← Chapters

ခဏခဏ ပျောက်သွားတယ်

Vol. 24 Ch. 356

ခဏခဏ ပျောက်သွားတယ်

Vol. 24 Ch. 356

“အရင်ကြည့်လိုက်တာပေါ့”

ယုချင်း တည်ငြိမ်စွာ ပြောလိုက်၏။ 

လူးကပ်စ်မှ အတွင်းရေးမှူးအား လက်ပြလိုက်သောအခါ မိန်းကလေး ချက်ချင်း သဘောပေါက်၍ USB ထိုးလိုက်သောအခါ လင်းချွမ်၏ ဗီဒီယို စပေါ်လာသည်။ 

ထို့နောက် လူးကပ်စ် လက်ယမ်းပြ၍ မိန်းကလေးကို ထွက်သွားခိုင်းလိုက်၏။ 

ပိတ်ကားအသေးပေါ်တွင် တွေ့ရသော ဗီဒီယိုအား လုချင်းနှင့် လူးကပ်စ်တို့ အာရုံစိုက်ကာ ကြည့်နေကြသည်။ 

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါခဲ့သော ဗီဒီယို ဖြစ်၏။ 

မျက်နှာပြင်တွင် နှစ်ခြမ်းဖြစ်နေပြီး ဘယ်ဘက်၌ ကျောက်နန်နှင့် ကျောက်ရှောင်းလီတို့ဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရပ်နေသည်။ 

ညာဘက်၌မူ ယုချင်း အလွန်ရင်းနှီးနေသော အမျိုးသားတစ်ဦး ရှိ၏။ 

လင်းချွမ် ဖြစ်လေသည်။ 

“ကြည့်ရှုသူအားလုံးတို့ မင်္ဂလာပါ။ ကျွန်တော်ကတော့ နံပါတ်စဉ် (၈၀) လင်းချွမ် ဖြစ်ပါတယ်”

လင်းချွမ်၏အသံ ထွက်လာ၏။ 

ယုချင်းနှင့်လူးကပ်စ်တို့မှာ ယုခီခီလောက်တော့ တရုတ်စာမကျွမ်း၍ အင်္ဂလိပ်စာတန်းထိုးဖြင့် ကြည့်နေကြသည်။ 

လူးကပ်စ်ဖုန်းထဲ၌ အတွင်းရေးမှူးမှ ပို့ပေးထားသော အချက်အလက်များလည်း ရှိနေပါသည်။ 

“ဒီအွန်လိုင်းစာရေးဆရာက လက်နက်ဒီဇိုင်းသစ် ပြိုင်ပွဲကို ဝင်ပြိုင်နေတာပဲ”

လူးကပ်စ် ရေရွတ်မိ၏။ 

ယုချင်း ခေါင်းငြိမ့်ပြ၍ ဗီဒီယိုကိုသာ ဆက်ကြည့်နေသည်။ 

“ကျွန်တော့်လက်နက်ဒီဇိုင်းကတော့ အဝေးထိန်း ဒုံးကျည်လောင်ချာပါ။ ဒုံးကျည်အင်ဂျင်ကို သုံးပြီး ပစ်မှတ်ကို အတိအကျဖြစ်အောင် လုပ်ထားတာပါ။ အကွာအဝေးလည်း တိကျပြီး သက်ရောက်မှု များပါတယ်။ လက်ရှိမှာ အများဆုံးအနေနဲ့ ကီလိုမီတာ (၆၀၀) အထိ ပစ်နိုင်ပါတယ်”

“…”

ဗီဒီယိုထဲမှ လင်းချွမ်သည် ပြုံးရွှင်လျက် ယုံကြည်ချက် အပြည့်ဖြင့် သူ့လက်နက်အကြောင်းကို ဝေဝေဆာဆာ မိတ်ဆက်ပေးနေသည်။ 

ထို့နောက် တင်ဆက်သူနှင့် လင်းချွမ်တို့ အမေးအဖြေကဏ္ဍ ရောက်လာ၏။ 

အမေးအဖြေ အစီအစဉ်မှာ မြန်မြန်ဆန်ဆန်  ချောမွေ့စွာ ပြီးဆုံးသွားပါသည်။ 

“ယုချင်း ဒီအခြေအနေကို ဘယ်လိုမြင်လဲ”

