အတူတူချင်းပဲလေ
Vol. 25 Ch. 371
ယုချင်းမှာ လက်နက်ဝိဇ္ဇာကိုသာ ဖတ်ဖူးပြီး အခြားစာအုပ်များ မကိုင်ဖြစ်သေးချေ။
လူးကပ်စ်ပြောမှ အနည်းငယ် မြင်လာ၏။
“လင်းချွမ်က AW ကို ဖျက်ဆီးခဲ့တာလို့ ပြောချင်တာလား”
ယုချင်း မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
လူးကပ်စ် ချက်ချင်း ပြန်မဖြေဘဲ နောက်ထပ် စာမျက်နှာများကို ပြလေ၏။
“ဧပြီလနှောင်းပိုင်းတွင် ၇၂၀ စတူဒီယိုနည်းပညာ ကုမ္ပဏီ စတင်ဖွင့်လှစ်ခဲ့ခြင်း”
“ထိုလထဲ၌ပင် ၇၂၀ နည်းပညာကုမ္ပဏီမှာ အန်လင်း ရဲစခန်းနှင့် ပူးပေါင်းပြီး ကျားဖြန့် ဆန့်ကျင်ရေး ဆော့ဖ်ဝဲလ်ကို ပြည်တွင်းကုမ္ပဏီများနှင့်အတူ ထုတ်လုပ်ခြင်း”
“မစ္စတာလင်းက အန်လင်းနည်းပညာဌာနက ရှချင်းချင်းနဲ့ ရင်းနှီးတယ်လေ။ ယွန်းထျန်းကိုတောင် ခရီးအတူတူ သွားသေးတယ်”
အချက်အလက်အားလုံးမှာ လင်းချွမ်နှင့် ပတ်သက်နေသည်။
ယုချင်း အံ့ဩစွာကြည့်၍
“ဒီလိုဆိုတော့ တော်တော် တိုက်ဆိုင်နေတာပဲနော်”
လူးကပ်စ်မှ
“လင်းချွမ်က အန်လင်းမှာ နာမည်ကြီးပဲ။ အလံနီကိစ္စက ဟက်ကာလောကဝတ္ထုထဲကအတိုင်း လုပ်ပြသွားတာ။ သူတစ်ယောက်တည်းနဲ့ အားလုံး ထိန်းချုပ်နိုင်တယ်”
ယုချင်း သက်ပြင်းချလိုက်မိ၏။
လင်းချွမ်မှာ AW နှင့်ပင် အပြိုင်တိုက်ခိုက်ရင်း အပြတ်အသတ်နိုင်သွားသည်လား။
ထို့နောက် ယုချင်း ပြုံး၍
“ကျွန်မ သူ့ကိုသတ်ဖို့ဓား သေချာတွေ့ပြီ”
“ဒီဓားက တော်တော် ထက်မှာပဲနော်”
လူးကပ်စ် ရယ်မော၍ ထောက်ခံမိလေ၏။
“ကားလ်လည်း ဝင်ပါရတာကို စိတ်ဝင်စားမယ်လို့ ယုံတယ်။ သူကိုယ်တိုင် လင်းချွမ်အပေါ် စိတ်ခုတာ ရှိနေမှာပဲလေ”
ယုချင်း အေးစက်စွာ ဆိုလိုက်မိသည်။
ဤသို့ဖြင့် မကြာမီ ကားလ် ရောက်လာလေသည်။
“ကားလ် မတွေ့တာကြာပြီနော်”
ယုချင်း နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
ကားလ်ဆိုသူမှာ အသက် (၃၀) ဝန်းကျင်ရှိပြီး အနောက်တိုင်းဝတ်စုံကို ဝတ်လျက် (၁၈၀) စင်တီမျှ ရှိသော အရပ်သည် ပို၍ ထင်းနေသည်။
နှာတံမြင့်မြင့်၊ မျက်လုံး စူးရှရှတို့မှာမူ ဉာဏ်ပညာရှိမှန်း သိသာလေ၏။
“ဟုတ်ပါ့ ယုရယ် မတွေ့တာ ကြာပြီ”
ကားလ် ပြုံး၍ ပြောလိုက်သည်။
ထို့နောက် လူးကပ်စ်နှင့် မိတ်ဆက်ပေးလိုက်ပြီး အလုပ်ကိစ္စ တန်းဆွေးနွေးကြလေ၏။
“ယုရယ် ပူးပေါင်းရေးက ချောချောမောမော မဖြစ်သွားတာ အားနာပါတယ်”
ကားလ်မှာ နေရခက်စွာ ပြောလိုက်သည်။
“ကျွန်မတို့ချင်း ခင်လာတာ ဘယ်လောက်တောင် ရှိနေပြီလဲ။ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”
ယုချင်းမှ ပြောသည်။
“ကျွန်တော်တို့ အဖွဲ့ထဲမှာလည်း အချင်းချင်း အမြင်တွေ မတူကြဘူးဗျ”
“ဘာလို့လဲ”
လူးကပ်စ်မှ မေးမိသည်။
“လူးကပ်စ်က ယုရဲ့ မိတ်ဆွေဆိုတော့ ကျွန်တော့်မိတ်ဆွေပဲပေါ့။ အမှန်အတိုင်း ပြောပြပါ့မယ်”
“ဟုတ်ကဲ့”
