ထူးခြားသော ဈေးနှုန်း
Vol. 24 Ch. 353
အန်လင်းမြို့၊ ပေါင်းရင်ဟိုတယ်။
ကျန်းရှင်းရှင်းကိုယ်တိုင် ရွေးထားသော ဟိုတယ်မှာ အမှန်ပင် အဆင်ပြေလှသည်။
ရှုခင်းလှ၍ ခမ်းနားသပ်ရပ်သော်လည်း လူမရှုပ်ဘဲ တသီးတသန့်ဆန်၍ အပန်းဖြေလာသူများအတွက်လည်း သင့်တော်၏။
(၂၈) လွှာရှိ အခန်း (၈၈) တွင် လီယိုနှင့် လင်းချွမ်တို့ အစည်းအဝေး လုပ်နေကြလေသည်။
မစ္စတာလင်း ဒီလိုမျိုး ဧည့်ခံပေးတာ ကျေးဇူးပါဗျာ။ ဒီလောက်လှတဲ့ ရှုခင်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး”
လီယို သဘောကျစွာ ပြောလိုက်၏။
နွေးထွေးသော နေရောင်ခြည်မှာ ဝရံတာရှေ့ ကျရောက်နေပြီး မြစ်ပြင်ကျယ်မှ စိန်ပွင့်ကဲ့သို့ တလက်လက် အရောင်များမှာ စိတ်ကို ကြည်လင်လန်းဆန်းစေလေသည်။
အနောက်ဘက်မှ သစ်တောအုပ်မှာလည်း စိမ်းစို၍ ကြည်နူးစရာ ဖြစ်နေ၏။
လင်းချွမ်မှ စိတ်ရင်းအပြည့်ဖြင့်
“မစ္စတာလီယိုတို့ နယ်မြေလည်း အမြန်ဆုံး အေးချမ်းသွားပြီး ဒီိလိုရှုခင်း လှလှလေးတွေ ပြန်ပေါ်လာမှာပါ”
လီယို ထိုစကားကြောင့် အံ့ဩသွားမိ၏။
လက်နက်ရောင်းချသူထံမှ ထိုစကားမျိုး မမျှော်လင့်ထားမိပေ။
ပုံမှန်အားဖြင့် သူတို့ပစ္စည်း ရောင်းချရန် နယ်မြေ မအေးချမ်းသည်ကိုသာ လိုလားကြသည်။ ထိုလုပ်ငန်းမှာ စစ်ပွဲအပေါ် မှီခိုနေရသောကြောင့် ဖြစ်၏။
ပြောရလျှင် စစ်ကို အလိုလားဆုံးဟုပင် ဆိုနိုင်ပါသည်။
“မစ္စတာလင်းက ကျွန်တော် တွေ့ဖူးနေကျ လက်နက်ရောင်းသူတွေနဲ့ မတူဘူးပဲ”
လီယို လင်းချွမ်ကိုကြည့်ကာ ပြောလိုက်သည်။
လင်းချွမ် ပြုံးလျက်
“ကျွန်တော်တို့ ဒီမှာ စာဆိုတစ်ခု ရှိတယ်”
“ဘာများလဲ”
လီယို စိတ်ဝင်စားသွား၏။
“မတိုက်ခိုက်ဘဲ အနိုင်ယူပါတဲ့”
“ကျွန်တော် ကြားဖူးသလို ရှိပေမဲ့ နားမလည်ဘူးဗျ”
လင်းချွမ်ပြုံး၍ ရှင်းပြလေသည်။
“ရိုးရိုးလေးပါပဲ။ လူတစ်ယောက် အင်အားကြီးလာရင် ရန်သူက လာတောင် မတိုက်ခိုက်ရဲတော့ဘူးတဲ့”
လီယိုစဉ်းစားနေပုံပေါ်၍ လင်းချွမ်မှ ဆက်ကာ
“ဥပမာတစ်ခု ပြောပြမယ်။ မစ္စတာလီယိုက အစားအစာဂိုဒေါင် ဖောက်ရတော့မယ့် သူခိုး ဆိုပါတော့။ တစ်ဖက်မှာ လက်နက်လည်း မရှိတာကိုသိရင် ဘယ်လို လုပ်မလဲ”
“ဒီအတိုင်း လုလာမှာပေါ့”
“သူ့မှာ ဓားရှိရင်ရော”
“ကျွန်တော့်မှာလည်း ဓားအတူတူရှိရင် ခဏတော့ တွေဝေလောက်ပေမဲ့ တိုက်ခိုက်မိလိမ့်မယ်”
“သူ့မှာ လေ့ကျင့်ထားတဲ့ လက်နက်ကိုင်အစောင့်တွေ ရှိရင်ရော”
