စက်ရုံပြောင်းလဲခြင်း
Vol. 24 Ch. 351
လီယို စိတ်မထိန်းနိုင်တော့ဘဲ လှည့်၍ လက်ထောက်၏ ပုခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။
သူစိတ်လှုပ်ရှားလွန်း၍ ပြောသည့်စကားများ၌ တံတွေးများပင် စင်ကုန်လေသည်။
လက်ထောက်မှာ မျက်နှာကို လက်ဖြင့် သုတ်ရင်း
“ထောက်ပံ့သူအသစ် ပေါ်လာပြီဆိုတော့ ယုချင်း ထိန်းချုပ်တာ ခံနေရစရာ မလိုတော့ဘူး”
ယုချင်း ထိုသို့ ဈေးကြီးကြီး တောင်းရဲခြင်းမှာ ဈေးကွက်ထဲ၌ သူတို့တစ်ဦးသာ ရှိသောကြောင့် ဖြစ်သည်။
သို့သော် ယခု လင်းချွမ်၏လက်နက်မှာ မော်ဂန်အုပ်စုထက် သာလွန်သေး၏။ ဈေးမြင့်လျှင်ပင် အရည်အသွေး အလွန်ကောင်းသောကြောင့် တန်ပါသည်။
လင်းချွမ် ပေါ်ထွက်လာ၍ ကယ်တင်ရှင် ရသွားသည်။
လက်နက်ရောင်းဝယ်ခြင်းမှာလည်း စီးပွါးရေးတစ်ခု ဖြစ်သည်။
စီးပွါးရေး၌ အပြိုင်မရှိလျှင် ဈေးတင်ထားပြီး အပြိုင်ပေါ်မှ ညှိပေးတတ်ကြ၏။
လီယိုလည်း ယခုအခါ တစ်ပုံစံတည်း ခံစားနေရလေသည်။
လီယို သက်ပြင်းချ၍ စိတ်ငြိမ်အောင် ထိန်းပြီးနောက် အလုပ်ကိစ္စတွင် အာရုံပြန်စိုက်လိုက်၏။
“မစ္စတာလင်း ကျွန်တော်တို့ ဘယ်လို ပူးပေါင်းရမလဲ ပြောပြပေးပါဦး”
သူတို့ ပူးပေါင်းရေးမှာ အရေးအကြီးဆုံး အချက် ဖြစ်သည်။
အမှန်အတိုင်းဆိုရသော် ယခု စကားပြောနေသည့် တစ်လျှောက်၌ လင်းချွမ်၏ နူးညံ့ယဉ်ကျေးမှုကို ခံစားမိပြီး ယုချင်း၏ အတ္တကြီး၍ ခက်ထန်သော အမူအကျင့်နှင့် ကွဲပြားကြောင်း သိသာလေသည်။
ဈေးသာတည့်လျှင် လင်းချွမ်နှင့်သာ ရေရှည် လက်တွဲတော့မည် ဖြစ်သည်။
ယုချင်း၏မာနကို မည်သူက သည်းခံနိုင်မည်နည်း။
“ဒါဆို နောက်ဆုံးအနေနဲ့ နှစ်ဖက်စလုံး သေချာအောင် ပြန်စဉ်းစားတာပေါ့”
လင်းချွမ်မှ ပြောလိုက်သည်။
လီယို သဘောပေါက်သွားကာ
“သတင်းကောင်း စောင့်နေပါ့မယ် မစ္စတာလင်း”
“ဟုတ်ကဲ့ပါ”
ထို့နောက် လင်းချွမ်ပြုံး၍ အစ်ကိုစွန်းအား ချက်ချင်း ဆက်သွယ်လိုက်သည်။
“ဟယ်လို လင်း”
အစ်ကိုစွန်းမှာ အလွန် အလုပ်ရှုပ်သူ ဖြစ်သော်လည်း လင်းချွမ် ဖုန်းဆက်သည်အား ချက်ချင်း ကိုင်လိုက်၏။
လင်းချွမ်မှ
“အစ်ကိုစွန်း ကျွန်တော့် အဝေးထိန်းဒုံးကျည်လောင်ချာကို လေ့လာတာ ဘယ်အဆင့် ရောက်နေပြီလဲဗျ”
