← Chapters

နောင်တ

Vol. 24 Ch. 357

နောင်တ

Vol. 24 Ch. 357

ဆွေးနွေးပြီးနောက် (၃) ရက်အတွင်း ဟားစ်စစ်တပ်မှ သူတို့နှင့် ဈေးညှိရန် ရောက်လာရပေမည်။ 

ယခုအခါ (၇) ရက်ပင် ရှိနေပြီဖြစ်၍ လီယို ဆက်သွယ်လာရတော့မည် ဖြစ်၏။ 

ထို့ကြောင့် သူ ဖုန်းကိုလှမ်းယူကာ လီယိုနှင့် စကားပြောခန်းထဲ ဝင်ကြည့်လိုက်သည်။ 

“ဟင် ဘာစာမှ မဝင်ထားဘူးလား”

ယုချင်း ဖုန်းကိုကြည့်ကာ ရေရွတ်မိလိုက်သည်။ 

လီယိုထံမှ စာလုံးဝ မဝင်ထားသည်မှာ ထူးဆန်းလွန်း၏။ 

“ဘာဖြစ်လို့လဲ”

သူ့အမူအရာကြောင့် လူးကပ်စ် လှမ်းမေးလိုက်သည်။ “ပုံမှန်အားဖြင့် လီယို စဆက်သွယ်ထားသင့်တာ ကြာနေပြီကို”

ယုချင်း လူးကပ်စ်ကိုကြည့်၍ နားမလည်နိုင်စွာ ပြန်ဖြေလေ၏။ 

“(၇) ရက်တောင် ရှိနေပြီကို အခုထိ မဆက်သွယ်လာသေးဘူးလား”

လူးကပ်စ်လည်း မျက်မှောင်ကြုတ်ကာ အံ့ဩစွာ ပြောလိုက်သည်။ 

ယုချင်း ခေါင်းယမ်းပြ၍

“ဟုတ်တယ်။ အခုထိ ဘာမှလာမပြောထားဘူး”

“သူတို့ပဲ လက်နက်လိုတယ်ဆိုပြီး အခုမှ သွေးအေးနေပါလား”

လူးကပ်စ်မျက်လုံးများ ပြူး၍ နားမလည်နိုင်သလို ပြန်မေးလိုက်သည်။ 

သူ နားလည်သလောက် ဟားစ်စစ်တပ်မှာ လက်ရှိ စစ်တိုက်နေချိိန်ဖြစ်ပြီး လက်နက် အထောက်အပံ့များစွာ လိုအပ်နေပါသည်။ 

နောက်ဆုံးတစ်ခေါက်က ယုချင်းနှင့် လီယိုတို့ သေချာ ဆွေးနွေးသွားပြီး သိချင်သည်များကိုလည်း မေးခဲ့၏။ 

အစက ယုခီခီအား အာရှ-ပစိဖိတ်ဒေသအတွက် စစ်လက်နက်ရောင်းဝယ်ရေးကိစ္စများ ဆောင်ရွက်ရန် မော်ဂန်အုပ်စု ဆုံးဖြတ်ထားသော်လည်း ယုခီခီသည် ရုတ်တရက် အန်လင်းရဲစခန်းမှ အဖမ်းခံလိုက်ရသည်။ 

အဖြစ်အပျက်မှာ အလွန်မြန်ဆန်လွန်းသောကြောင့် ရုံးချုပ်မှာ ယုချင်းကိုသာ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသအတွက် လက်နက်ကိစ္စများ တာဝန်ယူစေပြီး လူးကပ်စ်ကို အကူအနေဖြင့် ထားလိုက်သည်။ 

ယုချင်း ဖုန်းကို ဘေးချ၍ လက်ပိုက်ကာ တစ်ယောက်တည်း တွေးတောနေမိ၏။ 

လူးကပ်စ်ပြောတာ မှန်ပါသည်။ 

ယခုအချိန်၌ ဟားစ်စစ်တပ်အနေဖြင့် အလျင်လိုနေရမည် ဖြစ်သော်လည်း (၇) ရက် ကြာသည့်တိုင် မဆက်သွယ်လာသေးပေ။ 

အခြေအနေများ ထူးဆန်းစေသည့် မကောင်းဆိုးဝါးများ ရှိနေလေပြီ။ 

လူးကပ်စ်မှ

“ယုချင်း ဟားစ်စစ်တပ်က တခြားလက်နက် ထောက်ပံ့သူနဲ့ တွေ့သွားတာများလား”

