တံခါးအပြင်ဘက်
Vol. 25 Ch. 368
“ဘယ်သူလဲ”
ရှန်ချန်းချန်း အံ့ဩစွာ ရေရွတ်မိ၏။
သူ အမြဲ တစ်ယောက်တည်းသာ နေလေ့ရှိသောကြောင့် ရွှယ်ချီချီ၊ ရှချင်းချင်းတို့မှလွဲ၍ လာလည်မည့်သူ မရှိပေ။ ယောက်ျားလေး မိတ်ဆွေမှာ ပို၍ပင် ရှားသေး၏။ လင်းချွမ်သည် သူ့တိုက်ခန်းပေါ် ရောက်ဖူးသည့် ပထမဆုံးယောက်ျားပင်။
နောက်ဆုံးဆိုလျှင်လည်း မှန်ပေမည်။
ဖေဖေရှန်မှာ မူးနေပြီး မေမေရှန်မှ ပြုစုပေးနေရ၍ ယခုအချိန် နားနေလောက်လေပြီ။ ဤမျှ နောက်ကျမှ ရောက်လာမည် မဟုတ်ပါ။
ကျွမ်းကျင်စုံထောက်တစ်ဦးအနေဖြင့် ထင်မြင်ချက်များ ခန့်မှန်းရင်း ဝါကျင့်ကျင့် မီးရောင်အောက်မှ တံခါးဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။ ထို့နောက် မှန်ဘီလူးမှ လှမ်းကြည့်လိုက်ရာ အပြင်တွင် ရှင်းလင်း၍ မှောင်မိုက်နေသည်ကိုသာ တွေ့ရသည်။
ဘယ်သူမှ မရှိဘူးလား။
ရှန်ချန်းချန်း ပိုအံ့ဩသွား၏။
“ဘယ်သူ တံခါးခေါက်တာလဲ”
လင်းချွမ် သူ့အနားရောက်လာပြီး မေးလေသည်။
တံခါးနားရောက်သည်မှာ စက္ကန့်ပိုင်းမျှ ကြာနေပြီး အသံမကြားရ၍ လင်းချွမ် စိတ်ဝင်စားသွား၏။
ရှန်ချန်းချန်း ခေါင်းယမ်း၍
“ဘယ်သူမှ မဟုတ်ဘူး”
“ဟင် ဘယ်သူမှ မဟုတ်ဘူးလား”
လင်းချွမ် မျက်မှောင်ကြုတ်မိ၏။
“ကလေးတွေ လက်ဆော့တာ နေပါလိမ့်မယ်”
ရှန်ချန်းချန်း ဖြေ၍တွေးလိုက်သည်။
“ကျွန်တော် ကြည့်ကြည့်မယ်”
လင်းချွမ် ရှန်ချန်းချန်းအား သူ့အနောက်တွင် ရပ်စေ၍ တံခါးမှန်ဘီလူးမှ ချောင်းကြည့်လိုက်၏။
ထို့နောက် မျက်မှောင်ပိုကြုတ်သွားသည်။
“ဘာလို့လဲ”
သု့အမူအရာကြောင့် ရှန်ချန်းချန်းမှ ပြန်မေးလိုက်၏။
လင်းချွမ် ရှန်ချန်းချန်းနှုတ်ခမ်းလေးပေါ် လက်ညှိုး အမြန်တင်၍ တိတ်တိတ်နေရန် အချက်ပြလေသည်။
ထို့နောက် သူ ဝင်လာလာချင်းက ချထားမိသော ဖိနပ်စင်နားမှ ကုတ်အင်္ကျီကို ကောက်လိုက်၏။
ရှန်ချန်းချန်းမှာ နှုတ်ခမ်းလေးစူ၍ နားမလည်နိုင်စွာ လိုက်ကြည့်နေသည်။
လင်းချွမ်၏ ဘယ်ဘက်လက်မှ တံခါးလက်ကိုင်ကို ဆုပ်ကိုင်ရင်း ရုတ်တရက် တံခါးကို ဖွင့်ချလိုက်ကာ ညာဘက်လက်မှလည်း ကုတ်အင်္ကျီကို အရှေ့ထုတ်လိုက်၏။
ဒုန်း!
