အန်လင်း၏ နှင်းဆီ
Vol. 25 Ch. 367
အထူးသဖြင့် ထိုခြေထောက်များကို လင်းချွမ် လွန်ဆန်နိုင်မည် မဟုတ်ချေ။
“ရှင် မဟုတ်တာတွေ တွေးနေတာလား”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ လှည့်မေး၏။
“မ မဟုတ်ပါဘူး။ အဲ့လို မစွပ်စွဲပါနဲ့”
လင်းချွမ် ခေါင်းအမြန်ယမ်းပြရင်း လန့်သွားသည်။
ဒီမိန်းကလေးက စိတ်ဖတ်တတ်နေတာလား။
သူ့အမူအရာကြောင့် ရှန်ချန်းချန်း ရယ်မောလျက်
“ရှင်သာ ရိုးသားတယ်ဆိုရင် ကြောက်နေစရာ မလိုဘူးလေ။ အပေါ်ထပ် လိုက်မလား”
“ဟင်…”
လင်းချွမ် စွံ့အနေ၏။
“ကြောင်သူတော်ကြီး”
ရှန်ချန်းချန်းမှ
“လာပါ။ ကျွန်မ ရှင့်ကို ကိုက်မစားပါဘူး။ အေးဆေး ဆွေးနွေးစရာလည်း ရှိလို့”
လင်းချွမ် စိတ်ကို တင်းထားလိုက်၏။
ဟက်ကာအဖွဲ့၊ ပိုင်ရှန်အုပ်စု၊ မော်ဂန်အုပ်စုများကိုပင် သူ ကောင်းကောင်း ရင်ဆိုင်ရဲပါသည်။
ယခု ရှန်ချန်းချန်းအိမ်ထဲ ဝင်သွားလျှင် ကျားဂူထဲ ဝင်သလို ဖြစ်မည်လား။
အဝင်သာရှိ၍ ပြန်လမ်းမရှိ။
ဤသို့ဖြင့် လမ်းမကိုဖြတ်ကူး၍ ရှန်ချန်းချန်းအိမ်ထဲ ရောက်လာကြတော့သည်။
တိုက်ခန်းမှာ မိန်းကလေးတစ်ယောက်နေမှန်း သိသာ၏။
အိပ်ခန်း (၁) ခန်း၊ ဧည့်ခန်း (၁) ခန်းရှိပြီး သပ်ရပ်လှသည်။ တီဗီမရှိသော်လည်း ပရိုဂျက်တာဖြင့် ကြည့်နိုင်၏။ အလယ်၌ စားပွဲတစ်လုံး ချထားပြီး ပရိုဂျက်တာဘေးရှိ စင်ပေါ်၌ အရုပ်လေးတစ်ခု ရှိနေသည်။
လင်းချွမ် ထိုအရုပ်ကို ရင်းနှီးနေပြီး ရုတ်တရက် သတိရသွား၏။
“ဒီ အဝါရောင် ဘဲရုပ်လေးက…ဟို…”
“အဟမ်း အဟမ်း”
ရှန်ချန်းချန်း အရုပ်ကို အမြန်ယူ၍ အခန်းထဲ ထည့်လိုက်သည်။ တန်ဖိုးရှိလွန်း၍ လင်းချွမ်ကို မထိစေချင်ပုံပေါ်၏။
“ဒါပေမဲ့ ကျွန်တော်ပေးတဲ့လက်ဆောင်ပဲလေ”
လင်းချွမ်မှ ပြောလိုက်သည်။
“ထိုင်ပါဦး။ ကျွန်မ လက်ဖက်ရည် ဖျော်လိုက်မယ်”
ရှန်ချန်းချန်း စကားလမ်းကြောင်းလွှဲကာ မီးဖိုချောင်ဘက် ထွက်လာသည်။
မကြာမီ လက်ဖက်ရည်ခွက်ကိုင်၍ ပြန်ထွက်လာပြီး
“ဒီမှာ ရှင် ဒီနေ့ တော်တော် မူးတော့မလို့”
“ဒီခွက်က အလယ်ခေတ်မှာ သုံးခဲ့တဲ့ပုံစံနဲ့ တူတယ်နော်”
လင်းချွမ် စိတ်ဝင်တစား ပြောလိုက်သည်။
