← Chapters

ထိပ်တိုက်တွေ့ခြင်း

Vol. 25 Ch. 363

ထိပ်တိုက်တွေ့ခြင်း

Vol. 25 Ch. 363

“အဲ့တော့ မင်းက တရုတ်ဝတ္ထုတွေကို တာဝန်ယူလိုက်ပေါ့”

အစ်ကိုဟောက်မှ တာဝန်ခွဲပေးနေ၏။ 

“ကျွန်တော်တို့ အာလူးဝက်ဘ်ဆိုဒ်ဆိုတဲ့ နာမည်အောက်ကနေပဲ ဆက်သွားမှာလား”

ဟောမှ ပြန်မေးလိုက်သည်။ 

အစ်ကိုဟောက် ခေါင်းယမ်းပြ၍

“ငါတို့ နာမည်အသစ် လိုတယ်”

“ဘယ်နာမည် ပြောင်းကြမလဲ”

“ငါ ခဏစဉ်းစားဦးမယ်”

အစ်ကိုဟောက်တစ်ယောက် ရုံးခန်းထဲတွင် ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း မေးစေ့ကို ပွတ်လျက်

“လင်းဆိုတာ သစ်သားမလား”

“ဟုတ်ပါတယ်။ တရုတ်လိုဆိုရင် သစ်သားနဲ့ အဓိပ္ပာယ်တူပါတယ်”

ဟော ခေါင်းငြိမ့်ပြ၏။ 

“ရွှေက သစ်သားထက် မြင့်တယ်။ ဒါဆို ငါတို့… ရွှေကြယ်ဝက်ဘ်ဆိုဒ်လို့ ပေးကြမယ်”

အစ်ကိုဟောက် သူ့နဖူးသူ ရိုက်ရင်း နာမည်အသစ်ကို ကျေနပ်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ 

“အစ်ကိုဟောက် အဲ့လိုအစွဲတွေ တွေးနေစရာ မလိုဘူးဆို။ ခုနကပြောတော့”

ဟော သူ့ကို ပြန်သတိပေးလိုက်၏။ 

“ဒါ အစွဲထားတာမှ မဟုတ်တာ။ တန်ပြန် တိုက်တာလို့ ခေါ်တာ။ ငါတို့ မစ္စတာလင်းနဲ့ ထိပ်တိုက်တွေ့ရင် ကံဆိုးမှာ။ နောက်ဝက်ဘ်ဆိုဒ်အသစ်မှာလည်း မစ္စတာလင်းနဲ့ တွေ့နိုင်သေးတယ်။ အဲ့တော့ ရွှေကြယ်ဆိုတဲ့နာမည်က အကောင်းဆုံးပဲ”

အစ်ကိုဟောက် ဂုဏ်ယူစွာဖြင့် ပြုံးရွှင်လျက် ဆိုသည်။ 

ဟောလည်း သူ့ဆရာပြောသည်ကို ထောက်ခံသွားပြီး

“ဒါဆိုလည်း ရွှေကြယ်ပေါ့။ မစ္စတာလင်းရေ သတိသာ ထားနေပေတော့”

“ကောင်းပြီ။ အခုချက်ချင်း စလိုက်တော့။ ဝက်ဘ်ဆိုဒ် အသစ်ထောင်ပြီး တရုတ်ဝတ္ထုတွေ စုထားလိုက်။ ဪ ပြီးတော့ ကြော်ငြာလည်း များများသုံး။ စာရေးဆရာတွေက များပေမဲ့ သိပ်မရှိကြရှာဘူး။ ပိုက်ဆံများများပေးပြီး မူပိုင်ခွင့်ရအောင်လုပ်ခဲ့”

အစ်ကိုဟောက်မှာ စိတ်ဓာတ်များ ပြန်တက်ကြွလာပြီး အလုပ်အသစ်စရန် အသင့်ဖြစ်နေ၏။ 

…

တစ်ဖက်တွင်။ 

လူးကပ်စ်နှင့် ယုချင်းတို့ အာလူးဝက်ဘ်ဆိုဒ်ရုံးမှ ပြန်သွားသည့် ကားလမ်းတစ်လျှောက်တွင် နှစ်ဦးလုံး အတွေးများ၍ နားမလည်နိုင် ဖြစ်နေကြသည်။ 

“သူတို့ လိမ်နေတာတော့ မဟုတ်ဘူး”

လူးကပ်စ်မှ စစ်ဆေးရေးအတွေ့အကြုံများအရ ပြန်ပြောလိုက်သည်။ 

အစ်ကိုဟောက်နှင့် ဟောတို့၏ အဖြေမှာ အသေးစိတ်၍ အကုန်ကိုက်ညီနေသည်။ 

“အဲ့တာဆို လီယိုက လင်းချွမ်ကို တကယ် သွားရှာတာပေါ့”

ယုချင်း မျက်မှောင်ကြုတ်၍ ပြောလိုက်မိ၏။ 

“ဖြစ်နိုင်တယ်”