လင်းချွမ်၏အဖြေများမှာ ပညာသားပါ၍ လူးကပ်စ်လို ထိုနယ်ပယ်၌ သိပ်နားမလည်သူပင် ရှင်းလင်းစွာ သဘောပေါက်လေသည်။ 

ယုချင်း ခဏငြိမ်၍ စဉ်းစားနေပြီးနောက် 

“သူမိတ်ဆက်သွားတာက အရမ်းကြွားရာကျနေသလိုပဲ”

“ကြွားတာလား”

လူးကပ်စ် မျက်မှောင်ကြုတ်၍ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။ 

“ဒါပေမဲ့ ကြွားရုံပါပဲ။ သူပြောတာ ကြည့်လေ။ ကီလိုမီတာ (၆၀၀) တဲ့။ အဲ့တာ ဖြစ်နိုင်တယ် ထင်လို့လား”

ယုချင်းမှ ဂရုမစိုက်သလို မထီမဲ့မြင် ပြောလေသည်။ 

ဤလောကတွင် သူသည်လည်း ကျွမ်းကျင် လက်နက် ရောင်းဝယ်သူတစ်ဦး ဖြစ်၏။ 

လက်နက်တည်ဆောက်ရေးအကြောင်းကို တစ်ချက် နားထောင်ရုံဖြင့် သဘောပေါက်ပါသည်။ လက်နက်များအကြောင်း နက်နဲစွာ နားလည်ထားသူ ဖြစ်လေသည်။ 

သူ ထိုလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး လက်နက်များ၏ ပုံစံ၊ လုပ်နိုင်စွမ်း၊ ဈေးနှုန်း၊ ဈေးကွက် လိုအပ်ချက် အားလုံးကို ရှင်းလင်းစွာ သိနေသည်။ 

“ကီလိုမီတာ (၆၀၀) တဲ့”

သူ နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်သည်။ 

“ဟင်”

လူးကပ်စ်မှာ ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်သောကြောင့် မျက်မှောင်ကြုတ်၍သာ ကြည့်နေရ၏။ 

“ငါတို့ ဆာနီယာကုမ္ပဏီကနေ ဝယ်ခဲ့တဲ့ ဒုံးကျည်လောင်ချာအကြောင်း မှတ်မိလား”

ယုချင်း မျက်နှာထားတင်းစွာ ပြောလိုက်သည်။ 

လူးကပ်စ် ခေါင်းယမ်းပြ၏။ 

ယုချင်း ခပ်အေးအေး ပြန်ပြောလိုက်သည်မှာ

“(၃၅၀) ကီလိုမီတာ… လင်းချွမ်က (၂၅၀) ကီလိုမီတာတောင် ပိုများနေသေးတယ်လေ”

လူးကပ်စ် ထိုအခါမှ ကောင်းကောင်း သဘောပေါက်သွား၏။ 

ကျည်ဆန်ရထားပင် တစ်နာရီ ကီလိုမီတာ (၃၅၀) ဖြင့် စံသတ်မှတ်ချက်အတိုင်းသွားလျှင် ထိုသို့ အပို (၂၅၀) ကီလိုမီတာရရန် မိနစ် (၄၀) မျှ ကြာပေမည်။ 

သို့သော် (၆၀၀) ကီလိုမီတာ။ 

ဒုံးကျည်လောင်ချာနယ်ပယ်တွင် သမိုင်းတွင်မည့် အတိုင်းအတာဖြစ်ပြီး လူအင်အား၊ စက်အင်အား များစွာ လိုအပ်မည် ဖြစ်၏။ 

လင်းချွမ်က တစ်ယောက်တည်း ဘယ်လိုလုပ် ဒီဇိုင်းဆွဲလိုက်တာလဲ။ 

ယုချင်း အဖြေကို သိနေသောကြောင့် ဘာမှ မပြောနိုင်ဘဲ တိတ်ဆိတ်နေ၏။ 

“အဲ့တာကြောင့် လင်းချွမ် ဒီလောက် ကြွားနေတာကိုး”