“အရင်တစ်ခါ အလုပ်သမားနေ့မှာ ကျွန်မတို့ ကျားဖြန့်အဖွဲ့ အတူတူ ဖမ်းမိတုန်းကလေ။ အဖွဲ့ချုပ်ကနေ ဆုချတာ။ ဒီခွက်ရယ်၊ ဖောင်တိန်လေးရယ်”
လင်းချွမ် ရယ်မော၍
“ခွက်က တကယ်အကောင်းစားပဲ”
စတီးလ်ကို အသုံးပြုထား၍ ကွဲနိုင်ခြင်းမရှိပေ။
လင်းချွမ် လက်ဖက်ရည်နွေးနွေးကို တစ်ငုံမျှသောက်၍
“ခုနက ဆွေးနွေးစရာရှိတယ်ဆိုတာ ဘာလဲ”
ရှန်ချန်းချန်း ဖိုင်တစ်ခု ထုတ်ပြ၍
“လက်နက်ပြိုင်ပွဲကို မှတ်မိသေးလား”
“ဒါပေါ့”
“ဒါက နောက်ဆုံးအဆင့်အတွက် အချက်အလက်တွေလေ။ ရိုင်ဖယ်ပုံစံအသစ်။ အဲ့တာ ရှင့်ကို လက်မှတ်ထိုးခိုင်းမလို့”
“လက်မှတ်လား”
လင်းချွမ် နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
“ဟုတ်တယ်။ ကျွန်မတို့အတူတူ ဒီဇိုင်းထုတ်ထားတာလေ။ ရှင် လက်မှတ်ထိုးရမှာပေါ့”
“ကျွန်တော်က အထုတ်ခံထားရပြီးပြီကို။ ဘာလို့ ထိုးရမှာလဲ”
လင်းချွမ် လက်ဖက်ရည်သောက်ရင်း လက်ယမ်းပြလေသည်။
“ရှင် လက်မှတ်ထိုးရမယ်”
ရှန်ချန်းချန်းမှ အလျှော့မပေးမည့်ပုံဖြင့် အခိုင်အမာ ပြော၏။
“ဟင် ဘာလို့လဲ”
လင်းချွမ် မျက်မှောင်ကြုတ်သွားမိသည်။
“လက်မှတ်သာ ထိုးစမ်းပါ”
ရှန်ချန်းချန်း နှုတ်ခမ်းလေးစူ၍ ပြော၏။
‘လင်းချွမ်+ရှန်ချန်းချန်း’ ဟူသော လက်မှတ်ကို တွေ့ရုံဖြင့် နောင်တစ်ချိန် ထိုလက်နက် သုံးသောအခါ ရန်သူကို အတိအကျ ပစ်ခတ်နိုင်မည်ဟု ထင်ပါသည်။
ထိုကဲ့သို့ ကျေနပ်မှုကို ခံစားချင်မိ၏။
လင်းချွမ် သူ့ကို လှမ်းကြည့်သောအခါ ကြည်တောက်နေသော မျက်ဝန်းများနှင့် မျှော်လင့်ချက်အပြည့် ဖြစ်နေပုံကို တွေ့ရသည်။
“ကောင်းပြီလေ”
“ဒီနား”
ရှန်ချန်းချန်း ပြုံးရွှင်၍ လက်မှတ်ထိုးရမည့်နေရာကို ပြလိုက်သည်။
လင်းချွမ် စာရွက်ကိုကြည့်၍
“ကျွန်တော်က ဒီမှာဆို ချန်းချန်းကရော”
“ရှင့်ဘေးနားမှာ ထိုးလိုက်မယ်လေ”
ရှန်ချန်းချန်း အောက်နားမှ နေရာလွတ်ကို လက်ညှိုးထိုးပြ၏။
“မဟုတ်တာ ကျွန်တော် အောက်မှာနေလိုက်ပါမယ်”
လင်းချွမ် လက်မှတ် အစီအစဉ်ကို နားလည်ပါသည်။
“ရှင်အပေါ်မှာနေပါ။ ရတယ်။ ရှင့်ဖန်တီးမှုဆိုလည်း ဟုတ်တယ်လေ”
“ကျွန်တော်တော့ အောက်မှာပဲ ဖြစ်သင့်တယ် ထင်တယ်”
