← Chapters

စစ်ဆေးရေး

Vol. 25 Ch. 361

စစ်ဆေးရေး

Vol. 25 Ch. 361

အလုပ်ခန်းငယ်လေးထဲတွင် ရုတ်တရက် လူများ ပြည့်လာသည်။ 

အာလူးဝက်ဘ်ဆိုဒ်သည်လည်း ဝတ္ထုခိုးရောင်းရင်း တရားမဝင်ကိစ္စ ဆောင်ရွက်ဖူးသော်လည်း မော်ဂန်အုပ်စုကဲ့သို့ နာမည်ကြီးကုမ္ပဏီရှေ့တွင်တော့ ကျားရှေ့မှ ကြွက်ကလေးကဲ့သို့ အမြီးကုပ်နေရသည်။ 

သွေးသားထဲမှ မယှဉ်နိုင်သော ခံစားချက်ကို သိနေ၏။ 

အဖွဲ့နှစ်ခု ယှဉ်ကြည့်လျှင်ပင် အရှိန်အဝါ ကွာခြားပါသည်။ 

“မင်းက ဒီက ခေါင်းဆောင်လား”

လူးကပ်စ် ရှေ့ထွက်လာပြီး အစ်ကိုဟောက်အား ပြောလိုက်သည်။ 

သူ တရုတ်လိုသာ ပြောလိုက်၍ အစ်ကိုဟောက် နားလည်နေပါသည်။ 

“ကျွန်တော်…”

အစ်ကိုဟောက် ဝန်ခံရန် ပြင်ပြီးမှ ရုတ်တရက် ခေါင်းယမ်းလျက်

“မဟုတ်ပါဘူး”

လူးကပ်စ် မျက်မှောင်ကြုတ်၍ ရှေ့သို့ ဒေါသတကြီး တိုးလာကာ လီယိုကဲ့သို့ လက်ဖြင့် သေနတ်ပုံစံလုပ်ကာ အစ်ကိုဟောက်နဖူးကို ထောက်ထားလိုက်သည်။ 

“အဲ့တာဆို ဘယ်သူလဲ”

“သူ”

အစ်ကိုဟောက် ဒူးများတုန်လျက် သူ့ဘေးမှ ဟောကို လက်ညှိုးထိုးပြလိုက်သည်။ 

ဟော ကြောင်အမ်းသွား၏။ 

ယုချင်း ခေါင်းယမ်း၍ စိတ်မရှည်သလိုဖြင့် ဖုန်းထုတ်ကာ ဓာတ်ပုံတစ်ခု ပြလိုက်သည်။ 

“ဒါက အာလူးဝက်ဘ်ဆိုဒ် စတူဒီယို၊ မင်းက ဒီမှာ တာဝန်ရှိတဲ့ အစ်ကိုဟောက်ဆိုတာမလား”

အစ်ကိုဟောက် ရှုံ့မဲ့၍ အလွန်ကြောက်လန့်နေသော်လည်း ချက်ချင်း မျက်နှာငယ်လေးဖြင့် ပြုံးကာ 

“ဟောက်လို့ပဲ ခေါ်လို့ရပါတယ်”

“စကားအပိုတွေ မပြောနဲ့။ ငါမေးတာပဲဖြေ ကြားလား”

လူးကပ်စ်မျက်နှာသည် ရက်စက်မှု အပြည့်ဖြင့် သေနတ်ပုံစံ လက်ညှိုးအား ခပ်တင်းတင်း ပိုဖိထား၏။ 

အစ်ကိုဟောက် ခေါင်းတဆတ်ဆတ်ငြိမ့်၍

“ဟုတ် ဟုတ်ကဲ့ပါဗျာ”

ထို့နောက် တက်ဘလက်ကိုင်ထားသော တပည့်တစ်ယောက်ထံမှ လူးကပ်စ် လှမ်းယူလိုက်ပြီး အစ်ကိုဟောက်ရှေ့တွင်ပြကာ

“ဒီလူကို တွေ့ဖူးလား”

အစ်ကိုဟောက် မျက်လုံးကို လက်ဖြင့် သေချာပွတ်ပြီးမှ အာရုံစိုက်ကြည့်လိုက်သည်။ 

တက်ဘလက်ထဲတွင် အမျိုးသားတစ်ဦး၏ ကိုယ်လုံးပေါ်ပုံကို တွေ့ရသည်။ 

အစ်ကိုဟောက် သူ့ကို မမှတ်မိဘဲ မည်သို့နေမည်နည်း။ 

လီယို ဖြစ်ပါသည်။ 

သို့သော် သူ ချက်ချင်း ပြန်မဖြေဘဲ လူးကပ်စ်နှင် ယုချင်းတို့၏ အေးစက်စက် အမူအရာများကို အကဲခတ်ကြည့်လိုက်သည်။ 