လူးကပ်စ် ခေါင်းငြိမ့်ကာ

“အခုချိန် လီယိုနဲ့ လင်းချွမ်တို့ တွေ့လိုက်တာ တော်တော်လေး သေချာနေပြီ။ လီယို့လက်နက် အဝယ်ကိစ္စရပ်သွားတာလည်း လင်းချွမ်နဲ့ ပတ်သက်လို့ ဖြစ်ရမယ်”

“သာမာန်လက်နက်လောက်တော့ လင်းချွမ် ဟားစ်စစ်တပ်ကို ပေးရင် ပေးနိုင်လိမ့်မယ်…”

ယုချင်း ဆက်မပြောဘဲ ရပ်သွား၏။ 

လက်နက်ဝိဇ္ဇာဝတ္ထုထဲတွင် ပုံမှန်မဟုတ်သော အထူးလက်နက်များတော့ ပါလေသည်။ 

ရိုင်ဖယ်၊ တင့်ကားလောင်ချာများ၊ လက်ပစ်ဗုံးများ စသဖြင့် ဖြစ်၏။ 

လက်နက်မော်ဒယ်မတူလျှင် ဈေးကွက်၌လည်း ကွဲပြားသည်။ 

“အထူးလက်နက်တွေဆိုရင်ရော”

လူးကပ်စ်မှ မေး၏။ 

ဟားစ်စစ်တပ်၏ ယခုတစ်ခေါက် အဓိက ရည်ရွယ်ချက်မှာ အဝေးထိန်း ဒုံးကျည်လောင်ချာ ဖြစ်ပါသည်။ 

လင်းချွမ် ထိုအဝေးထိန်းဒုံးကျည်လောင်ချာကို ပြုလုပ်ပေးနိုင်သည်လား။ 

ထိုအချက်မှာ အဓိက ဖြစ်၏။ 

ယုချင်း ခဏစဉ်းစားပြီးနောက် 

“လင်းချွမ်က တကယ့် လက်နက်ရောင်းသူအစစ်လို့ ထင်လား”

လူးကပ်စ် ခေါင်းယမ်းပြကာ မျက်မှောင်ကြုတ်လျက်

“အဲ့တာတော့ အတိအကျ မပြောနိုင်ပေမဲ့ လီယို လင်းချွမ်ကိုတွေ့ပြီးမှတော့ ပိုယုံကြည်ချက် ရှိလာတာ အမှန်ပဲ။ လင်းချွမ်က အဝေးထိန်းဒုံးကျည်လောင်ချာနဲ့ ပတ်သက်နေတာ သေချာတယ်”

ရုတ်တရက်။ 

ယုချင်း အတွေးတစ်ခု ပေါ်လာပြီး အမူအရာ ပျက်သွား၏။ 

“လင်းချွမ်မှာသာ အဝေးထိန်းဒုံးကျည်လောင်ချာ လုပ်နိုင်တဲ့ နည်းပညာရှိရင် မြို့တော်ကို တင်ပြထားပြီးလောက်ပြီ။ ဒါဆိုရင် ခီခီ့ တီထွင်မှု နည်းပညာနဲ့ သေဒဏ်လွတ်အောင် လုပ်ဖို့ကိစ္စက အလကား ဖြစ်သွားပြီပေါ့”

ထိုအတွေး ဝင်လာမိသည်နှင့် စိတ်နှလုံးတစ်ခုလုံး ခါယမ်းသွားလောက်အောင် လန့်သွား၏။ 

လူးကပ်စ်လည်း မျက်နှာပျက်ကာ မျက်လုံးများ ပြူးသွားမိသည်။ 

ယုချင်း၏ ခန့်မှန်းချက်ကို ထောက်ခံပါသည်။ 

“အဲ့တော့ လင်းချွမ်က ပြဿနာတွေ ရှုပ်အောင် လုပ်နေတာပေါ့”

ရွှေရောင်ဝင်းသည့် နေရောင်ခြည်နှင့် ဆောင်းဦးလေပြည်အောက်တွင် ဇိမ်ခံကားလေး (၂) စီး တရွေ့ရွေ့ မောင်းနှင်နေ၏။ 

တစ်စီးမှာ လူးကပ်စ်နှင့် ယုချင်းတို့ လိုက်ပါလာပြီး နောက်တစ်စီးတွင် တပည့်များ ပါသည်။ 

ယုချင်း ပြတင်းတံခါးချ၍ ကိုယ်ကို ခပ်မတ်မတ် ပြင်ထိုင်ကာ အဖြေရသွားပုံဖြင့်

“လူးကပ်စ် လင်းချွမ်အကြောင်း ထပ်စုံစမ်းဖို့ လူသေချာ စုလိုက်။ အတော်ဆုံး အကျွမ်းဆုံး လူတွေပဲ ရွေးနော်။ နောက်ပြီး ငါတို့ အခု လင်းချွမ်ကို ထိပ်တိုက်တွေ့နိုင်လောက်တယ်”

“ပြောချင်တာက…”

လူးကပ်စ် လန့်သွား၏။ 

ယုချင်း မျက်နှာမှာ မာကြောလျက် စူးရှသော အကြည့်များဖြင့် ခေါင်းငြိမ့်ပြလေသည်။ 

All Chapters