“ကောင်လေးရေ သတင်းများ ကြိုကြားထားလို့လား။ ဒီမနက်ပဲ ခွင့်ပြုမိန့်ကျပြီ။ ငါလည်း သတင်းကောင်း လှမ်းပြောတော့မလို့ပဲ”
အစ်ကိုစွန်းမှာ စိတ်ကြည်နေပြီး အားရပါးရ ရယ်မောရင်း ပြော၏။
လင်းချွမ် လေ့လာမှု တစ်နှစ်မကျော်သည်အား ကျေးဇူးတင်နေမိသည်။ လက်နက် လေ့လာစမ်းသပ်ရေးဌာနက ယုံရတာပဲ။
“ခွင့်ပြုမိန့်ကျပြီဆိုတော့ ထုတ်လုပ်ရေး စလို့ရပြီလား”
“ဒီဇိုင်နာချုပ်လင်း ဘာတွေးနေလဲ သိပါတယ်”
အစ်ကိုစွမ်းမှ ခပ်အေးအေးပြော၏။
“ကျွန်တော်က ဘာတွေးလို့လဲ”
လင်းချွမ် ပြန်မေးလိုက်သည်။
“လင်းတို့ စတီးလ်စက်ရုံအကြောင်း ကြားပါတယ်။ မြို့တော်ဘဏ္ဍာရေးဘက်က သိပ်မပေးဘူးဆို။ အဲ့တော့ တစ်ခါတည်း ဒီဘက်က ညွှန်ကြားချက်နဲ့ စက်ရုံထောင်ဖို့ ကြံနေတာမလား”
သူယုံကြည်ချက်အပြည့်ဖြင့် ခန့်မှန်း ပြောလိုက်သည်။
သူတို့ဘက်မှ စက်ရုံကို ထုတ်ခွင့်ပေးလိုက်လျှင် မဖြစ်မနေ ဆောင်ရွက်ရပေမည်။
“အဲ့နည်းတော့ မတွေးမိသေးဘူး”
သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆက်ပြော၏။
“ဒါပေမဲ့ အဓိကက အဲ့ ဒုံးကျည်လောင်ချာကို စထုတ်လို့ရပြီလား သိချင်တာ”
“ထုတ်လုပ်တာက အဲ့လောက် လွယ်လို့လား”
အစ်ကိုစွန်း အံ့ဩစွာ မေးလိုက်၏။
“အဲ့လောက်တော့ မလွယ်ဘူးပေါ့”
“ပြောပါဦး”
လင်းချွမ် ခဏတွေဝေနေပြီးမှ
“အစ်ကိုစွန်းဘက်က စကားပြောလို့ အဆင်ပြေလား”
စွန်းမှာ သူ့ရုံးခန်းထဲတွင် တစ်ယောက်တည်း ရှိနေချိန် ဖြစ်၏။ ထို့နောက် ရယ်မောကာ
“လုံးဝ အဆင်ပြေတာပေါ့”
“ဒါဆို ရှင်းပြပါ့မယ်”
လင်းချွမ် ချောင်းဟန့်၍
“ကျွန်တော် အမှာစာကြီးကြီး ရထားတယ်”
“ဘယ်လို”
အစ်ကိုစွန်း ပို၍ခေါင်းရှုပ်သွားပြီး
“မင်းရဲ့ စစ်လက်နက်စက်ရုံက ဖွင့်တောင် မဖွင့်ရသေးတာကို။ ဘယ်သူမှ ဒီအကြောင်း မသိသေးဘူးလေ။ ဘယ်က အမှာစာလဲ”
“အဟမ်း နိုင်ငံခြားကပါ”
အစ်ကိုစွန်းမှာ ရုံးခန်းထဲ၌ ဖုန်းကိုင်ထားရင်း တစ်ကိုယ်လုံး တောင့်သွား၏။
ထို့နောက် အမူအရာလည်း ပိုလေးနက်ကာ
“ဒါ နောက်စရာ မဟုတ်ဘူးနော်။ ဘယ်လို နိုင်ငံခြားက မှာတာလဲ”
“ဟားစ်စစ်တပ်ကပါ”
လင်းချွမ် အမှန်အတိုင်း ပြောလိုက်၏။