“မဖြစ်နိုင်ဘူး”

ယုချင်း ချက်ချင်း ငြင်းလိုက်၏။ 

“လူးကပ်စ်ကတော့ မသိလောက်ပေမဲ့ လက်ရှိမှာ အကြီးဆုံးလက်နက်ရုံရှိတာက လော့ခ်ဟိဒ်၊ ရေးသီယွန်၊ ဂရူမန်းတို့ပဲ။ သူတို့ကလည်း ပေးမှာ မဟုတ်ဘူး”

“တခြားဟာတွေကရော”

“တခြားရုံတွေက ငါတို့ထက်တောင် ဈေးကြီးဦးမယ်။ ပြီးတော့ ဟားစ်စစ်တပ်နဲ့လည်း တစ်ခါမှ မပူးပေါင်းဖူးဘူး။ အဲ့တော့ ဒီလောက် အချိန်ခဏလေးအတွင်း ပူးပေါင်းဖြစ်မှာ မဟုတ်ဘူး”

ယုချင်းမှ ရှင်းပြ၏။  

လူးကပ်စ် မျက်မှောင်ကြုတ်လျက် ပြန်တွေးနေ၏။ 

ငွေကြေးနှင့် အခြေအနေများအရ ခဏတာဖြစ်ဖြစ် ဟားစ်စစ်တပ်မှ ရွေးချယ်ရန်မှာ မော်ဂန်အုပ်စု တစ်ခုတည်းသာ ရှိလေသည်။ 

“အဲ့တော့ အခု ဘယ်လိုဖြစ်မှာလဲ”

လူးကပ်စ် ခဏစဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။ 

ယုချင်း ရုတ်တရက် ဘာပြန်ပြောရမည်မသိ ဖြစ်နေသည်။ 

“အင်း… သူတို့ ပိုက်ဆံ စီစဉ်နေကြတာ ဖြစ်မယ်။ လက်နက်တွေဝယ်ဖို့ တော်ရုံနဲ့ မရဘူးလေ”

လက်နက်ရောင်းဝယ်သူ အများစုမှာ ပိုက်ဆံ တိုက်ရိုက် အကြေမချေဘဲ အရစ်ကျသာ သွင်းလေ့ ရှိပါသည်။ 

“အဲ့တာ ဖြစ်နိုင်တယ်နော်”

လူးကပ်စ် ခေါင်းငြိမ့်ပြ၍ 

“လီယို့ကို ကျွန်တော်တို့ကပဲ စပြောပြီး အခြေအနေ မေးလိုက်ရင်ရော”

ယုချင်း စွံ့အနေပြန်သည်။ 

ပုံမှန်အားဖြင့် ‘မလိုဘူး’ ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ချင်သော်လည်း ထူးခြားသော အခြေအနေများ ကြုံနေရသောကြောင့် သူ့ရင်ထဲတွင်လည်း သံသယများ ပြည့်နေ၏။ 

ပိုစိတ်ချရစေရန် မေးလိုက်သည်က ကောင်းပါသည်။ 

ထို့နောက် ယုချင်း ဖုန်းကို လှမ်းယူ၍ လီယို့ဖုန်းကို ဆက်လိုက်၏။ 

တီ တီ တီ…

ဖုန်းခေါ်ချိန် (၁၀) စက္ကန့်ဝန်းကျင် ကြာပြီးနောက် ယုချင်း တစ်ဖက်မှအသံကို ကြားလိုက်ရသည်။ 

“ယု ဖုန်းခေါ်လာတာ ဝမ်းသာတယ်ဗျာ”

လီယို့အသံမှာ နွေးထွေး၍ တက်ကြွနေသော်လည်း အလျင်လိုနေပုံမျိုး မရှိပေ။ 

ယုချင်း မျက်မှောင်ကြုတ်လျက် တည်ငြိမ်စွာ မေးလိုက်၏။ 

“မစ္စတာလီယို ဘာတွေ အဲ့လောက်ပျော်နေတာလဲ”

“ဒီည သကြားလုံးတွေ စားထားတယ်လေ။ သိတဲ့အတိုင်းပဲ ကျွန်တော် သကြားဖြတ်ထားတာ ကြာပြီဆိုတော့ အချိုလေး ပြန်စားလိုက်တဲ့အချိန် အရမ်း ပျော်နေတော့တာ”

