သူ ရူးနေတာလား
Vol. 24 Ch. 359
မော်ဂန်အုပ်စု၊ အရှေ့တောင်အာရှရုံး။
ရုံးခန်းထဲမှ အနေအထားမှာ တင်းမာနေပြီး ယုချင်းတစ်ယောက် စွံ့အမှင်တက်နေ၏။
လူးကပ်စ်လည်း ယုချင်းအမူအရာကို အကဲခတ်ရင်း ခုနက ဖုန်းဖြင့်ဆွေးနွေးပုံအခြေအနေကို ခန့်မှန်းကြည့်နေသည်။
“ရူးနေလား”
ထိုစကားကြောင့် သူ မျက်ခုံးပင့်လိုက်မိသည်။
ဟားစ်စစ်တပ်မှ လီယိုတစ်ယောက် မည်သည့်စကား ပြောလိုက်၍ လက်နက်ရောင်းဝယ်ရေးဈေးကွက်တွင် ကျွမ်းကျင်နေသူ ယုချင်းမှာ ဤသို့ ဒေါသထွက်သွားရသနည်း။
“ဘာဖြစ်တာလဲ”
လူးကပ်စ် အလောတကြီး မေးလိုက်၏။
ယုချင်း ဖုန်းထဲကို အာရုံစိုက်နေရ၍ လူးကပ်စ်အား စကားဆက်မပြောရန် လက်ကာပြလိုက်သည်။
ထို့နောက် လီယိုအား ဆက်ပြောလေ၏။
“လီယို လာနောက်မနေပါနဲ့”
သူပြောသည့် ဒေါ်လာ (၄) သန်းမှာ သတ်မှတ်ထားသော ဈေးထက် များစွာ နိမ့်နေ၍ လီယို နောက်နေသလားဟု ထင်မိပါသည်။
ယုချင်း ထိုသို့မတွေးလျှင် အခြားဖြေရှင်းချက် မရှိတော့ပေ။
အဝေးထိန်းဒုံးကျည်လောင်ချာကို ဒေါ်လာ (၄) သန်းဖြင့် ရောင်းမည့် လက်နက်ရုံလည်း လောကတွင်မရှိဟု ယုံထား၏။
အတိအကျဆိုရသော် မဖြစ်နိုင်ခြင်း ဖြစ်သည်။
သူ ထိုအချက်တော့ သေချာပါသည်။
သို့သော် မထင်မှတ်စွာဖြင့် လီယိုမှ အလေးအနက် ပြောလာ၏။
“ယု ကျွန်တော် အမြဲတမ်း ညှိနှိုင်းဖို့ကို အကောင်းဆုံး တလေးတစား လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဈေးနှုန်းပေါ့။ ကျွန်တော် ဘယ်တော့မှ ဒီကိစ္စနဲ့ မစနောက်ပါဘူး”
သူ အားလုံး သေချာတွက်ချက်ပြီးလေပြီ။
လင်းချွမ်မှာ ဒစ်စကောင့်များစွာအပြင် ဒုံးကျည်လက်ဆောင်၊ လေ့ကျင့်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေးနှင့် အခြား ဝန်ဆောင်မှုများပါ ပေးထားသေးသည်။
ထို့ကြောင့် အားလုံး ခြုံကြည့်လျှင် ဒုံးကျည်လောင်ချာသီးသန့်ကို ဒေါ်လာ (၄) သန်းသာ ရှိ၏။
ယုချင်းသာ ထိုဈေးကို လိုက်မမီလျှင်…
မော်ဂန်အုပ်စု၏ စစ်လက်နက်များမှာ လင်းချွမ်ထက် နိမ့်ကျသည်ဟု ဆိုနိုင်ပါသည်။
ပိုအရေးကြီးသည်မှာ လင်းချွမ်သည် သူတို့အပေါ် လေးလေးစားစား ပြောဆိုဆက်ဆံ၍ အသိအမှတ် ပြုကာ သူတစ်ခါမှ မကြုံဖူးသော ဒစ်စကောင့်များလည်း ပေးလေ၏။
ထိုကဲ့သို့လူမျိုးနှင့် အလုပ်လုပ်ရသည်မှာ သူရော၊ ဟားစ်စစ်တပ်အတွက်ပါ သက်တောင့်သက်သာ ဖြစ်ပြီး အကျိုးရှိပါသည်။
