လက်စားချေမှာလား
Vol. 25 Ch. 372
ရုံးခန်းထဲတွင်။
ကားလ် စိတ်ပျက်လက်ပျက်ထိုင်ရင်း ခေါင်းကုတ်လိုက်မိ၏။
သူသာ တစ်ကိုယ်ရည် မသန့်ရှင်းလျှင် ထိုအချိန် ဗောက်များသာ ကုတ်မိပေမည်။
လင်းချွမ်သည် သူတို့ကို အနိုင်ယူခဲ့သော အွန်လိုင်းစာရေးဆရာဖြစ်ကြောင်း တွေးရင်း မျက်မှောင်ကြုတ်မိသွား၏။
သူ ထိုကိစ္စကို မယုံခြင်း မဟုတ်ဘဲ မယုံနိုင်ခြင်း ဖြစ်ပါသည်။
ဘယ်လိုမျိုးလဲ။
မြောက်ပိုင်း ဟက်ကာအဖွဲ့ကြီးနှင့် အချို့ ပြည်တွင်း ဆိုက်ဘာအဖွဲ့များမှလွဲလျှင် သူတို့ AW အဖွဲ့မှာ ထိပ်တန်းဟက်ကာအဖွဲ့ထဲမှ တစ်ခုဟု ထင်ထားခဲ့၏။
ကားလ် တစ်ယောက်တည်းတွေးရင်း ရှုပ်ထွေးလာမိသည်။
…
AW ၏ အမြင်အရ ထိုထူးခြားသောလူမှာ တစ်ယောက်တည်းလှုပ်ရှားခြင်းမဟုတ်ဟု ထင်နေသည်။
ဆိုက်ဘာလုံခြုံရေးအဖွဲ့ ဖြစ်နိုင်ပြီး အားလုံးအတူတူ စုစည်းကာ ကွန်ပျူတာတစ်လုံးတည်းဖြင့် AW ၏ တိုက်ခိုက်မှုကို ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။
ထိုကဲ့သို့ ကွန်ပျူတာတစ်ခုတည်းမှ တိုက်ခိုက်ရင်း AW ကို အနိုင်ရသည်ဟူသည့် အခြေအနေမျိုးအား လိုအပ်နေခြင်းပင်။
လင်းချွမ်ကဲ့သို့ သာမာန် အွန်လိုင်းစာရေးဆရာလေးမှာ ပုံမှန်အားဖြင့် သူတို့အတွက် ဂရုပြုမခံရနိုင်ပေ။
ဤသည်မှာ ထိပ်တန်းဟက်ကာအဖွဲ့၏ ဂုဏ်သိက္ခာပင် ဖြစ်ပါသည်။
သို့သော် ယခုအခါ မော်ဂန်အုပ်စုမှ လူးကပ်စ်နှင့် ယုချင်းတို့သည် လင်းချွမ်ကို ထိုကဲ့သို့ ထူးခြားသော ဖြစ်တည်မှုဟု ဆိုနေကြ၏။
တစ်စုံတစ်ယောက်ထံတွင် ရှုံးရခြင်းကို လက်ခံနိုင်သော်လည်း ထိုတစ်စုံတစ်ယောက်မှာ မည်သူဖြစ်ရမည်ဟု အရေးကြီးပါသည်။
AW အဖွဲ့မှာ အွန်လိုင်းစာရေးဆရာတစ်ဦးထံ ရှုံးသွားသည့်အကြောင်းသာ သတင်းပျံ့သွားပါက ထိုနယ်ပယ်တစ်ခုလုံး၏ ဟားတိုက်စရာဖြစ်ကာ ရန်သူကို လျှော့တွက်မှုဖြင့် ရှက်စရာ ဖြစ်ပေမည်။
မော်ဂန်အုပ်စု ဟက်ကာအဖွဲ့နှင့် အဆင့်ချင်း တူသွားနိုင်၏။
တစ်ဖက်တွင်။
ယုချင်း ကားလ်ကိုကြည့်၍ သေချာစဉ်းစားပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။
“ကားလ် လင်းချွမ်က အွန်လိုင်းစာရေးဆရာတစ်ယောက် ဆိုတာလောက်နဲ့ စိတ်ပျက်နေစရာ မလိုပါဘူး။ သေချာ ထပ်ပြီး စုံစမ်းကြည့်ရင် သူက အဲ့လောက် မရိုးရှင်းမှန်း သိလိမ့်မယ်”
“ဘယ်လို… မရိုးရှင်းဘူးလား”