လီယို ယုချင်းအား ခပ်အေးအေး ပြောလိုက်၏။ 

ယုချင်း စိတ်ပျက်လက်ပျက်ဖြင့်

“သကြားလုံးလောက်နဲ့ မစ္စတာလီယိုက တော်တော် ပျော်နေတာပဲ”

“ဒါပေါ့။ အေးဆေးစားရပြီး ကျေနပ်စရာ ကောင်းတယ်လေ”

ထိုအချိန်တွင် လီယိုမှာ အန်လင်းမြို့၊ ပေါင်းရင်ဟိုတယ်တွင် ရှိနေပြီး ရေမိုးချိုးပြီးနောက် အိပ်ရာပေါ်လှဲကာ မနက်ဖြန် လက်မှတ်ထိုးရန်အတွက် စဉ်းစားနေ၏။ 

လင်းချွမ်နှင့် တစ်ပတ်ကြာ ဆွေးနွေးပြီးနောက် ပူးပေါင်းရေးအတွက် အသေးစိတ် အချက်အလက်များ ရရှိနေလေပြီ။ ပုံမှန် စုစုပေါင်း ကုန်ကျငွေ ဒေါ်လာ သန်း (၆၀.၄၈) ဖြစ်သော်လည်း လင်းချွမ်မှ အစွန်းထွက်များဖယ်ပေးလိုက်၏။ 

မနက်ဖြန် တရားဝင် စာချုပ်ချုပ်ရပေတော့မည်။ 

ရောင်းဝယ်ရေးမှာ ဒေါ်လာ သန်း (၆၀) နှင့် အဆင်ပြေသွား၍ လီယို မပျော်ဘဲ မနေပါ။ 

ယုချင်းနှင့်သာဆိုလျှင် အဝေးထိန်းဒုံးကျည် လောင်ချာ (၃) ခုယူရုံဖြင့် ဒေါ်လာ သန်း (၃၀) ဖြစ်နေလေပြီ။ 

ယခုအခါ လင်းချွမ်ထံမှ ပစ္စည်းများများကို ဈေးသက်သာသည့်အပြင် အရည်အသွေးလည်း အတူတူ ဖြစ်၏။ 

လီယိုတစ်ယောက် သကြားလုံး စားသကဲ့သို့ ချိုမြိန်မှုကို ခံစားနေရသည်။ 

ယုချင်းနှင့် မော်ဂန်အုပ်စုကိုတော့ လီယို စိတ်ထဲ၌ မေ့ထားလိုက်ပြီးလေပြီ။ 

လင်းချွမ်ကဲ့သို့ အဆင်ပြေသည့် ရောင်းသူနှင့် စောစော မတွေ့ရသည်ကိုပင် နောင်တရနေမိပါသည်။ 

သူ မော်ဂန်အုပ်စုထံမှ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရ၏။ 

တစ်ဖက်တွင် ယုချင်းတစ်ယောက် စိတ်ငြိမ်အောင် ထိန်းလျက်

“မစ္စတာလီယို နောက်ဆုံးတစ်ခေါက် ဆွေးနွေးခဲ့တဲ့ လက်နက်ကိစ္စရော စဉ်းစားပြီးပြီလား”

လီယို ခပ်အေးအေး ပြန်ဖြေ၏။ 

“စဉ်းစားနေတုန်းပါပဲ”

“စဉ်းစားတုန်းလား”

ယုချင်း သူ့လေသံတွင် မသင်္ကာစရာတွေ့ကာ ဖိအားပေး၍ ထပ်မေးလိုက်သည်။ 

“လက်ရှိ ကျွန်မတို့ တီထွင်ထားတဲ့ အဝေးထိန်းဒုံးကျည်လောင်ချာက လူတိုင်း လိုချင်နေတာနော်။ ကျွန်မကိုလာမေးတဲ့သူလည်း တော်တော်များတယ်။ စစ်တပ် (၂) ခုကဆိုရင် အခုချက်ချင်းတောင် ဝယ်သုံးချင်တယ်လို့ ပြောနေကြပြီ”

သူ့ရည်ရွယ်ချက်မှာ ရှင်းပါသည်။ 

အခုမမှာလျှင် အခြားသူကို ရောင်းလိုက်တော့မည် ဖြစ်၍ နောက်ပိုင်း ဘာမှမရမှ အပြစ်မတင်ရန် ဖြစ်၏။ 

All Chapters