အလုံးအရင်း ဝင်ရောက်ခြင်း
Vol. 24 Ch. 360
သူ ဟားစ်စစ်တပ်၏ အခြေအနေကို ကောင်းကောင်း သိနေ၍ ထိုသို့ ဒေါ်လာ (၁၀) သန်းအား ခပ်တည်တည် တောင်းရဲခဲ့ခြင်း ဖြစ်သည်။
သို့သော် သူသာလျှင် လီယိုထံမှ လှည့်စားခံလိုက်ရလေ၏။
“ယု အခု သဘောပေါက်လိုက်ပါတော့”
လူးကပ်စ်မှ အလေးအနက် ပြောလိုက်ပြီး သူ့အသံမှာ ရုံးခန်းထဲ၌ ဟိန်းထွက်သွားသည်။
“လီယိုသာ လက်နက်ရုံအသစ် တွေ့သွားရင် ကျွန်တော်တို့တော့ ပြိုင်ဘက်အသစ် ပေါ်လာပြီ”
လူးကပ်စ်စကားလုံးမှာ သက်ရောက်မှု ရှိလေသည်။
ယုချင်း ခေါင်းပြန်မော့လာပြီး
“နောက်ထပ် လက်နက်ရုံ… အဲ့မှာ ဈေးကို ဒေါ်လာ (၄) သန်းအထိ လျှော့ပေးတာလား”
လူးကပ်စ် ခဏ ငြိမ်သက်နေပြီးနောက်
“ဟားစ်စစ်တပ်က လက်နက် အလောတကြီး ဝယ်စရာ မလိုဘူးဆိုတည်းက တစ်ခုခုပဲ”
ယုချင်း ထိုင်ခုံနောက်ကိုမှီလျက် မျက်မှောင်ကြုတ်နေ၏။
သူ သေချာစဉ်းစားနေမိသည်။
ဘယ်နားတွင် စမှားသွားသနည်း။
မည်သည့်နေရာမှ လက်နက်ကောင်းများ ရရှိထားသနည်း။
သို့သော် အဖြေကို ရှာမတွေ့ပေ။
“လီယို ဘယ်မှာလဲဆိုတာ စုံစမ်းကြည့်လိုက်”
ယုချင်း သက်ပြင်းချ၍ လူးကပ်စ်အား ပြောလိုက်သည်။
ယခုအခါ သူတို့ တစ်လှေတည်းစီးနေမိလေပြီ။
လူးကပ်စ် ခေါင်းငြိမ့်ပြ၍ နောက်ကြောင်း စုံစမ်းရာတွင် အကျွမ်းကျင်ဆုံးလူကို လီယို ဒီရက်ပိုင်း လှုပ်ရှားမှုများအား လိုက်ရန် ချက်ချင်း စီစဉ်လိုက်၏။
ယုချင်းနှင့် အစည်းအဝေးပြီးနောက် (၁၀) ရက်မျှ ကြာနေပြီဖြစ်၏။
ထိုညက ယုချင်း အိပ်မပျော်နိုင်ပေ။
တစ်ဖက်တွင် ယုခီခီ အသက်ရှင်ရေးအတွက် အခြားနည်းလမ်းကိုလည်း ရှာနေရသည်။
ထို့အပြင် လီယို့သတင်းကိုလည်း စောင့်နေသောကြောင့် ဖြစ်၏။
ညမှာ တဖြည်းဖြည်း ကုန်ဆုံး၍ အလင်းဓာတ်များ ရုံးခန်းထဲ ဝင်လာသည်။
ဆောင်းဦးလေပြည်မှာ လိုက်ကာများကို တလှပ်လှပ် လွင့်နေစေသည်။
ယုချင်း တစ်ညလုံး မအိပ်ထား၍ မျက်လုံးများ နီရဲကာ လူလည်း ကြောင်တောင်တောင် ဖြစ်နေသည်။
ရှပ် ရှပ် ရှပ်!