“မစ္စတာလင်းပြောချင်တာကို နားလည်ပါပြီ။ ဘယ်သူခိုးမှ ဒီလိုဂိုထောင်ကို ဖောက်ရဲတော့မှာ မဟုတ်ဘူး”
“အဲ့တော့ မစ္စတာလီယိုလည်း လက်နက်တွေ ပိုပြင်ထားဖို့ လိုတာပေါ့”
လီယို ရယ်မောလိုက်မိပြီး
“မစ္စတာလင်းပြောတာ သဘောပေါက်ပါပြီ။ တကယ့် ပညာရှင်ပဲဗျာ။ စစ်ပွဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ် လက်နက်ကို ရအောင် ရောင်းတာပဲ”
“ကျွန်တော့်ဆန္ဒက ကမ္ဘာကြီး အေးချမ်းသာယာဖို့လို့ ပြောရင် ယုံမလား”
လင်းချွမ် ရယ်မောကာ ပြောမိသည်။
သူ့ဟာသကို လီယိုလည်း လိုက်ရယ်၍
“ယုံသင့်တယ် ထင်ပါတယ်လေ”
ထို့နောက် နှစ်ဦးသား ရင်းရင်းနှီးနှီး စကားဆက်ပြောကြလေသည်။
လီယိုမှာ ပူပေါင်းရေးကိစ္စကို စကားအရင်စလိုက်၏။
“မစ္စတာလင်းက မိတ်ဖက်ကောင်းဆိုတာ နားလည်ပါပြီ။ ပူးပေါင်းရေးကို မြန်မြန် ဆွေးနွေးလိုက်ကြတာပေါ့။ ကျွန်တော့်တပ်မှာ လက်နက်တွေဆင်ဖို့ စောင့်နေကြပြီ”
လင်းချွမ် လိမ္မော်ရည်တစ်ငုံ သောက်၍
“မစ္စတာလီယိုက ဒဲ့ဒိုးသမားပဲ။ ကျွန်တော်လည်း အဲ့တာကိုကြိုက်တာ။ မစ္စတာလီယိုတို့က ဘာလက်နက်တွေ လိုချင်တာလဲ။ စာရင်း ပြပေးပါလား”
“ကောင်းပါပြီ”
လီယိုချက်ချင်း ယူလာသောဖိုင်အား ထုတ်ပေးလိုက်၏။
လက်နက်အမည်များမှာ အင်္ဂလိပ်လို ရေးထားပြီး အမျိုးအစားအစုံပါလေသည်။
[…]
လင်းချွမ် ဖတ်ကြည့်ပြီးနောက် ပြုံးသွား၏။
သူ့ဝတ္ထုထဲမှ လက်နက်အတော်များများ ပါလေသည်။
မစ္စတာလီယိုမှာ အမာခံပရိသတ် ဖြစ်နေသည်။
ပုံမှန်အားဖြင့် ဝတ္ထုကို အပျော်သာ ဖတ်လေ့ ရှိကြသော်လည်း လီယိုကတော့ တစ်ခါတည်း စာရင်းပြုစုထား၏။
“မစ္စတာလင်း လက်နက်တွေက အဆင်ပြေပါတယ်နော်”
လင်းချွမ် ပြုံးကာ
“ဒီလောက်က ကျွန်တော့်အတွက် အရုပ်တွေပါပဲ”
“တကယ့် လက်နက်ဝိဇ္ဇာပဲဗျာ”
လီယို ခေါင်းငြိမ့်၍
“ဈေးအတိအကျလေးကရော ဥပမာ အဝေးထိန်း ဒုံးကျည်လောင်ချာဆိုရင်”
သူ ကိုယ်ကို ရှေ့သို့ကိုင်းလာကာ မျှော်လင့်တကြီး မေးလိုက်သည်။
လင်းချွမ်မှာ သူစိုးရိမ်နေသည်အား နားလည်ပုံဖြင့်
“ဒီလောင်ချာက အကွာအဝေးပေါ် မူတည်ပြီး (၃) မျိုး ရှိတာလေ။ (၇၀)၊ (၃၇၀)၊ (၆၀၀)။ (၆၀၀) ဆိုရင်တော့ ချက်ချင်း မရသေးဘူး”
“(၃၇၀) ယူပါမယ်”
လီယို တွေဝေမနေဘဲ ဖြေလိုက်၏။
မည်သို့ပင်ဖြစ်စေ ယုချင်းလက်နက်ထက်တော့ သာနေပါသေးသည်။
လင်းချွမ်မှာ ယုချင်းတို့ဈေးကို မသိသော်လည်း ခဏစဉ်းစား၍