“မဟုတ်ဘူး လင်းချွမ် ရှင်က အပေါ်မှာ။ ကျွန်မက အောက်မှာ အဲ့တာ ပိုအဆင်ပြေတယ်”
“အို…”
နှစ်ယောက်သား ငြင်းခုံနေရင်း ရုတ်တရက် အခြေအနေမှာ ထူးဆန်း၍ ငြိမ်သက်သွားကြသည်။
အခန်းထဲတွင် မီးရောင်မှိန်ပျပျဖြစ်နေပြီး လင်းချွမ် သက်ပြင်းချလိုက်၏။
ရှင်းရှင်းမှာ စိတ်ပေါ့ပါး၍ သက်သာရာ ရစေသည့် ဆေးလေးဖြစ်လျှင် ရှန်ချန်းချန်းကရော။
အန်လင်း၏ နှင်းဆီ ဖြစ်သည်။
လူသားများတွင် ခက်ခဲသောအရာကို ကြိုးစားလိုသည့် အကျင့်ရှိပါသည်။
အလွယ်တကူရလျှင် လစ်ဟာမှုကို ခံစားရပြီး တစ်ခုခုကို လိုအပ်နေတတ်၏။
သူ စိတ်ကူးယဉ်ဝတ္ထုထဲသာ ရောက်သွားချင်ပါသည်။
မည်သည့် စည်းမျဉ်း စည်းကမ်းမှမရှိဘဲ စိတ်ကြိုက် ပျော်ရွှင်နိုင်၏။
လင်းချွမ် သူ့အရင်အခြေအနေကို တွေးကာ သက်ပြင်းထပ်ချမိ၏။
ဝတ္ထုများ မအောင်မြင်မီက မိန်းကလေးတစ်ယောက်၏ လက်ကိုပင် ကိုင်ခွင့် မရခဲ့ချေ။
ယခုတော့ အလွန်ထူးချွန်နေလေပြီ။
“ဒီကိစ္စ ငြင်းမနေပါနဲ့တော့။ ကျွန်မ အရင် လက်မှတ်ထိုးလိုက်တော့မယ်”
ရှန်ချန်းချန်း မသင့်တော်သော အခြေအနေကြောင့် နေရခက်ကာ လက်မှတ်အရင် ထိုးလိုက်တော့သည်။
လင်းချွမ်လည်း တိတ်ဆိတ်လျက် ရှန်ချန်းချန်း အမည်အောက်၌ ထိုးလိုက်၏။
မဟုတ်လျှင် တစ်ညလုံး ဒီမှာပင် အချိန်ကုန်သွားလိမ့်မည်။
“လင်းချွမ် ကျွန်မကို သာမာန်မိန်းကလေးလို့ ထင်လား”
ရှန်ချန်းချန်း မျက်ဝန်းများ ရွှန်းလဲ့လျက် ရုတ်တရက် ထမေးလေသည်။
လင်းချွမ်မှာ ခုန်အုပ်ချင်စိတ်ကို မနည်း ထိန်းနေရ၏။
သူ လက်ဖက်ရည်တစ်ကျိုက်မော့၍
“”သေချာပေါက် မဟုတ်ဘူးပေါ့”
ရှန်ချန်းချန်း နှုတ်ခမ်းလေးကိုက်လျက် သက်ပြင်းချ၍ ပြုံးကာ
“ကောင်းပါပြီ။ အလုပ်ကိစ္စလည်း ပြီးပြီဆိုတော့ အောက်ဆင်းကြတာပေါ့။ ကျွန်မ ပြန်လိုက်ပို့ပေးမယ်”
ရှန်ချန်းချန်း လင်းချွမ်ကို အမှုကိစ္စများနှင့် ပတ်သက်၍ တွေ့ခဲ့ရခြင်းအတွက် နောင်တရနေမိသည်။ မဟုတ်လျှင် ကျန်းရှင်းရှင်းကို သေချာပေါက် အလဲထိုးနိုင်ပါသည်။
“ကောင်းပါပြီ”
လင်းချွမ် ခေါင်းငြိမ့်ပြလေ၏။
သူတို့ မတ်တပ်ထရပ်လိုက်ချိန်တွင်…
‘ဒေါက် ဒေါက် ဒေါက်’
ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။