တံခါးကို အရှိန်ဖြင့် ရုတ်တရက် ဖွင့်လိုက်သောကြောင့် ပုံမှန်ထက် ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီး တံခါးမီးလုံးလည်း လင်းသွားသည်။
တံခါးပွင့်သွားသော်လည်း အပြင်တွင် တကယ် ဘယ်သူမှ မရှိပေ။
လင်းချွမ် အပြင်ထွက်၍ ပတ်ဝန်းကျင်ကို သေချာကြည့်ကာ အထဲပြန်ဝင်လာသည်။
စိတ်ထဲ၌လည်း အတွေးများ အလွန်ရှုပ်ထွေးနေ၏။
“တစ်ခုခု ဖြစ်လို့လား”
လင်းချွမ်ဘေးတွင် ရပ်၍ မှင်တက်နေသော ရှန်ချန်းချန်း စိုးရိမ်မှုများ မြင့်တက်ရင်း မေးလိုက်သည်။
လင်းချွမ် ပြုံးလျက်
“တံခါးခေါက်ပြီးမှ မှန်ဘီလူးထဲ မမြင်နိုင်လောက်အောင် ပုန်းရင်း တံခါးဖွင့်မှ အလစ် တိုက်ခိုက်မှာစိုးလို့လေ”
“ရှင် သတိထားတာကောင်းပေမဲ့ နည်းနည်း ပိုလွန်းတယ် မထင်ဘူးလား”
ရှန်ချန်းချန်း စိတ်အေးသွားကာ ပြုံး၍ ပြန်ပြောလေ၏။
လင်းချွမ် မျက်နှာကျက်မှ မီးလုံးကို လက်ညှိုးထိုးပြ၍
“ချန်းချန်း အပြင်ကိုကြည့်တုန်းက ဒီမီးလင်းနေလား”
“ဟင့်အင်း။ မလင်းဘူး”
ရှန်ချန်းချန်း ပြန်ဖြေသည်။
“ဒီအသံဆင်ဆာနဲ့ မီးလုံးမျိုးက တစ်ခါလင်းပြီးမှ စက္ကန့် (၃၀) လောက်ကြာမှ ပြန်ပိတ်တာ။ တံခါးခေါက်တဲ့အသံကနေ ကျွန်တော်တို့ ဖွင့်လိုက်တဲ့အထိက (၁၅) စက္ကန့်ဝန်းကျင်ပဲ ရှိတယ်။ အဲ့တော့ လက်ဆော့တဲ့ကလေးဆိုရင် ပထမဆုံး အပြင်ကို လှမ်းကြည့်ချိန် မီးလင်းနေရမှာ”
လင်းချွမ် အေးဆေး ရှင်းပြ၏။
“ဟင်”
ရှန်ချန်းချန်း ထိုအခါမှ ပို၍ စိတ်ရှုပ်ထွေးသွားသည်။
လင်းချွမ်စကားကြောင့် စိတ်အေးနေရာမှ စိုးရိမ်မှုများ ပြန်မြင့်တက်လာ၏။
ထို့နောက် လင်းချွမ် ဓာတ်လှေကားကို လက်ညှိုးထိုးပြသည်။
“ဓာတ်လှေကားကရော”
ရှန်ချန်းချန်း ပြန်မေးလိုက်သည်။
ထိုအဆောက်အဦတွင် ဓာတ်လှေကား (၂) ခုရှိပြီး တစ်ခုမှာ ပထမထပ်၌ ရပ်သွား၍ နောက်တစ်ခုသည် မြေညီထပ်မှ တက်လာနေဆဲ ဖြစ်သည်။