“ဟင်”
အစ်ကိုစွန်း မျက်မှောင်ကြုတ်သွားပြီး
“ဟားစ်စစ်တပ်နဲ့ ဘယ်လို ချိတ်မိတာလဲ”
“သူတို့က ကျွန်တော့် စာဖတ်ပရိသတ်တွေလေ။ ကျွန်တော့်ဝတ္ထုဖတ်ပြီး လက်နက် ဝယ်ချင်ကြောင်း လာပြောတာ”
“ပရိသတ်တွေလား”
အစ်ကိုစွန်း မျက်နှာပျက်၍ ရှုပ်ထွေးနေဆဲပင်။
“မင်းဝတ္ထုက အဲ့လောက်တောင်လား”
မေးခွန်းမှာ ထူးဆန်းသွားသော်လည်း သူကိုယ်တိုင် နားမလည်လွန်း၍ ဖြစ်၏။
မည်သည့်စာဖတ်သူက ဝတ္ထုဖတ်၍ လက်နက် ဝယ်မည်နည်း။
“အင်း အဲ့တာက တော်တော်လေးတော့ လေးနက်လို့ပေါ့”
လင်းချွမ် ပြန်ဖြေလိုက်၏။
အစ်ကိုစွန်းမှာ စွံ့အနေဆဲပင်။
ဝတ္ထုကြောင့် ဟားစ်စစ်တပ်၏ အမှာစာများ ရလာလေသည်။
“စစ်လက်နက်တွေက စည်းမျဉ်း တင်းတင်းကြပ်ကြပ်နဲ့ ဂရုတစိုက် ထုတ်ရတာ”
အစ်ကိုစွန်း ထပ်သတိပေးလိုက်သည်။
“ကျွန်တော် သိပါတယ်”
“ငါ အထက်ကို တင်ပြလိုက်ဦးမယ်။ ခဏစောင့်နော်”
အစ်ကိုစွန်းမှာ တစ်ယောက်တည်း မနိုင်တော့၍ လူကြီးများနှင့် တိုင်ပင်ရန် ဆုံးဖြတ်လိုက်၏။
“ဟုတ်ကဲ့ပါ”
လင်းချွမ်လည်း ဖုန်းချကာ စောင့်နေလေသည်။
ထိုကိစ္စမှာ ရိုးရိုးအရောင်းအဝယ်လုပ်ရုံဖြင့် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ နောက်ကွယ်၌ အန္တရာယ်များ ပြည့်နှက်နေလေသည်။
လက်နက်များမှာ ရောင်းလိုက်လျှင် လွယ်၏။
သို့သော် မည်သူ့ကို ရောင်းသည်မှာ အရေးကြီးပါသည်။
နာရီဝက်ခန့်အကြာ၌။
တီ တီ တီ…
အစ်ကိုစွန်းမှ ဖုန်းပြန်ဆက်လာသည်။
“အစ်ကိုစွန်း ဘယ်လိုဖြစ်သွားပြီလဲ”
လင်းချွမ် စောင့်ရလွန်း၍ စိတ်မရှည်တော့ပေ။
ယခုအချိန်တွင် ဟားစ်စစ်တပ်မှာ အရေးကြီးဝယ်သူဖြစ်ပြီး အဆင်ပြေလျှင် ရေရှည် ဆက်သွားနိုင်သောကြောင့် လင်းချွမ် အလွန် မျှော်လင့်နေမိ၏။
စက်ရုံမှ အလုပ်သမားများလည်း မိသားစု စားဝတ်နေရေးအတွက် အလုပ်အမြန် လိုပါသည်။
“အဟမ်း အဟမ်း”
အစ်ကိုစွန်း ချောင်းဟန့်လိုက်ပြီး
“လင်း ငါ ဒီရက်ပိုင်း အန်လင်းကို မရောက်ဖြစ်ဘူးနော်”
“ဟင်”
လင်းချွမ် မျက်လုံးပြူးလျက် အံ့ဩနေသည်။
ဘာဖြစ်ချင်တာလဲ။
ထိုစဉ် အစ်ကိုစွန်းမှဆက်၍
“ငါလည်း အသက်ကြီးလာပြီဆိုတော့ ကိစ္စတွေ အရမ်းမေ့တတ်လာတယ်။ အန်လင်းတောင် မရောက်တာ ကြာပြီ”
