့ စာအုပ် ဖတ်မိပြီး မစ္စတာလင်းကို လက်နက်ပညာရှင်လို့ သေချာပေါက် သိလိုက်တယ်လေ။ အဲ့တာကြောင့် ဆက်သွယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တာ”
လင်းချွမ် အကြမ်းဖျင်းတော့ သဘောပေါက်သွား၏။
ယူနေကျ လက်နက်ရုံနှင့် အဆင်မပြေ၍ လက်နက် ရှားပါးနေခြင်းပင်။
ဒါဆို သူတို့ အလောတကြီး လိုနေမှာပေါ့။
တိုက်ခန်းထဲ၌။
လင်းချွမ် သူ့ရေခွက်ကိုယူ၍ ရေနွေးတစ်ခွက်ထည့်ကာ ခပ်ဖြည်းဖြည်း သောက်ရင်း တွေးနေသည်။
စစ်တပ်တစ်ခုထံမှ အမှာစာရလျှင် သေချာပေါက် ကြီးမားပေမည်။
အထူးသဖြင့် အရင်လက်နက်ရုံနှင့် အဆင်မပြေသော စစ်တပ်မှာ လက်နက်အများအပြား လိုနေမည် ဖြစ်၏။
စစ်ပွဲတွေဟာ ဈေးကြီးလိုက်တာ။
စံနှုန်းမီသော ဒုံးကျည်လောင်ချာတစ်ခုကို သိန်းချီ တန်ပြီး အချို့ ကြီးမား၍ အဆင့်မြင့်သော လက်နက်များမှာ သန်းဂဏန်းအထိ ရှိကြသည်။
သူ ဟားစ်စစ်တပ်ကို လက်နက် ရောင်းနိုင်မည်လား။
လင်းချွမ် ခဏတွေးပြီးနောက်
“ဟားစ်ဘက်က ဘယ်လို လက်နက်မျိုး ဝယ်ချင်တာလဲ”
“မစ္စတာလင်း ကျွန်တော်တို့က လက်နက်ကြီးတွေ လိုတာပါ။ ဥပမာ တင့်ကားဒုံးကျည်တို့၊ အဆင့်မြင့် စက်သေနတ်တို့ပေါ့။ များများ ယူမှာပါ။ နောက်ပြီး ဝတ္ထုထဲမှာ ရေးထားတဲ့ ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်ကိုလည်း စိတ်ဝင်စားမိပါတယ်။ အဲ့တာရော အသင့်ရှိတာလားဟင်”
လီယို ပြောပြီးနောက် သက်ပြင်းချ၍ လင်းချွမ်၏ ပြန်စာကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေသည်။
အလိုချင်ဆုံးအရာအတွက် အမျှော်လင့်ဆုံး ဖြစ်တတ်ပါသည်။
လီယိုလည်း ထိုအတိုင်းပင် ဖြစ်၏။
ယခုလက်ရှိတွင် အဝေးဆုံးသက်ရောက်နိုင်သည့် ဒုံးကျည်လောင်ချာသည် မော်ဂန်အုပ်စု၌သာ ရှိနေသည်။
ထို့ကြောင့် လီယိုတစ်ယောက် လင်းချွမ်ထံမှရရန် အလွန်မျှော်လင့်မိပါသည်။
သူတို့၌ ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်လောင်ချာသာ ရှိလာလျှင် လောကကြီးကို ကြောက်စရာ မလိုတော့ချေ။
“အဆင်သင့်တော့ မရှိဘူးဗျ”
လင်းချွမ် အမှန်အတိုင်း ပြောလိုက်သည်။ ထို့နောက် ဆက်၍
“ဒါပေမဲ့ သဘောတူလက်မှတ်ထိုးပြီးရင်တော့ ခုနက ပြောတဲ့လက်နက်အကုန် ရနိုင်ပါတယ်”
ရုတ်တရက် လီယို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် တစ်ကိုယ်လုံး တုန်ရီကာ ကြွက်သားများ တောင့်နေသည်။
သူ ထိုအခြေအနေကို မည်သို့ တုံ့ပြန်ရမည်မသိ ဖြစ်နေ၏။
လင်းချွမ်၏ စကားတစ်ခွန်းမှာ ကန္တာရထဲ လမ်းပျောက် သေဆုံးတော့မည့်သူမှ စိမ်းစိုသော တောအုပ်ကြီးကို တွေ့လိုက်ရသလိုပင်။
“သူက တကယ့် လက်နက်ဝိဇ္ဇာပဲ”