ရန်သူ၏ရန်သူ
Vol. 25 Ch. 364
“ဒါပေမဲ့…”
လူးကပ်စ်မှာ မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲ၏ ခေါင်းဆောင်အနေနှင့် သေချာစဉ်းစားကာ
“လင်းချွမ်သာ အဝေးထိန်း ဒုံးကျည်လောင်ချာ ပြုလုပ်နိုင်တဲ့ နည်းပညာရှိပြီး မြို့တော်ကို တင်ပြပြီးရင် သူ့အတွက် အသက်ကယ်နည်း ဖြစ်သွားပြီ”
ယုချင်း သူ့စကားကြောင့် မျက်နှာပျက်သွား၏။
ထိုခန့်မှန်းချက်သာ မှန်လျှင် လင်းချွမ်မှာ မထိလောက်နိုင်သူ ဖြစ်လေသည်။
သူတို့ နိုင်ငံတစ်ခု၏ စစ်တပ်ကြီးကို ရန်စလောက်အောင်တော့ မရူးမိုက်သေးပါ။
“အဲ့တာဆို သူ့ကို ဒီအတိုင်း လွှတ်ထားတော့မှာလား”
ယုချင်း သူ့ညီမကိုတွေးမိပြီး လင်းချွမ်၏ လုပ်ရပ်များကို မြင်ယောင်လာလျှင် စိတ်ထဲ၌ ဒေါသများ ပေါက်ဖွားလာပြန်သည်။
သူသည် အမှောင်လောကထဲတွင် အရင်ကြိုရောက်၍ ကျွမ်းကျင်နေသူ ဖြစ်၏။
“ပြန်စဉ်းစားကြည့်ပါဦး”
လူးကပ်စ်မှ ပြောလိုက်သည်။
ယုချင်း နဖူးကိုဖိလျက် မျက်လုံးမှိတ်ထားမိ၏။
လင်းချွမ်၏ ဖြစ်တည်မှုမှာ ယုညီအစ်မအတွက် အကြီးဆုံးရန်သူတော်ကြီး ဖြစ်နေသည်။
ရုတ်တရက်!
သူ အတွေးတစ်ခု ဝင်လာ၏။
“လူးကပ်စ် ငါ့မှာ အကြံရှိတယ်”
လူးကပ်စ် ရှေ့သို့ကိုင်းလာပြီး ယုချင်းအနား ကပ်၍
“ဘာအစီအစဉ်လဲ”
“ငါတို့မှာ ဝှက်ဖဲတွေ ရှိတယ်လေ”
ယုချင်းမှ
“မတော်တဆမှုလိုမျိုး တူအောင် လုပ်နိုင်ရင် သူတို့ လိုက်စုံစမ်းလည်း ငါတို့ဆီ ရောက်လာမှာ မဟုတ်ဘူး။ နောက်ပြီး လင်းချွမ်ကိုလည်း ငါတို့ထင်သလောက် စိတ်ဝင်စားကြမယ် မထင်ပါဘူး”
လူးကပ်စ် ခဏစဉ်းစား၍
“နည်းနည်းတော့ အန္တရာယ်များတယ်နော်”
“တခြားသူကို ခိုင်းလိုက်မလား”
ယုချင်းမှ ပြော၏။
လူးကပ်စ် မျက်ခုံးပင့်၍ နားမလည်နိုင်စွာဖြင့်
“ဘယ်သူ့ကို ခိုင်းမှာလဲ”
“သေချာပေါက် သူ့ရန်သူတွေပေါ့”
“သူ့မှာ ရန်သူရှိလို့လား”
လူးကပ်စ် လင်းချွမ်အကြောင်း စုံစမ်းရသလောက်တော့ ထိုသို့ ရန်သူမျိုးမရှိပေ။
ယုချင်း ခေါင်းယမ်း၍
“လင်းချွမ်ရဲ့ဝတ္ထုတွေကို သေချာဖတ်ဖို့ တစ်ယောက်လောက် စီစဉ်လိုက်။ ပြီးရင် နောက်တစ်ဖွဲ့က သူ့အချက်အလက်တွေစုပြီး ပြန်တင်ပြ။ ရန်သူကို ရှာတွေ့တာနဲ့ သူ့ကို ဓားပေးလိုက်ရုံပဲ”