နှစ်ဦးစလုံးမှာ သူ့အဖြေကို စောင့်နေကြလေ၏။ 

အစ်ကိုဟောက် စိတ်ထဲရှုပ်ထွေးကာ နေရခက်လျက် မဖြေချင်တော့ပေ။ 

လီယို့အကြောင်း ပြောမိ၍ လီယိုမှ ပြန်ရောက်လာပြီး လက်စားချေလျှင်ရော။ 

ယခုအုပ်စုကို ကြည့်ရသည်မှာ လီယိုနှင့် အညှိုးကြီးကြီး ရှိပုံ ရပါသည်။ 

“လီယို လွန်ခဲ့တဲ့ (၁၀) ရက်က ဒီကိုလာတာကို သိပြီးသားနော်။ တစ်ခေါက်ပဲ ထပ်မေးမယ်။ သူ့ကို တွေ့ဖူးလား”

လူးကပ်စ်၏ အသံဩဩကြောင့် အစ်ကိုဟောက် တုန်လှုပ်စွာဖြင့် တံတွေးမျိုချပြီးနောက်

“တွေ့ တွေ့ဖူးပါတယ်”

လူးကပ်စ် မျက်ခုံးပင့်၍ ယုချင်းအား အရိပ်အကဲပြလိုက်သည်။ 

ယုချင်းလည်း နေရာမှန် ရောက်လာ၍ ဝမ်းသာသွား၏။ 

လူးကပ်စ်မှ ဆက်၍

“သူ မင်းဆီကို ဘာလို့ လာတာလဲ”

“အဲ့တာ အဲ့တာက…”

အစ်ကိုဟောက် စိုးရိမ်စွာဖြင့် တုံ့ဆိုင်းလျက်

“ကျွန်တော် ပြောပြလိုက်လို့ သူ ပြဿနာ ပြန်လာရှာရင် ဘယ်လိုလုပ်မလဲ”

“မစိုးရိမ်ပါနဲ့။ ငါရှိတယ်”

လူးကပ်စ်လေသံမှာ ရက်စက်မှု အပြည့် ဖြစ်နေသည်။ 

“မင်းမပြောတာကမှ ဘာဆက်ဖြစ်မလဲ ချက်ချင်း သိရလိမ့်မယ်”

လူးကပ်စ် ပြောပြောဆိုဆိုနှင့် အစ်ကိုဟောက် လက်ကိုဆွဲကာ သူ့ခါးမှ လက်နက်အား ခံစားစေလိုက်သည်။ 

ထိုအခါ အစ်ကိုဟောက် ချက်ချင်း မျက်လုံးပြူးလာတော့သည်။ 

ဒါ သေနတ်ပဲ။ 

တကယ်ပါပဲ။ 

ဘယ်လိုလူတွေလဲ။ ခါးမှာ သေနတ်ချိတ်ထားတဲ့သူတွေချည်းပဲ ပြဿနာ လာရှာနေကြတယ်။ ငါ့ဟာငါ ဝတ္ထုလေးပဲ ခိုးရောင်းတာ။ ဒီလောက်အထိ လိုလို့လား။ 

“အခုထိ မပြောသေးဘူးလား”

လူးကပ်စ် စိတ်မရှည်စွာ ထပ်ပြောလိုက်သည်။ 

အစ်ကိုဟောက်လည်း ရွေးချယ်စရာ မရှိတော့၍ မတတ်သာဘဲ ဝန်ခံရတော့သည်။ 

“သူတို့ ဘယ်သူတွေလဲတော့ မသိပါဘူး။ အဲ့နေ့က လူတစ်ယောက်ရှာဖို့ဆိုပြီး ကျွန်တော့်ဆီ ရောက်လာတာပါ”

“ဘယ်သူ့ကိုလဲ”

ယုချင်းမှ ဝင်မေး၏။ 

လီယို မည်သူ့ကိုရှာကြောင်း အလွန်သိချင်နေလေပြီ။ 

အစ်ကိုဟောက် ခဏငြိမ်၍ စဉ်းစားနေပြီးမှ

“အွန်လိုင်းစာရေးဆရာ တစ်ယောက်ကိုပါ”

“ဟင်”

ယုချင်း ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ 

လူးကပ်စ်လည်း ထပ်တူပင်။ 

အမူအရာပြောင်း၍ နားမလည်နိုင်စွာဖြင့်

“သူလာရှာတဲ့ အွန်လိုင်းစာရေးဆရာက မစ္စတာလင်းလား”