“အဲ့တော့ ရှင်ပြောချင်တာ ဒေါ်လာ (၄) သန်း သေချာတယ်ပေါ့”
ယုချင်း မျက်မှောင်ကြုတ်လျက် တွေးနေ၏။
ဟားစ်စစ်တပ်မှ လီယိုအနေဖြင့် ထိုကဲ့သို့ ဈေးကို ထုတ်ပြောလာပြီး နောက်နေခြင်းမဟုတ်သည်ကို နားမလည်နိုင်တော့ပေ။
“သေချာပါတယ်ဗျာ”
လီယိုမှ တည်ငြိမ်၍ ယုံကြည်ချက်အပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။
ယုချင်း အသက်ကို မနည်းထိန်းရှူရင်း
“မစ္စတာလီယို ကျွန်မတို့ ဒီတစ်ခေါက် ပူးပေါင်းရေးမှာ အဟန့်အတားတွေ အများကြီး ဖြစ်သွားတယ် ထင်တယ်”
“ဟုတ်ပါ့ဗျာ။ စိတ်ကိုသာ အေးအေးထားပါ”
လီယိုမှ ပြန်နှစ်သိမ့်နေ၏။
စိတ်အေးအေးထားရမည်။
လီယိုအတွက်လည်း လင်းချွမ်၏ ထူးခြားသော ဒစ်စကောင့်များကို ကြားကာ စိတ်အေးအေး ထားနိုင်မှ မနက်ဖြန် ကောင်းကောင်း စာချုပ်တွင် လက်မှတ်ထိုးနိုင်မည် ဖြစ်သည်။
အောင်မြင်ပြီ။
“တာ့တာ ယုရေ… တီ တီ တီ”
ယုချင်းထံမှ စကားကိုပင် မစောင့်ဘဲ လီယို ဖုန်းချလိုက်၏။
ရုံးခန်းထဲ၌။
ယုချင်း ငြိမ်သက်လျက် မျက်နှာ အလွန်ပျက်နေသည်။
လူးကပ်စ်မှာ မျက်မှောင်ကြုတ်လျက်ပင်
“ယု ညှိနှိုင်းမှု ဘယ်လိုဖြစ်သွားလဲ”
ယုချင်းအသံမှာ ခပ်အက်အက်ဖြင့်
“သူပြောတာ ဒေါ်လာ (၄) သန်းတဲ့”
“(၄) သန်းက လက်နက်သစ် လေ့ကျင့်ရေး၊ ပြင်ဆင် ထိန်းသိမ်းရေးနဲ့ ဝန်ဆောင်မှုတွေ ပါပြီးသားလား”
လူးကပ်စ် ထိုပုဂ္ဂိုလ်မှာ သာမာန်မဟုတ်ဟု တွေးလိုက်မိသည်။
ဈေးမှာ ထိုဝန်ဆောင်မှုများ အားလုံး ပါရန်အတွက် အလွန်နည်းလွန်း၏။
အနည်းဆုံး ဒေါ်လာ (၅) သန်းဆိုရင်တောင် တော်သေးတယ်။
ယုချင်း ခေါင်းငြိမ့်၍
“မဟုတ်ဘူး လီယိုက အဝေးထိန်းဒုံးကျည်လောင်ချာ အတွက် ဒေါ်လာ (၄) သန်း”
လူးကပ်စ်အမူအရာမှာလည်း ယုချင်းအတိုင်းပင် ဖြစ်၏။
သူ့မျက်လုံးများ ပြူးလျက် အသံများ တုန်ယင်စွာဖြင့်
“သူ ရူးနေတာလား”
ရုံးခန်းထဲ၌ အားလုံး တိတ်ဆိတ်သွားကြသည်။
လူးကပ်စ်အသံလည်း အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွား၏။
ညကောင်းကင်၌ ကြယ်ရောင်များ တောက်ပနေကြပြီး ဆောင်းအင်းစက်များ၏ တကျီကျီမြည်သံမှာ လမ်းတစ်လျှောက်လုံး ဆူညံနေသည်။
လူးကပ်စ် ငြိမ်သက်စွာ ထိုင်နေပြီး ယုချင်း စားပွဲပေါ် လက်ထောက်လျက် ခေါင်းငိုက်စိုက်ကျနေ၏။
ထိုစဉ် သူ ရုတ်တရက် လက်ကိုချ၍ စားပွဲအား အရှိန်ပြင်းပြင်း ထုချလိုက်သည်။
ဒုန်း!