“ဒီလိုအဆောက်အဦရဲ့ ပုံမှန်ဓာတ်လှေကား အရှိန်က အထပ် (၃၀) ကနေ (၁) ထပ်အထိ (၂၅) စက္ကန့် ကြာတယ်။ ကျွန်တော် အပြင်ထွက်ကြည့်လိုက်တုန်းကလည်း ဒီအတိုင်းပဲ။ အဲ့တော့ စည်းမျဉ်းတွေအရ တံခါးလာခေါက်တဲ့သူက ဓာတ်လှေကားကို အောက်ထပ် နှိပ်လိုက်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တံခါးပွင့်တဲ့အချိန် ဓာတ်လှေကား ပွင့်တဲ့အသံရော၊ အိမ်နီးချင်းတွေ အိမ်တံခါးဖွင့်သံမျိုးရော မကြားလိုက်ဘူး။ ဒီတော့ သူ လှေကားကနေ ဆင်းတာပဲ”
လင်းချွမ် စကားဆုံးသောအခါ လှေကားရှိသည့် တံခါးဘက်သို့ လှမ်းကြည့်လိုက်၏။
ထိုလူမှာ တံခါးအနောက်တွင်ပုန်းရင်း အားလုံးကို နားထောင်နေပုံ ပေါ်ပါသည်။
လင်းချွမ်၏ ပထမဆုံး တရားခံအတွေ့အကြုံမှာ သူခိုး ဖြစ်၏။
ထို့ကြောင့် ထိုသို့သော နည်းလမ်းများကို ကောင်းကောင်း နားလည်ပါသည်။
သူ ရှန်ချန်းချန်းကို အနောက်ဘက်တွင် ထား၍ လှေကားတံခါးကို ကန်ကာ ဆောင့်ပိတ်လိုက်၏။
ဘုံး!
ကျယ်လောင်သော အသံကြီးနှင့်အတူ တံခါးမှာ အရှိန်ဖြင့် ပွင့်သွားသည်။
အထဲတွင်မူ အားလုံး ရှင်းလင်းနေ၏။
“အထင်လွဲသွားတာလား”
လင်းချွမ် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
အသံဆင်ဆာ မီးလုံးမှာ လင်းနေသောကြောင့် လှေကားများကို ကောင်းစွာ မြင်ရလေသည်။
“ဘာလို့ ဘယ်သူမှ မရှိတာလဲ”
ရှန်ချန်းချန်း လင်းချွမ်အနောက်တွင် နေရင်း မျက်မှောင်ကြုတ်၍ ရေရွတ်မိသည်။
လင်းချွမ် တဖြည်းဖြည်း ဆင်းသွားရင်း ထောင့်များကို သေချာကြည့်နေသည်။ ထိုနေရာများမှာ ရုပ်ရှင်နှင့် ဝတ္ထုများ၌ အန္တရာယ်များတတ်လေ၏။
“တစ်ခုခု တွေ့လား”
ရှန်ချန်းချန်း လှမ်းမေးလိုက်သည်။
လင်းချွမ် ကြမ်းပြင်ကို လက်ညှိုးထိုးကာ
“ဒီမှာကြည့်။ ဖိနပ်ခြေရာကြောင့် ပွန်းနေတာလေးတွေ ရှိတယ်”
ရှန်ချန်းချန်း သူပြသည့်နေရာအတိုင်း လိုက်ကြည့်၍ ကြမ်းပြင်မှ ဖုန်မှုန့်များကို တွေ့ရသည်။ ဖုန်မှုန့်များသည် ခြစ်ရာ (၂) ခုကို ထင်းနေအောင် ပေါ်နေစေသည်။
လူတစ်ယောက် ရောက်လာပြီး ငုတ်တုတ်ထိုင်သွားမှန်း သိသာပါသည်။
ရှန်ချန်းချန်း ရင်ထဲ မွန်းကြပ်လာကာ
“သူ ဘယ်ကို သွားတာလဲဟင်”
လင်းချွမ် ပြန်မဖြေသော်လည်း သူ လှေကားနှင့် ခေါင်မိုး ပတ်ပတ်လည်တို့ကို အဆက်မပြတ် စစ်ဆေးနေ၏။