ကားလ် နားမလည်နိုင်စွာ ပြန်မေး၏။
ယုချင်း ခေါင်းငြိမ့်ပြကာ လေးနက်စွာဖြင့်
“ကျွန်မ စေတနာနဲ့ တချို့အချက်အလက်လေးတွေ ပြောပြလိုက်မယ်။ လွန်ခဲ့တဲ့ (၂) ရက်လောက်က လင်းချွမ် ကျွန်မလက်ထဲက အော်ဒါတွေကို လုသွားတာလေ”
ဟင်…
ကားလ်တစ်ယောက် ယုချင်းအား မှင်တက်၍ စိုက်ကြည့်နေ၏။
ယုချင်း၏ အရှေ့အလယ်ပိုင်း လက်နက်ရောင်းဝယ်ရေး ရာထူးအကြောင်း သူ ကောင်းကောင်း ကြားဖူးပါသည်။
မော်ဂန်အုပ်စုမှ ယုချင်းဦးဆောင်သည့် စစ်လက်နက်ရောင်းဝယ်ရေးသည် လက်နက်ဈေးကွက်၏ ၂၀.၅% အထိ လွှမ်းမိုးထားသည်ဟု သိရ၏။
ထိုအခြေအနေမှာ တစ်ချက်ကြည့်ရုံဖြင့် အဆင့်မြင့်မှန်း မသိသာသော်လည်း အမှန်တော့ လက်နက်ရောင်းဝယ်သူ လုပ်ငန်းကြီးကြီးငယ်ငယ် အားလုံးမှာ အရှေ့အလယ်ပိုင်းကဲ့သို့ အချိန်မရွေး စစ်ဖြစ်နိုင်သော ဒေသများကိုသာ မျက်စိကျလေသည်။
ဥပမာ လော့ခ်ဟိဒ်၊ ရေးသီယွန်၊ ဂရူမန်၊ စုဟွိုင်၊ ဖင်းမက်နီကာ စသည်တို့မှာ စစ်လက်နက် နယ်ပယ်တွင် နာမည်ကြီးများ ဖြစ်၏။
သို့သော် လော့ခ်ဟိဒ် - ၁၇.၁%၊ ရေးသီယွန် - ၁၅.၆%၊ စုဟွိုင် - ၁၄.၆%၊ ဖင်းမက်နီကာ - ၁၂.၇% စသဖြင့်သာ အရှေ့အလယ်ပိုင်းတွင် စိုးမိုးမှုရှိပြီး အခြားလက်နက်ရုံများသည် ရာခိုင်နှုန်း အနည်းငယ်သာ ရှိကြလေသည်။
ထို့ကြောင့် ယုချင်းဦးဆောင်သော မော်ဂန်အဖွဲ့မှာ ဈေးကွက်၏ ငါးပုံတစ်ပုံကို ပိုင်ဆိုင်ထားပြီး အလွန် အားကောင်းသောအခြေအနေဟု ဆိုနိုင်၏။
ထို့ကြောင့်လည်း အာရှ-ပစိဖိတ် ရုံးခွဲခေါင်းဆောင် လူးကပ်စ်ပင် ယုချင်းကို တလေးတစား ဆက်ဆံရခြင်း ဖြစ်လေသည်။
“ကျွန်မ နောက်နေတာ မဟုတ်ဘူးနော်”
ယုချင်း ရယ်မော၍ ပြော၏။
“ယုချင်း ရိုင်းသလိုဖြစ်သွားရင် အားနာပေမဲ့ မေးမှ ဖြစ်မှာမလို့ပါ။ လင်းချွမ်လို အွန်လိုင်းစာရေးဆရာက ဘယ်လိုလုပ် ယုရဲ့အော်ဒါတွေကို လုနိုင်တာလဲ”
ကားလ် နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
ယုချင်း၏ အော်ဒါဆိုလျှင် စစ်လက်နက်များသာ ဖြစ်နိုင်ပြီး အခြားယှဉ်ပြိုင်စရာ လုပ်ငန်းကြီးများ ရှိထားပြီး ဖြစ်ပါသည်။
သူ့မေးခွန်းကိုကြားသောအခါ ယုချင်း ခေါင်းယမ်း၍
“အမှန်အတိုင်းပြောရရင် ကျွန်မကိုယ်တိုင်လည်း အဖြေကို သိချင်နေတာ။ ဒါပေမဲ့ အခုထိ မသိရသေးဘူး”
ကားလ် သက်ပြင်းချ၍ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။
