← Chapters

အစီအစဉ်ပြောင်းခြင်း

Vol. 25 Ch. 362

အစီအစဉ်ပြောင်းခြင်း

Vol. 25 Ch. 362

အစ်ကိုဟောက်ခြေထောက်များ ခွေ၍ ကြမ်းပြင်ပေါ် ဗိုင်းခနဲ လဲကျသွားသည်။ မျက်နှာနှင့် နှုတ်ခမ်းများမှာ ဖြူဖျော့လျက် သေရွာမှ ပြန်ရောက်လာသကဲ့သို့ ဖြစ်လေ၏။ 

ဟောလည်း ထပ်တူပင်။ 

သူ အစ်ကိုဟောက်ရှိရာအခန်းသို့ ဒုက္ခသည်ခံယူသော သူတစ်ဦးကဲ့သို့ အပြေးအလွှား ရောက်လာရင်း ကြုံတွေ့ခဲ့ရသည့် ကြောက်စရာ အဖြစ်အပျက်များ ဝေမျှနေကြ၏။ 

ရုံးခန်းထဲမှ အခြားသူများမှာတော့ လူးကပ်စ်နှင့် ယုချင်းတို့ ပြန်သည်နှင့် ချက်ချင်း ထွက်ပြေး ပျောက်ကွယ်သွားကြတော့သည်။ 

ထိုစတူဒီယိုထဲတွင် မည်သူက ဆက်နေရဲမည်နည်း။ 

“အစ်ကိုဟောက် ကျွန်တော်တို့ ရုံးခန်းနေရာ ပြောင်းရမယ်လို့ ပြောသားပဲ။ ကျွန်တော့်ကိုမှ မယုံတာ”

ဟောမှာ နောင်တရစွာဖြင့် တုန်တုန်ရီရီ ပြောလိုက်၏။ 

အစ်ကိုဟောက် သက်ပြင်းချကာ အမူအရာ ထိန်း၍

“ငါတို့ နေရာပြောင်းရင်ရော သူတို့က ရှာမတွေ့တော့ဘူး ထင်နေလား”

ဟော မကျေမနပ်ဖြင့် စတူဒီယိုအား ဝေ့ဝဲကြည့်လိုက်မိသည်။ 

ရုံးခန်းတစ်ခုလုံးမှာ အရင်လို မဟုတ်ဘဲ ခြောက်ကပ် တိတ်ဆိတ်နေ၏။ 

စတူဒီယိုတစ်ခုလုံး သူတို့နှစ်ယောက်မှလွဲ၍ မရှိဘဲ တောက်ပသော နေရောင်ခြည်များသာ ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်နေကြသည်။ နေရောင်ဖြာနေသော တစ်လျှောက်၌ ဖုန်မှုန့်လေးများ ဝဲနေသည်ကို ကောင်းကောင်း တွေ့ရ၏။ 

သို့သော် နေရောင်ခြည်မှာ တောက်ပလေ အခန်းထောင့်များ ပိုမှောင်လေ ဖြစ်နေ၏။ 

ဆောင်းဦးလေညင်းများ တစ်ချက် တစ်ချက် တိုက်ခတ်သောအခါ ဟော ကြက်သီးများထလျက် တုန်သွားသည်။ 

“အစ်ကိုဟောက် ကျွန်တော်တို့ မကောင်းတဲ့ အရာတွေနဲ့ ပတ်သက်နေပြီလို့ ထင်လား”

“အခုမှ တွေးမိတာလား”

အစ်ကိုဟောက်မှာ လီယိုနှင့် လူးကပ်စ်တို့ရှေ့၌ ရိုကျိုး ကြောက်ရွံ့နေရသော်လည်း ဟောရှေ့တွင်တော့ သူဌေး ဖြစ်ပါသည်။ 

ထို့ကြောင့် ခပ်မတ်မတ်ရပ်၍ ဟော၏နဖူးကို ဖြန်းခနဲ ရိုက်၍ ပြောလိုက်၏။ 

သို့သော် လေညင်းအဝှေ့တွင် ကျောချမ်းသွားပြီး စိတ်မသက်မသာ ဖြစ်သွားမိသည်။ 

“အစ်ကိုဟောက် ကျွန်တော် မသိတာ မဟုတ်ပါဘူးဗျ”