လူးကပ်စ် မျက်လုံးအရောင်များလက်၍
“အကြံကောင်းပဲ”
“နောက်ပြီး လင်းချွမ်က hacking အရည်အချင်း ရှိတယ်နော်။ ငါတို့ဘက်က ကြိုကာကွယ်ဖို့ တော်တော် အရည်အချင်းရှိတဲ့သူကို ခန့်ထားမှ ဖြစ်မယ်”
ယုချင်း သေချာ ညွှန်ကြားနေ၏။
လူးကပ်စ်မှ
“ယု ညွှန်းပေးချင်တဲ့ ဟက်ကာအဖွဲ့ရော ရှိလား”
ယုချင်း ခဏစဉ်းစားပြီးမှ
“AW တော့ ရှိတယ်။ အခုပဲ ဆက်သွယ်ကြည့်လိုက်မယ်”
“ကောင်းပါပြီ”
လူးကပ်စ် ခေါင်းငြိမ့်ပြကာ
“ဟားစ်စစ်တပ်က စစ်လက်နက်မှာတဲ့ကိစ္စရော”
ယုချင်း ခဏငြိမ်သွားကာ
“ဟားစ်စစ်တပ်က မယူလည်း တခြားသူကို ရောင်းလိုက်လို့ ရပါတယ်။ တရုတ်နယ်စပ်က ပိုင်ရှန်လုပ်ငန်းကို သိတယ်မလား။ သူတို့ ကျားဖြန့်စက်ရုံမှာလည်း လက်နက်တွေ သုံးရတယ်လေ။ အခု လက်နက်တွေ အရေးတကြီး လိုနေတာ။ နောက်ပြီး ဆာနီယာကိုလည်း လင်းချွမ်အကြောင်း ပြန်မေးလိုက်ဦးမယ်။ သူတို့ ဝက်ဘ်ဆိုဒ်ထဲ ခိုးဝင်ထားတာရှိရင် လင်းချွမ်ကို အမှုအသစ်စွဲချက်တင်နိုင်ပြီ”
ယခု ယုချင်းမှာ မနေ့ကနှင့် မတူတော့ပေ။
လုပ်ငန်းများ တစ်ခုပြီးတစ်ခုလုပ်ရင်း တက်ကြွနေကာ လူးကပ်စ်ပင် သူ့အရည်အချင်းအား အံ့ဩနေမိသည်။
ထိပ်တန်း လက်နက်ရောင်းသူ ပီသပါပေသည်။
သို့သော် လူးကပ်စ် စိုးရိမ်စွာဖြင့်
“ဒါပေမဲ့ လင်းချွမ်သာ ဆာနီယာဆီက အချက်အလက်ခိုးပြီး လက်နက်ထုတ်ခဲ့တာ မဟုတ်ဘူး ဆိုရင်ရော”
“သူတစ်ယောက်တည်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါတွေ ဒီဇိုင်းဆွဲဖို့ လုံးဝ မဖြစ်နိုင်ဘူး။ သူ ဝင်ခိုးထားတဲ့ သက်သေမရှိရင်တောင် တစ်ခုခုတော့ လှုပ်ရှားလို့ရမှာပါ။ AW ကသာမာန်အဖွဲ့မှ မဟုတ်တာ။ ဒီလောက် လုပ်ငန်းလေးကို အေးဆေး ဖျက်ဆီးလိုက်လို့ ရတယ်”
ယုချင်းမှ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
သူ AW အဖွဲ့ကို အဆင့်မြင့် ထိပ်တန်း ဟက်ကာအဖွဲ့ဟု ထင်နေ၏။ လင်းချွမ်လောက်ကို အလွယ်တကူ ရှင်းနိုင်မည် ထင်ထားပါသည်။