ထိုစဉ် လူးကပ်စ်မှ ဝင်၍
“မစ္စတာကားလ် ကျွန်တော် AW ကို စော်ကားတာတော့ မဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ ကျွန်တော့်ဟက်ကာတွေလည်း သူ့ကို ရှုံးသွားတယ်လေ။ လင်းချွမ်ကို သာမာန် အွန်လိုင်းစာရေးဆရာလို့ မတွေးဘဲ တကယ့်ရန်သူအစစ်လို သဘောထားမှ ဖြစ်တော့မယ်”
“ခင်ဗျားပြောချင်တာကို နားလည်ပါတယ်”
ကားလ် ရောက်လာတည်းက ပထမဆုံးအနေဖြင့် လူးကပ်စ်ကို ထောက်ခံလိုက်ခြင်း ဖြစ်သည်။
လူးကပ်စ်လည်း ထိုအခါမှ ပြုံးသွား၏။
ခုနက ထိပ်တိုက်တွေ့ခဲ့သော အခြေအနေမှာ ချက်ချင်း ကွယ်ပျောက်သွားပြီး ပို၍ ရင်းနှီးလာကြသည်။
“ဒါဆို ပူးပေါင်းရေးအစီအစဉ်ကို ဆွေးနွေးကြတော့မလား”
သို့သော် ကားလ်မှ လက်ယမ်းပြ၍
“လူးကပ်စ် ကျွန်တော် ဒီလိုကြီး ချက်ချင်း ဆုံးဖြတ်လို့တော့ မဖြစ်ဘူးဗျ။ အထက်နဲ့ ပြန်တိုင်ပင်ရဦးမယ်”
“ဒါပေါ့။ ရပါတယ်ဗျာ”
လူးကပ်စ်မှ ခပ်အေးအေး ပြန်ပြောလိုက်သည်။
“ကားလ် ကျွန်မနဲ့ လိုက်ခဲ့ပါဦး”
ယုချင်းမှ ကားလ်ကို AW ရုံးချုပ်နှင့် ဆက်သွယ်နိုင်ရန် လျှို့ဝှက်ရုံးခန်းထဲ ခေါ်သွားလေ၏။
နာရီဝက်ခန့် ကြာသောအခါ။
ကားလ် ရုံးခန်းထဲမှ ပြန်ထွက်လာသည်။
“ဘယ်လိုလဲ ကားလ်”
ယုချင်း သူ့အနားတိုးလာကာ မေးလိုက်သည်။
သူ အလျင်လိုနေသော အခြေအနေဖြစ်၏။
AW နှင့် ပတ်သက်သော ကားလ်မှာ အသင့်တော်ဆုံး ဓားဖြစ်ပါသည်။
AW မှ လင်းချွမ်ကို သေချာပေါက် အရေးယူမည်ဟု ယုံကြည်ထား၏။
ကားလ် သူတို့ကို လေးနက်စွာကြည့်၍
“အချိန်နည်းနည်းလောက် ထပ်ပေးပေးပါဦး။ ကျွန်တော် ဒီညတော့ အဖြေပြန်ပေးပါ့မယ်”
“ရတယ်လေ”
ယုချင်းနှင့် လူးကပ်စ်တို့ သဘောတူကာ တစ်ပြိုင်တည်း ခေါင်းငြိမ့်ပြကြသည်။
ထိုအချိန်တွင် နေ့လယ်မွန်းတည့်နေလေပြီ။
ရုံးခန်းထဲမှ လိုက်ကာသည် နေရောင်ခြည်ကို မကာကွယ်နိုင်ဘဲ လေနှင့်အတူ တလွင့်လွင့် လှုပ်ရှားနေ၏။
ပြတင်းပေါက်ဘောင်များမှာတော့ ငွေရောင် တောက်ပ၍ ကြည့်မိသူတိုင်းကို မျက်စိ ကျိန်းစေလေသည်။
ယုချင်းနှင့် လူးကပ်စ်တို့ AW နှင့် ပူးပေါင်းရေးအား ဆွေးနွေးနေကြပြီး ကားလ်မှာတော့ တစ်ဖက်ရုံးခန်းထဲတွင် ရုံးချုပ်နှင့် ဖုန်းပြောရင်း အလုပ်ရှုပ်နေသည်။
AW ၏ ရာထူးကြီး တာဝန်ရှိသူအနေဖြင့် လင်းချွမ်၏ ထူးခြားသောအခြေအနေအပေါ် ယခုအထိ အပြည့်အဝ မယုံနိုင်သေးပေ။