“ဒေါ်လာ (၆) သန်းပါ”
ငွေကြေးကိစ္စမှာ အလျှော့အတင်း ရှိနိုင်ပါသေးသည်။ ထို့ကြောင့် အဖြစ်နိုင်ဆုံးအား အခြေခံ ထားပေးလိုက်၏။
အမှန်တော့ နည်းပညာနှင့် ထုတ်လုပ်ရေးပေါ် မူတည်ကာ ဈေးကွာသွားကြခြင်း ဖြစ်သည်။ လင်းချွမ်မှာ ကိုယ်တိုင် ဒီဇိုင်းဆွဲ ကိုယ်တိုင် ထုတ်လုပ်မည်ဖြစ်၍ ဒေါ်လာ (၁) သန်းနှင့် ရောင်းရလျှင်ပင် အမြတ်ကျန်ပါသည်။
သို့သော် လီယို့အတွက်လည်း (၆) သန်းမှာ ထင်ထားသည်ထက် အလွန်လျော့နေ၏။
သူ လင်းချွမ်ကိုကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေသည်။
ထို့နောက် သူ့လက်ထောက်ကို လှည့်ကြည့်လိုက်သောအခါ မျက်လုံးပြူး၍ စွံ့အနေသည်ကို တွေ့ရ၏။
မနေ့ညက သူတို့ ရုံးချုပ်နှင့် တိုင်ပင်ထားသည်မှာ ဒေါ်လာ (၇) သန်းအထိ အများဆုံးပေးမည် ဖြစ်၏။
လီယို သက်ပြင်းခိုးချရင်း တည်ငြိမ်အောင် အမြန်ထိန်း၍ လိမ္မော်ရည်အနည်းငယ် ယူသောက်လိုက်သည်။
“မစ္စတာလင်း ဒီလောင်ချာက ဘယ်လောက်တောင် အင်အားကြီးတာလဲ”
“ဝတ္ထုထဲမှာ ပြောထားတဲ့အတိုင်း အတူတူပါပဲ”
လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောသည်။
“ဒေါ်လာ (၆) သန်းနော်”
သူ ငြိမ်သက်နေမိသည်။
“မစ္စတာလီယို ဈေးက ဘယ်လိုလဲ”
လင်းချွမ် သူတို့ကို ပိုက်ဆံမလောက်ဟုထင်ကာ အားနာစွာ မေးလိုက်သည်။
“ဒေါ်လာ (၆) သန်းကို နည်းနည်း ညှိလို့ရဦးမလား”
လင်းချွမ် ခဏစဉ်းစား၍
“မစ္စတာလီယိုတို့က ဘယ်လောက် ယူမှာလဲ”
“(၃) ခုပါ”
လီယို လက် (၃) ချောင်း ထောင်ပြ၏။
လင်းချွမ် မေးစေ့လေး ပွတ်လျက်
“(၄) ခုယူရင်တော့ အထူးဈေးနဲ့ ပေးလိုက်မယ်”
လင်းချွမ် လက် (၅) ချောင်း ထောင်ပြလိုက်သည်။
“၅…ဒေါ်လာ (၅) သိန်းလား”
လီယို မျက်မှောင်ကြုတ်၍ ပြောမိ၏။
ထိုဈေးမှာ အလွန်နိမ့်လွန်းနေသည်။
ဘေးမှ လက်ထောက်မှာတော့ အသက်ရှူသံမြန်လျက် တုန်ရီနေတော့သည်။
“ပထမဆုံး အရောင်းအဝယ်အတွက် လေ့ကျင့်ရေးနဲ့ ဝန်ဆောင်ခပါ အခမဲ့ လုပ်ပေးလိုက်ပါမယ်”
လင်းချွမ် တစ်ဖက်မှ လုံးဝမငြင်းနိုင်အောင် ပြောလိုက်သည်။
လီယိုလည်း အံ့ဩတုန်လှုပ်နေ၏။
ထိုကဲ့သို့ လက်နက်ရောင်းသူမျိုး တစ်ခါမှ မကြုံဖူးပေ။
“ဘယ်လိုလဲ”
လင်းချွမ်ပြုံး၍ ထပ်မေးလိုက်၏။
“ဒီဈေးနဲ့ဆို (၅) ခု ယူပါ့မယ်”
လီယို ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောသောကြောင့် အားလုံး လန့်သွားမိသည်။ သူ ဒီအတိုင်း ထိုင်မနေနိုင်တော့ပေ။