“လက်ရှိ ခင်ဗျားတို့ ဟက်ကာတွေအနေနဲ့ အွန်လိုင်းစာရေးဆရာကို ရှုံးသွားတယ်ဆို။ အဲ့တာ ဟက်ကာလောကမှာ တော်တော် သက်ရောက်တယ်ဗျ။ အဲ့တာကြောင့် AW အနေနဲ့လည်း ပူးပေါင်းဖို့ ခက်မှာ။ အခုက ယုမျက်နှာနဲ့ လာလည်ရုံပါပဲ”
လူးကပ်စ် ရုတ်တရက် မျက်နှာပျက်သွားပြီးမှ ပြန်ပြုံးပြ၍
“မစ္စတာကားလ် အရှေ့ပိုင်းက ဆိုရိုးတစ်ခု ကြားဖူးလား”
“လက်ရှိကိစ္စက သိတဲ့သူက ဉာဏ်ပညာရှိသူပဲ ဆိုတာလား”
လူးကပ်စ် ခေါင်းယမ်းပြကာ
“အဲ့တာ မဟုတ်ဘူး”
“ဒါဆို ဘာလဲ”
“ဟင်းချက်တဲ့အိုးက ရေနွေးအိုးကို ပြန်ပြီး မည်းတယ်ပြောနေသေးတယ် ဆိုတာလေ”
“ဘာကို ပြောချင်တာလဲ”
ကားလ် နားမလည်၍ ပြန်မေးလိုက်၏။
“မစ္စတာကားလ် ရှင်းရှင်းပဲ ပြောကြတာပေါ့။ လှောင်ချင်တာ ရန်စချင်တာမျိုးတော့ မရှိပေမဲ့ ကျွန်တော် သိထားသလောက် ခင်ဗျားတို့အဖွဲ့လည်း လူတစ်ယောက်ဆီက တိုက်ခိုက်ခံရပြီး ရှုံးသွားသေးတယ်လေ”
လူးကပ်စ် ဒဲ့ဒိုးသာ ပြောလိုက်သည်။
ကားလ်မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွား၏။
ထို့နောက် မကျေနပ်သည့်ပုံစံဖြင့်
“မစ္စတာလူးကပ်စ် အဲ့လူက ထိပ်တန်း ထူးခြားတဲ့လူမို့လို့ ခံလိုက်ရတာ။ လူတိုင်း နားလည်တယ်။ AW ထဲကို ဘာမှမပြင်ဆင်ဘဲ အလွယ်တကူ ချိုးဖောက်နိုင်တာမျိုး မရှိသေးဘူး”
သူ မခံချင်စိတ်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲ၌ သိမ်ငယ်မိပါသည်။
မည်သို့ပင်ဖြစ်စေ အတတ်နိုင်ဆုံး သိက္ခာကို ထိန်းထားရမည်။
“သေချာလား”
လူးကပ်စ် ရယ်မောကာ မေးလိုက်၏။
“ဒါပေါ့”
ကားလ် အသံကိုငြိမ်အောင် ထိန်းလျက်
“မော်ဂန်အုပ်စုကို တိုက်ခိုက်တဲ့သူနဲ့ ခင်ဗျားတို့ကို တိုက်ခိုက်တဲ့သူက အတူတူပဲဆိုရင်ရော။ ကျွန်တော်တို့ အရည်အချင်းက ခင်ဗျားတို့ထက် အောက်ကျတယ် ထင်နေတာလား”
လူးကပ်စ် ပြုံး၍ ပြောလိုက်သည်။
သူပြောတာလည်း မှန်နေပါသည်။ နှစ်ဖွဲ့လုံး လင်းချွမ်ကို ရှုံးရခြင်း ဖြစ်၏။
“မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး”
“မဖြစ်နိုင်ဘူးလား”
လူးကပ်စ် ပရိုဂျက်တာ မျက်နှာပြင်ကို ပြန်ဖွင့်လိုက်၏။
“အဲ့အွန်လိုင်းစာရေးဆရာက လင်းချွမ်တဲ့။ ကလောင်အမည် မစ္စတာလင်းလေ။ ဒီထဲက စာပိုဒ်က သူ့ဟက်ကာလောက ဝတ္ထုထဲမှာ ပါခဲ့တာ”
ကားလ် လှည့်ကြည့်လိုက်သောအခါ အလံနီအကြောင်းကို တွေ့ရ၏။
ထို့နောက် အလွန်ရှက်ရွံ့ ဒေါသထွက်နေတော့သည်။
ဒဏ်ရာအဟောင်းကိုလည်း ပြန်ဆွသကဲ့သို့ဖြစ်ကာ မျက်နှာအလွန် ပျက်နေတော့၏။
“ဒီဝတ္ထုအပိုင်းအစလောက်နဲ့ သက်သေ ဖြစ်လို့လား”
“ကားလ်ရယ် မလောနဲ့လေ။ ကျွန်မတို့ အေးဆေး ရှင်းပြပါ့မယ်”
ယုချင်းမှ လေအေးလေးဖြင့် ဝင်ပြောသည်။
“ကောင်းပြီ။ ပြောကြည့်လေ”
ကားလ် ယုချင်းအား အခွင့်အရေး ပေးလိုက်၏။
ထို့နောက် ယုချင်း ပြုံးလျက် ဝတ္ထုထဲမှ အကြောင်းအရာနှင့် အပြင်တွင် ဖြစ်ပျက်သွားသည်များအား တိုက်ဆိုင် စစ်ဆေးပြလိုက်သည်။
ကားလ် မျက်မှောင်ကြုတ်နေမိလေ၏။
အွန်လိုင်းစာရေးဆရာ လင်းချွမ်သည် သူတို့ကို အနိုင်ယူသွားသည့် ထူးဆန်းသော ဟက်ကာလား။