ဟော တံခါးမကြီးကို လှမ်းကြည့်၍ မည်သူမျှ မရှိတာ သေချာမှ

“အကုန် အဆင်ပြေနေပြီး ဝတ္ထုခိုးရောင်းတာကနေ ပိုက်ဆံတွေ အများကြီးရပြီးမှ အခု ဒီရက်ပိုင်းအတွင်း လက်နက်ကိုင် အဖွဲ့ (၂) ခု ရောက်လာတာလေ။ ကျွန်တော်တို့ပါ ပြဿနာတွေထဲ ပါနေပြီ ထင်တယ်”

အစ်ကိုဟောက် ခဏငြိမ်နေပြီးမှ

“အဟမ်း ကံကောင်းလို့ ငါ့ ဉာဏ်ရည်နဲ့ ချောချောမောမောပြီးအောင် လုပ်လိုက်နိုင်တာပေါ့”

“ဟင်…”

ဟော သက်ပြင်းလေးချ၍

“အစ်ကိုဟောက် ကျွန်တော်တို့ တခြားနေရာ ပြောင်းရအောင်ဗျာ။ ဒီအခန်းက အငွေ့အသက် မကောင်းဘူး”

အစ်ကိုဟောက် နောက်တစ်ချက် ထပ်ရိုက်လိုက်ကာ

“ဘာအငွေ့အသက်လဲ။ မင်းဖာသာ အကြောက်လွန်ပြီး ပေါက်ကရတွေ လျှောက်ပြောမနေနဲ့”

“အဲ့တော့ ဒီမှာပဲ ဆက်နေဦးမှာလား”

ဟော မျက်နှာအရောင်ပြောင်းသွား၏။ 

အစ်ကိုဟောက် ခဏစဉ်းစား၍

“ဒီမှာတော့ မနေတော့ဘူးပေါ့ကွာ”

“ကောင်းတယ်။ အခုပဲ ကျွန်တော် အထုပ်ပြင်ထားလိုက်တော့မယ်။ နေရာအသစ် မြန်မြန် ရှာတာပေါ့”

ဟောမှ အလောတကြီး ပြောလိုက်သည်။ 

“နေဦး”

အစ်ကိုဟောက် လှမ်းတားလိုက်၏။ 

“အဲ့တာမတိုင်ခင် မကောင်းတာတွေ ဖယ်ရဦးမယ်”

“ဟင်”

ဟော အံ့ဩသွားကာ

“အစ်ကိုဟောက် ကျွန်တော် အဲ့တာတော့ မကျွမ်းဘူးနော်။ ပုံမှန်တော့ ခေါင်းဆောင်တဲ့သူက လုပ်ရတာ”

ဖြောင်း!

အစ်ကိုဟောက် နောက်တစ်ချက်တီးလိုက်ရင်း အသံမာမာဖြင့်

“မစ္စတာလင်းရဲ့ စာအုပ်တွေကို ပြောတာကွ”

“ဟင်”

အစ်ကိုဟောက်မှ

“ပြောရရင် ငါတို့ရဲ့ ကံဆိုးမှုတွေအကုန် ဒီမကောင်းဆိုးဝါးဆီက အရင်းပြုတာလေ။ မစ္စတာလင်းရဲ့ စာအုပ်တွေပေါ့။ သူ့စာအုပ်သာ ခိုးမရောင်းခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး”

ဟော ကြောင်တောင်တောင်ကြည့်လျက်

“အဲ့လိုနဲ့ တူတယ်”

အာလူးဝက်ဘ်ဆိုဒ်မှသာ လင်းချွမ်စာအုပ်များ ယူမရောင်းလျှင် လီယို ရောက်မလာဘဲ လူးကပ်စ်လည်း လိုက်လာစရာအကြောင်း မရှိတော့ချေ။ 

ထို့ကြောင့် အားလုံး၏ အရင်းအမြစ်သည် မစ္စတာလင်း၏ စာအုပ်များသာ ဖြစ်၏။ 

“ဘာရပ်ကြည့်နေတာလဲ။ သူ့စာအုပ်တွေ အကုန် ဖယ်လိုက်တော့”

အစ်ကိုဟောက်မှ ထပ်ပြောလိုက်သည်။ 

“ဒါပေမဲ့ ကျွန်တော်တို့ မူပိုင်ခွင့်ကြေးတွေ ပေးပြီးပြီလေ။ ဖယ်လိုက်ရင် အများကြီး ရှုံးကုန်မှာပေါ့”