လင်းချွမ်၏ အချက်အလက်ခိုးယူခြင်း သက်သေအတု ပြုလုပ်ခြင်းမှာ မခက်လှပေ။
လူးကပ်စ်မှာ ယုချင်းအား စိုးရိမ်သလို ကြည့်နေမိ၏။
ရန်သူရှာခြင်း၊ အငှါးသတ်ခြင်း၊
သက်သေအတု ဖန်တီးခြင်း…အားလုံးပေါင်းလျှင် လင်းချွမ်ကို လွတ်လမ်းမရှိ ဝိုင်းထားနိုင်လေပြီ။
ယခုတစ်ခေါက်တွင်တော့ လင်းချွမ် မလွတ်တော့ပြီ။
ပြစ်မှုအားလုံး စီစဉ်ထား၍ အပြစ် သေချာပေါက် ပေးရမည် ဖြစ်၏။
လူးကပ်စ် ကားမှန်ကိုချကာ ပြင်ပလေကို ရှူရှိုက်ရင်း စိတ်လန်းဆန်းစေရန် ကြိုးစားလိုက်သည်။
ဒီမိန်းမကို ဘယ်တော့မှ ရန်စလို့ မဖြစ်ဘူးပဲ။
တကယ် ကြောက်စရာကောင်းတယ်။
သူ့ကို ရန်စမိ၍ မည်သို့သေမှန်းမသိအောင်ပင် ဖြစ်နိုင်ပါသည်။
…
တစ်ဖက်တွင် လင်းချွမ်နှင့် လီယိုတို့မှာတော့ စိတ်ပေါ့ပါးနေကြ၏။
အန်လင်းမြို့၊ ပေါင်းရင်ဟိုတယ်၊ သီးသန့်အခန်း။
လင်းချွမ်မှာ သေသပ်သော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး နေရောင်ခြည်ကဲ့သို့ နွေးထွေး တောက်ပသောအပြုံးများဖြင့် ပြုံးကာ လီယိုအား လက်ဆွဲနှုတ်ဆက်လိုက်သည်။
“မစ္စတာလီယိုနဲ့ အလုပ်တွဲလုပ်ဖြစ်တာ တကယ် ဂုဏ်ယူမိပါတယ်”
...
ယခုမနက်တွင် လင်းချွမ်တစ်ယောက် အန်လင်း အရုပ်စက်ရုံ တာဝန်ခံအနေဖြင့် ဟားစ်စစ်တပ်နှင့် တရားဝင် စာချုပ်ချုပ်မည် ဖြစ်သည်။
ပစ္စည်းများ အသင့်ဖြစ်ရန်မှာ (၃) လမျှ ကြာမြင့်ပေမည်။
“မစ္စတာလင်းနဲ့ တွေ့ဆုံရတာလည်း ဝမ်းသာပါတယ်ဗျာ”
လီယိုလည်း ပြုံး၍ ပြန်ပြောလိုက်၏။
အမှန်အတိုင်းဆိုရသော် သူ ထိုကဲ့သို့ ကျေနပ်စရာ ပူးပေါင်းမှုမျိုး တစ်ခါမှ မတွေ့ကြုံဖူးပေ။
ကိစ္စအစအဆုံး လင်းချွမ်မှ အံ့ဩစရာများသာ ပေးခဲ့သည်။
ထို့ကြောင့် အဆင်ပြေမှုများနှင့်သာ ပြည့်နေ၏။
“တခြားမိတ်ဆွေတွေကို ပြန်ညွှန်းပေးဖို့ မမေ့နဲ့ဦးနော်”
လင်းချွမ် လီယို့ပုခုံးကို ခပ်ဖွဖွပုတ်၍ ရင်းနှီးစွာ ပြောလိုက်သည်။
လီယိုသည် ဗလတောင့်တောင့်ပုံ ဖြစ်သော်လည်း လင်းချွမ်ဘေး၌ ရပ်နေသောအခါ ကွာခြားမှန်း သိပ်မသိသာလှပေ။
လီယို ရယ်မော၍
“ဒါပေါ့ဗျာ။ ကျွန်တော်တို့က မိတ်ဆွေရင်းတွေပဲကို”