ခြေသံတစ်စုံ ကြားရပြီး မကြာမီ လူးကပ်စ် ရုံးခန်းထဲ ဝင်လာ၏။
“ဘာသတင်းထူးလဲ”
လူးကပ်စ် လေးနက်စွာဖြင့် ဖိုင်တစ်ခု ပြလိုက်ကာ
“သူ အရှေ့တောင်အာရှမှာ လေယာဉ် (၃) ဆင့် ခိုးပြောင်းပြီး ဟန်မြစ်အပိုင်းဘက် ထွက်သွားပါတယ်”
ယုချင်း မျက်မှောင်ကြုတ်သွား၏။
လီယို ထိုနေရာသို့ ဘာသွားလုပ်လဲ သူ နားမလည်နိုင်ပါ။
လူးကပ်စ် ဖိုင်ကို လက်ညှိုးထိုးပြကာ
“ကျွန်တော့်လူတွေ နေရာအတိအကျတော့ ထပ်စုံစမ်းနေပါတယ်။ ဒါပေမဲ့ သူ ဟန်မြစ်အပိုင်း ရောက်ပြီးတာနဲ့ ခြေရာပျောက်သွားလို့”
“အဲ့မှာ လူတစ်ယောက်ယောက်နဲ့ ဆွေးနွေးဖို့ သွားတာလား”
ယုချင်း ပို၍ မသင်္ကာ ဖြစ်လာ၏။
“အတိအကျတော့ ဘာမှ မသိရသေးပါဘူး”
လူးကပ်စ် ပြန်ဖြေလိုက်သည်။
“သူ အခုထိ အဲ့မှာပဲလား”
ယုချင်းမှ မေးလိုက်၏။
“အဲ့ကနေ ပြန်ထွက်လာတာမျိုးတော့ မတွေ့သေးဘူးဆိုတော့ ရှိနေဦးမှာပါ”
ယုချင်းနှင့် လူးကပ်စ်တို့ ထိုနေရာကို ကောင်းကောင်း ရင်းနှီးပါသည်။
ယုခီခီ ထောင်ကျနေသည်မှာ အန်လင်းမြို့၊ ဟန်မြစ်အပိုင်းတွင် ဖြစ်၏။
အွန်လိုင်းစာရေးဆရာ လင်းချွမ်ဆိုသူလည်း ရှိနေပါသည်။
ဟင်…
ယုချင်း ရုတ်တရက် မျက်နှာပျက်ကာ တစ်ခုခုကို တွေးမိသွားသည်။
လင်းချွမ် လက်နက်ပြိုင်ပွဲ ဝင်ပြိုင်စဉ်က ကီလိုမီတာ (၆၀၀) အထိ သက်ရောက်နိုင်သော ဒုံးကျည်လောင်ချာကို ပြဖူးပါသည်။
“သူတို့နှစ်ယောက် တွေ့သွားကြပြီလား”
ယုချင်း ချက်ချင်း ခေါင်းယမ်းကာ မကောင်းသည့် အတွေးများ ဖယ်လိုက်၏။
မဖြစ်နိုင်တာ။
ထိုစဉ် လူးကပ်စ်မှ
“သေချာတော့ ထပ်စုံစမ်းမှ ဖြစ်မယ်။ လီယို ဘာလို့ ရုတ်တရက် ခိုးသွားတာလဲဆိုတာကို”
သူ တစ်ယောက်တည်း ရေရွတ်မိ၏။
“တကယ်ပါပဲ။ ကျွန်တော်တို့နဲ့ ဆွေးနွေးထားတာကို စောင့်မှပေါ့”
“စစ်ကြည့်လိုက်”
ယုချင်းမှ
“ငါတို့နဲ့ ဆွေးနွေးပြီးတော့ ဘယ်သွားလဲကစပြီး စစ်ကြည့်”
လူးကပ်စ် သဘောတူကာ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် အခန်းထဲမှ ထွက်သွားပြီး သူ့လူများနှင့် အတူ စုံစမ်းပြန်လေ၏။
(၁) နာရီဝန်းကျင် ကြာသည့်အခါ အဖြေထွက်လာသည်။