“ပြဿနာဖြေရှင်းဖို့ ပိုက်ဆံလည်း အဆုံးခံရမှာပဲ”

“ဟို…”

“ဘယ်ဟာက ပိုအရေးကြီးလဲ။ ပိုက်ဆံလား။ အသက်လား”

“အသက်ပါ”

ဟော ချက်ချင်း ပြန်ဖြေလေသည်။ 

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ လင်းချွမ်၏ စာအုပ်များအား အာလူးဝက်ဘ်ဆိုဒ်မှ ဖယ်လိုက်တော့၏။ 

အားလုံး ပြီးသွားသောအခါ ဟောမှ

“အစ်ကိုဟောက် အခု ဘယ်သူ့စာအုပ်တွေ ခိုးရောင်းမှာလဲ”

အစ်ကိုဟောက် ခဏငြိမ်၍ စဉ်းစားနေပြီးနောက်

“ငါတို့ နောက်ထပ် စာအုပ်တွေ ခိုးမရောင်းတော့ဘူး။ တရားဝင် ဝတ္ထုဝက်ဘ်ဆိုဒ်အနေနဲ့ သွားမယ်”

“အဲ့လို တရားဝင်ဝက်ဘ်ဆိုဒ်က ခိုးရောင်းတာလောက် ပိုက်ဆံမရဘူးမလား”

ဟောမှ ပြန်မေးလေ၏။ 

သူ နားလည်သလောက် စာအုပ်ခိုးရောင်းခြင်းမှာ နည်းပညာ အနည်းငယ် တတ်ရုံဖြင့် အလွယ်တကူ စတင်နိုင်ပြီး ပိုက်ဆံများစွာ တန်းရပါသည်။ 

“မစ္စတာလင်းလိုလူ နောက် (၂) ယောက်လောက်စီကသာ ခိုးပြီး ရောင်းမိရင် ငါတို့ အခုချိန် သေနေလောက်ပြီကွ”

အစ်ကိုဟောက်စကားကြောင့် ဟောလည်း ငြိမ်သွား၏။ 

အစ်ကိုဟောက်ပြောသလို သွားမရှုပ်တော့သည်က ပိုကောင်းပါသည်။ 

“အဲ့တော့ ဘယ်လိုမျိုး တရားဝင်ရောင်းမှာလဲ”

အစ်ကိုဟောက် သေချာစဉ်းစားပြီးနောက် မတ်တပ်ထရပ်ကာ ဟောကိုကြည့်၍

“မင်း တရုတ်စာ ကောင်းကောင်းရတယ်မလား”

“အဲ့မှာလုပ်တာ နှစ်နည်းနည်းတော့ ရှိပါပြီ”

“ဒါဆို တရုတ်ဝတ္ထုတွေ ကောင်းကောင်း ဖတ်တတ်မှာပေါ့”

ဟော ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေသည်။ 

“ဖတ်တတ်လောက်ပါတယ်”

“ဒီတစ်ခါ တရားဝင်ဝက်ဘ်ဆိုဒ်ထောင်ပြီး အရှေ့တောင်အာရှတင် မကဘူး။ အာရှတစ်ခုလုံးကို ဖြန့်မယ်”

“အဲ့တာ နည်းနည်း မပိုလွန်းဘူးလား”

“အဟမ်း ပိုကြိုးစားရမှာပေါ့။ အရှေ့တောင်အာရှ ဈေးကွက်က သိပ်မကြီးဘူးကွ။ စာရေးဆရာလည်း သိပ်မရှိဘူး။ တရုတ်ဝတ္ထုတွေနဲ့ တရုတ်ပရိသတ်တွေကို ဆွဲဆောင်ရမယ်။ ပြီးရင် ဘာသာပြန်ပြီး အရှေ့တောင်အာရှကိုလည်း ဆက်တင်မယ်”

အစ်ကိုဟောက်မှာ အိပ်မက်မှာ ကြီးကျယ်လှသည်။ 

“အစ်ကိုဟောက်က တကယ် ပါရမီရှင်ပဲ”

ဟော သူ့ကို လေးစားစွာ ကြည့်နေမိ၏။ 

All Chapters