လူးကပ်စ် ရေရွတ်လိုက်မိပြီးမှ ယုချင်းကိုကြည့်ကာ

“ခီခီ့အတွက် (၇) ရက်ပဲ ကျန်တော့တယ်နော်”

သေဒဏ်မှာ အချိန်ထပ်ဆွဲလေ့ မရှိဘဲ နောက် (၇) ရက်အကြာတွင် စီရင်တော့မည် ဖြစ်သည်။ 

ယုချင်း ခေါင်းငြိမ့်ပြ၍

“ငါတို့လူတွေကို ဒီ (၇) ရက်အတွင်း ပိုအဆင့်မြင့်တဲ့ လက်နက်မျိုး ရှာနိုင်ဖို့ ပြောထားတယ်”

“ကောင်းပါပြီ။ ယုခီခီ အမြန်ဆုံး ပြန်လာပြီး ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”

လူးကပ်စ်မှ ပြော၏။  

“ဒါနဲ့ လင်းချွမ်သတင်းရော ဘာကြားသေးလဲ”

ယုချင်း ခဏအကြာတွင် ထပြော၏။ 

သူ လက်နက်ဝိဇ္ဇာဝတ္ထုဖတ်ပြီး လင်းချွမ်အပေါ် အမြင် ပြောင်းသွားခဲ့သော်လည်း မူလရည်မှန်းချက်ကို အပျက်စီးမခံနိုင်ပေ။ 

ခီခီ့ကို ကယ်တင်ပြီးနောက် လင်းချွမ်အား သုတ်သင်ရမည်။ 

“ဒီတစ်လော အပြင်တွေ အရမ်းသွားနေပါတယ်။ ဒါပေမဲ့ အရမ်း ဂရုစိုက်နေလို့ ကျွန်တော်တို့လည်း အနီးကပ်စုံစမ်းလို့မရ ဖြစ်နေတာနဲ့ ပျောက်ပျောက်သွားတယ်။ အခုလည်း တစ်နေကုန် အိမ်ပြန်မလာပါဘူး”

လူးကပ်စ် ပြန်ဖြေလိုက်သည်။ 

မော်ဂန်အုပ်စုကဲ့သို့ လုပ်ငန်းကြီးမျိုးမှာ လူတစ်ယောက်အကြောင်း စုံစမ်းရာတွင် မခက်ခဲလှပေ။ 

သို့သော် လင်းချွမ်ကဲ့သို့ ပြစ်မှုကျူးလွန်နိုင်သည်အထိ ကျွမ်းကျင်သူအဆင့်ကို မယှဉ်နိုင်ပေ။ 

ထို့ကြောင့် ခဏခဏ မျက်စိအောက်တင် ပျောက်သွားခြင်း ဖြစ်လေသည်။ 

“သူ ဘယ်မှာလဲသိရင် ရပါပြီ။ အရမ်းကြီး မသိသာစေနဲ့။ ငါတို့အလုပ်ကိုလည်း မထိခိုက်စေနဲ့”

“ဒီလောက်လေးတော့ အေးဆေးပါ။ ဘာမှ စိတ်မပူနဲ့”

လူးကပ်စ် ပြုံး၍ ပြောလိုက်၏။ 

“ခီခီ့ကိစ္စ ဆွေးနွေးပြီးရင် လက်နက်ရောင်းတဲ့ကိစ္စလည်း ရှိသေးတယ်နော်”

“လက်နက်ရောင်းတာ…”

ယုချင်း ရုတ်တရက် ရေရွတ်မိ၏။ 

သူ ဒီရက်ပိုင်း၌ ခီခီ့အကြောင်းသာ တွေးရင်း ဟားစ်စစ်တပ်နှင့် လက်နက်ရောင်းဝယ်ရေးကိစ္စကို မေ့ထားမိသည်။ 

ယုချင်း အချိန်ကို ပြန်တွက်ပြီးနောက်

“နောက်ဆုံး အစည်းအဝေးလုပ်ခဲ့တာ (၁) ပတ်တောင် ရှိပြီနော်။ လီယိုလည်း သူ့အထက်ကလူတွေနဲ့ နောက်ဆုံးဆွေးနွေးပြီးလောက်ပါပြီ”

သူ အရင်အတွေ့အကြုံများအရ စဉ်းစားလိုက်၏။ 

All Chapters