“အင်း မရောက်ဘူးလေ”
လင်းချွမ် ခေါင်းငြိမ့်လိုက်သည်။
“ဒါနဲ့ အဲ့စတီးလ်စက်ရုံကို အစက အရုပ်စက်ရုံ ပြောင်းမလို့မလား”
လင်းချွမ် မျက်လုံးအရောင်လက်၍ သူ့ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး
“ဟုတ်တယ် ဟုတ်တယ်။ စတီးလ်စက်ရုံ အဆင်မပြေတော့ မတတ်သာတဲ့အဆုံး အရုပ်စက်ရုံ ပြောင်းရတော့မှာ။ မဟုတ်ရင် အလုပ်သမားတွေ အကုန် ဒုက္ခရောက်မှာလေ”
“အရုပ်စက်ရုံအတွက် ကောင်းကောင်း ထောက်ပံ့ပေးပါ့မယ်”
အစ်ကိုစွန်းမှ ပြော၏။
“ကျေးဇူးပါ အစ်ကိုစွန်း”
လင်းချွမ်မျက်နှာမှာ ပြုံးပျော်နေလေသည်။ ထို့နောက်
“ဒါနဲ့ ဒီအရုပ်တွေနဲ့ နိုင်ငံခြားရောင်းဝယ်ရေး လုပ်ရင် အဆင်ပြေတယ်မလား”
“နည်းနည်းပါးပါးကတော့ ပြည်ပစီးပွါးရေးအတွက်ပဲ။ ဘာမှ ပြဿနာ မရှိပါဘူး။ နောက်မှ လာခဲ့လေ။ အထူး ခွင့်ပြုချက်ပေးမယ်”
အစ်ကိုစွန်း စိတ်ရင်းဖြင့် ပြော၏။
“တော်ပါသေးရဲ့”
လင်းချွမ် ထိုအခါမှ စိတ်အေးရတော့သည်။
နှစ်ဦးသား ပဟေဠိဆန်စွာ ဖုန်းပြောပြီးသွားလေသည်။
ထို့နောက် အစ်ကိုစွန်းမှ လင်းချွမ်အား စာချုပ်နမူနာနှင့် သတိပေးချက်များ ပို့ပေးလိုက်၏။
လင်းချွမ် ဂရုတစိုက် ဖတ်ကြည့်သည်။
ထိုအခါ အရုပ်စက်ရုံပိုင်ရှင်က ပိုလုံခြုံမှုရှိကြောင်း သိလာရသည်။
အားလုံး ဖတ်ပြီးနောက် လင်းချွမ် လီယို့အား ပြန်ဆက်သွယ်လိုက်၏။
ထို့နောက် အရုပ်ရောင်းဝယ်ရေးဖြင့် ရှင်းပြလိုက်သည်။
“မစ္စတာလင်း ကျွန်တော်တို့ ပူးပေါင်းရေး အဆင်ပြေ ချောမွေ့ဖို့ မျှော်လင့်ပါတယ်”
လီယို စိတ်လှုပ်ရှားစွာ ပြောလိုက်သောကြောင့် အသံပင် အနည်းငယ် တုန်နေသည်။
“ဒါပေါ့”
လင်းချွမ်မှ
“မစ္စတာလီယို ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ အရင် လက်နက်ရုံအကြောင်းတော့ သိချင်ပါတယ်။ အခြေခံ အချက်မို့လို့ပါ”
လီယို ခေါင်းငြိမ့်ပြ၍
“ဒီလောကမှာ လက်နက်ရောင်းတဲ့သူ အများကြီး မရှိပါဘူး။ အဲ့တော့ ရှာလိုက်လည်း တွေ့မှာပဲ။ ကျွန်တော် ပြောပြပါ့မယ်”
“မစ္စတာလီယိုက အရမ်းခင်တတ်ပါတယ်”
“အရင် ထောက်ပံ့သူက မော်ဂန်အုပ်စုလေ”
လင်းချွမ် ဖုန်းပြောနေရင်း စွံ့အသွားမိလေ၏။