ယုချင်းနှင့် အစည်းအဝေးပြီးနောက် ထူးဆန်းသော လိပ်စာတစ်ခုကို သွားပြီးမှ ဟန်မြစ်အပိုင်းထံ ဆက်ကူးခြင်း ဖြစ်၏။
“သူ တကယ်ပဲ ဘာသွားလုပ်တာလဲ”
လူးကပ်စ် ပြန်ရောက်လာပြီး နားမလည်နိုင်စွာ ပြောမိ၏။
“အရင်သွားကြည့်ကြတာပေါ့။ လိုလိုမယ်မယ် လူတွေ ခေါ်ခဲ့။ နောက်ပြီး လက်နက်တွေရောပဲ”
လူးကပ်စ် ခေါင်းငြိမ့်ပြ၏။
ထို့နောက် နှစ်ယောက်သား လီယို ပထမဆုံး သွားခဲ့သော နေရာသို့ ထွက်လာခဲ့လေသည်။
ကားဖြင့် စထွက်လာသော်လည်း လမ်းကြားတစ်နေရာတွင် ဆက်ဝင်၍ မရသောကြောင့် လမ်းဆက်လျှောက်ရင်း လိပ်စာကို တွေ့သောအခါ လှေကားဖြင့် အပေါ်တက်သွားလိုက်သည်။
“လီယိုတို့လာခဲ့တာ ဒီနေရာ ဖြစ်မယ်”
လမ်းညွှန်သူမှ ပြောလိုက်ပြီး လူးကပ်စ် ရှေ့မှ ဦးဆောင်ကာ ဆက်သွားလိုက်သည်။
ထို့နောက် အခန်းတံခါးကို ခေါက်လိုက်၏။
‘ဒေါက် ဒေါက် ဒေါက်’
လှေကားမှ ခြေသံများစွာကို ကြားတည်းက အထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အစ်ကိုဟောက်နှင့် ဟောတို့မှာ အာလူးဝက်ဘ်ဆိုဒ်မှ အလုပ်သမားများနှင့်အတူ အလုပ်သေချာ ပြန်စရန် ပြင်ဆင်နေချိန် ဖြစ်သည်။
“ဟိုတစ်ခါက လူတွေတော့ မဟုတ်လောက်ဘူးမလား”
မျောက်ပိန်လေးကဲ့သို့ ဖြစ်နေသော ဟောမှ အစ်ကိုဟောက်ကိုကြည့်ကာ
“ကျွန်တော်တို့ နေရာပြောင်းသင့်တယ်လို့ ပြောသားပဲ”
အစ်ကိုဟောက်လည်း ကြောက်ဒူးတုန်လျက်
“ဘာမှ ကြောက်မနေနဲ့။ ငါ အခု ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ကနေ မူပိုင်ခွင့်လည်း ဝယ်ပြီးပြီ။ ဘာလို့ ပြန်လာဦးမှာလဲ”
ဒုန်း!
ရုတ်တရက် ကျယ်လောင်သော အသံကြီးနှင့်အတူ တံခါးကျိုးသွားပြီး အထဲမှ အားလုံး တုန်တက်သွားသည်။
ထို့နောက် လူအုပ်စုကြီး ရုတ်တရက် ဝင်လာကြတော့သည်။
အေးစက်၍ သိမ်းငှက်ကဲ့သို့ စူးရှနေသော မျက်ဝန်းများဖြင့် ယုချင်းနှင့် လူးကပ်စ်မှာ ရှေ့တွင် ရပ်နေပြီး အနောက်၌ ဗလကြီးကြီး အခြားတပည့်များ ပါလေသည်။
အစ်ကိုဟောက်တို့အားလုံး ငေးကြည့်ရင်း တဆတ်ဆတ် တုန်နေကြလေ၏။
ငါ ဘယ်သူ့ကို ရန်သွားစမိပြန်ပြီလဲ။