ခီခီ့သေဒဏ်မှ တစ်သက်တစ်ကျွန်း ပြောင်းလဲခြင်း အယူခံပယ်ချခံရသည့်အပြင် ရုတ်တရက် ဟားစ်စစ်တပ်နှင့် ပေါင်းစည်းရေးလည်း ပျက်စီးသွား၏။
ယုချင်းအတွက် အလွန် ကူကယ်ရာမဲ့ကာ စိတ်ပျက်စရာများ ပြည့်နေသည်။
ရင်ထဲတွင်လည်း မွန်းကြပ်လျက် ဒေါသထွက်နေရ၏။
လူးကပ်စ် သူ့ကို လှမ်းကြည့်ကာ
“ယု နည်းနည်း စိတ်လျှော့ပါဦး။ လီယိုက တမင် အကွက်ဆင်နေတာ ဖြစ်နိုင်တယ်မလား”
ယုချင်း ခေါင်းအသာ ယမ်းပြလိုက်ပြီး
“သူ့ပုံစံက လုံးဝ ယုံကြည်ချက်အပြည့် ဖြစ်နေတာ။ လုံးဝ ဟန်ဆောင်နေတာ မဟုတ်ဘူး”
လူးကပ်စ် လက်ပိုက်ထားရာမှ မေးစေ့ကို ပွတ်လျက် ခဏစဉ်းစားပြီးနောက်
“အဲ့တော့ သူတို့မှာ လက်နက်ရုံအသစ် ရသွားပြီပေါ့”
“အဲ့တာ မေးနေစရာတောင် မလိုဘူး”
ယုချင်း အစကတော့ ဝန်မခံချင်သော်လည်း ယခုအခါ ထိုအဖြေသာ ဖြစ်နိုင်ခြေအမြင့်ဆုံး ဖြစ်၏။
“ခုနက နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ လော့ခ်ဟိဒ်၊ ရေးသီယွန်၊ ဂရူမန်တွေက သူတို့ကို လုံးဝ လက်နက် ထောက်ပံ့မှာ မဟုတ်ဘူးဆို။ ဆုဟွိုင်းတို့၊ ဖင်းမက်နီကာတို့က ဈေးကလည်း မြောက်တယ်။ အဲ့တာဆို ဟားစ်စစ်တပ်မှာ တခြား ရွေးချယ်စရာ ရှိသေးလို့လား”
လူးကပ်စ်မှာ ယုချင်းထက်တော့ တည်ငြိမ်စွာဖြင့် တစ်ချက်ချင်း ပြန်စဉ်းစားနေသည်။
“မပြောတတ်တော့ဘူး”
ယုချင်းမှာ အရှုံးကိုသာ တွေးနေမိ၏။
သူ နှစ်ပေါင်းများစွာ လက်နက်ရောင်းဝယ်ရေး လောက၌ ကျင်လည်ခဲ့ပြီး မုန်တိုင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ယခုလို အခြေအနေအတွက် အသင့်မဖြစ်သေးပေ။