အစ်ကိုဟောက် ခဏမှင်တက်နေပြီးမှ ခေါင်းအမြန် ငြိမ့်ပြ၍

“ဟုတ်ပါတယ်။ သူပါ”

“သူက မစ္စတာလင်းကို ဘာလို့လဲ”

လူးကပ်စ် အံ့ဩတကြီး ထပ်မေးလေသည်။ 

“အဲ့တာတော့ မသိပါဘူး”

အစ်ကိုဟောက် ခေါင်းကို အဆက်မပြတ်ယမ်းကာ ပြောလိုက်သည်။ 

လူးကပ်စ် မကျေမနပ်ဖြင့် ဟောကို လှမ်းကြည့်သောအခါ သူလည်း ခေါင်းယမ်းပြလေ၏။ 

သူတို့ ဘာမှမသိထားပုံဖြင့် မျက်နှာငယ်လေးများ ဖြစ်နေသည်။ 

လူးကပ်စ် သူတို့အမူအရာကို ဂရုတစိုက် အကဲခတ်ပြီးနောက် လိမ်နေခြင်း မဟုတ်ကြောင်း သေချာမှ ယုချင်းအနားကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ 

“လီယိုက လင်းချွမ်ကို ရှာနေတာပဲ။ လင်းချွမ်ကလည်း ဟန်မြစ်အပိုင်းမှာ နေတာဆိုတော့ သူတို့တွေ ဧကန္တ…”

သူ့စကားမဆုံးမီပင် ယုချင်း လက်မြှောက်၍ တားလိုက်သည်။ 

ထို့နောက် အစ်ကိုဟောက်အနီးသို့ လျှောက်သွားပြီး စိုက်ကြည့်လျက်

“ဟောက် သူက မစ္စတာလင်းကို ရှာချင်တာဆိုရင် မင်းဆီ ဘာလို့ လာတာလဲ”

“သူက မစ္စတာလင်းရဲ့ဝတ္ထု လက်နက်ဝိဇ္ဇာကို ကျွန်တော့် ဝက်ဘ်ဆိုဒ်ကနေ တွေ့တာလေ။ မစ္စတာလင်းကို ကျွန်တော်တို့ရုံးက စာရေးဆရာလို့ ထင်ပြီး လာရှာတာပါ။ မစ္စတာလင်းရဲ့ အဆက်အသွယ် လိပ်စာ လိုချင်တယ်ဆိုပြီး”

အစ်ကိုဟောက်မှာ မကွယ်ဝှက်ထားရဲဘဲ အားလုံး အမှန်အတိုင်း ပြောပြလိုက်သည်။ 

“လက်နက်ဝိဇ္ဇာ…”

ယုချင်း မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။ 

“အဲ့တော့ မင်းက ဝတ္ထုခိုးရောင်းနေတာကိုပါ သိသွားတယ်ပေါ့”

“ဟုတ် အဲ့လို ဖြစ်သွားပါတယ်”

အစ်ကိုဟောက် ခေါင်းငြိမ့်ပြ၏။ 

ယုချင်း ဆက်မမေးတော့ဘဲ တစ်ယောက်တည်း တွေးနေလေသည်။ 

လူးကပ်စ်မှာ အစ်ကိုဟောက်နှင့် ဟောအား အခန်းခွဲ၍ အသေးစိတ် စစ်ဆေးရန် သူ့လူများကို ခိုင်းလိုက်၏။ 

ရုံးခန်းတစ်ခုလုံး မွန်းကြပ်စရာများ ပြည့်နေသည်။ 

ပြင်ပမှာ နွေးထွေးသော နေရောင်ခြည်သည်ပင် အစ်ကိုဟောက်နှင့် ဟောတို့အတွက် ကြက်သီးထဖွယ်ရာ ဖြစ်နေ၏။ 

စစ်ဆေးရေးတွင်လည်း သူတို့ အလွန် အာရုံစိုက်၍ အမှန်အတိုင်းသာ အသေးစိတ် ဖြေကြပါသည်။ မဟုတ်လျှင် ချက်ချင်း အသက်ဆုံးရှုံးသွားနိုင်၏။ 

ကံကောင်းစွာဖြင့် တစ်နာရီကြာ မေးခွန်းများ ရင်ဆိုင်ပြီးနောက် လူးကပ်စ်၊ ယုချင်းနှင့် သူတို့တပည့်များ ပြန်ထွက်သွားကြလေသည်။ 

ဟူး…

All Chapters