← Chapters

လက်ဖက်ရည်တစ်ခွက်

Vol. 25 Ch. 374

လက်ဖက်ရည်တစ်ခွက်

Vol. 25 Ch. 374

ဟန်မြစ်အပိုင်း၊ အန်လင်းမြို့။ 

လင်းချွမ်မှာ AW နှင့် မော်ဂန်တို့ ပူးပေါင်း၍ သူ့ကို လုပ်ကြံမည့်အကြောင်း မသိသေးဘဲ လက်နက်ထုတ်လုပ်ရေးကိုသာ အာရုံစိုက်နေ၏။ 

ထိုအချိန်အတွင်း လက်နက်ဝိဇ္ဇာ ဝတ္ထု၏ subscription များလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ 

[စာအုပ်: လက်နက်ဝိဇ္ဇာ]

[လက်ရှိအခြေအနေ: ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း: ၆၂၇၆၀/၈၀၀၀၀ (ပြည်တွင်းပြည်ပ စုစုပေါင်း)] 

[စစ်ဆေးမှုတာဝန်: လောကတွင် မရှိသေးသော လက်နက်ကို မိတ်ဆက်၍ အနည်းဆုံး လူ အယောက် (၁) သိန်း အသိအမှတ်ပြု ခံရရန် (မအောင်မြင်သေး)]

Subscription မှာ (၆) သောင်းကျော်လာပြီဖြစ်၍ မကြာမီ (၈) သောင်းအထိ ပြည့်မီတော့မည် ဖြစ်သည်။ ထိုအခါ အတွေ့အကြုံအသစ် ရင်ဆိုင်ရပေမည်။ 

စာအုပ် ထုတ်ဝေစအချိန်တွင် ကောင်းသည့် အညွှန်းများ များစွာရရှိကာ (၂) ရက်အတွင်း subscription (၃) သောင်း ကျော်ခဲ့၏။ သို့သော် ထို့နောက်တွင် အနည်းငယ် အရှိန်လျော့သွားလေသည်။ 

ထိုသို့ အရင်အရှိန်အတိုင်းသာ ရှိပါက ယခုအချိန် subscription (၁) သိန်း အထိ သေချာပေါက် ရောက်ရှိနေလောက်၏။ 

စနစ်မှလည်း ထိုအခြေအနေကို ထည့်ပြောပြထားသည်။ 

“ငါ ဟားဟ်ကို လက်နက်ပို့ပေးပြီးတဲ့ တစ်လကျော်လောက်အချိန်ဆိုရင် စစ်ဆေးမှုတာဝန် ပြီးသွားလောက်ပါပြီ”

လင်းချွမ် တစ်ယောက်တည်း ရေရွတ်မိ၏။ 

ဟားစ်စစ်တပ်နှင့် ပူးပေါင်းရာတွင် လက်နက်များကို (၂) သုတ်ခွဲ၍ ပို့ပေးမည် ဖြစ်သည်။ 

ပထမအသုတ်မှာ နိုဝင်ဘာလထဲ ဖြစ်ပြီး ဒုတိယအသုတ်သည် ဒီဇင်ဘာ၌ဟု စာချုပ်ချုပ်ထားလေ၏။ 

ထိုအချိန်တွင် လင်းချွမ်ထုတ်လုပ်သော လက်နက်များအား ဟားစ်စစ်တပ်နှင့် အခြားသူများ တွေ့ရပေလိမ့်မည်။ 

ပုံရိပ်ယောင်လောကထဲ စီးပွါးရေး လုပ်စဉ်ကပင် အဆင့်မြင့်သောပစ္စည်းများကို ဈေးသက်သာစွာ ရောင်းချပေး၍ ဝယ်သူများ တစ်ဆင့် တစ်ဆင့် ရောက်လာတတ်ကြသည်။ 

ထို့ကြောင့် စနစ်၏တာဝန် ပြီးမြောက်ရန် အချိန်အနည်းငယ် ပေးရုံသာ လိုပါသည်။ 

အန်လင်းအရုပ်စက်ရုံမှ ထုတ်လုပ်ရေးစက်ကြီးများလည်း အများအပြား ရှိနေပြီး အလုပ်သမားများအား လင်းချွမ်ကိုယ်တိုင် သင်ကြားလေ့ကျင့်ပေး၏။ 

သူ၏ အနီးကပ် ကူညီသူ ကျန်းရှင်းရှင်းမှလည်း အရုပ်စက်ရုံကို အန်လင်းမြို့ထဲ ယှဉ်နိုင်သူ မရှိစေရန် ကြိုးစားထားလေသည်။ 

ထို့အပြင် လင်းယုန်နည်းပညာကုမ္ပဏီ၏ ထောက်ပံ့မှုနှင့်အတူ အမျိုးသား လက်နက် ရှာဖွေလေ့လာရေးအဖွဲ့တို့နှင့်လည်း ပတ်သက်နေသေးသည်။ 

လင်းချွမ်မှ ဒီဇိုင်းဆွဲပြီး ရှန်ချန်းချန်းသည် တပ်ဆင်ရေးအတွက် လိုအပ်သည်များအား ကူညီပေးသည်။ 

အထူးကိစ္စရပ်များအတွက် အထူးအခြေအနေဖြင့် ကိုင်တွယ်ရလေသည်။ 

အဖွဲ့မှူးကျန်းပြောင်မှ လင်းချွမ် အရေးကြီးကိစ္စအတွက် ရှန်ချန်းချန်းကို ငှါးထားသည်အား နားလည်ကာ ခွင့်ပေးထားပါသည်။ 

လူအင်အား လိုအပ်ပါက ထပ်ကူညီမည်ဟုပင် ကမ်းလှမ်းထား၏။ 

အမှန်တော့ လင်းယုန် နည်းပညာကုမ္ပဏီ၌ လင်းချွမ်၊ ကျန်းရှင်းရှင်းနှင့် ရှန်ချန်းချန်းတို့ (၃) ဦးသာ ရှိပြီး လက်နက်များစွာ တပ်ဆင်ထုတ်လုပ်ရန် မည်သို့ လောက်ငမည်နည်း။ 

ထို့ကြောင့် နောက်နေ့တွင် ရှန်ချန်းချန်းမှ ရှချင်းချင်းကို ခေါ်လာခဲ့လေသည်။ 

ဆိုက်ဘာရဲဝန်ထမ်းတစ်ဦးအနေဖြင့် ရှချင်းချင်းသည်လည်း ထိုလုပ်ငန်းစဉ်များအား အတော်လေး နားလည်ပါသည်။ 

ဟူး…

လဝက်မျှ အလုပ်ရှုပ်ပြီးနောက် အဆုံးတွင် ဟားစ်စစ်တပ်မှ တောင်းဆိုထားသော လက်နက်များအားလုံး အသင့်ဖြစ်သွားတော့သည်။ 

လင်းချွမ်တို့အဖွဲ့လည်း ထိုအခါမှ အသက်ဝဝ ရှူနိုင်တော့၏။ 

“နောက်ဆုံးတော့ အရေးကြီးဆုံးအပိုင်း ပြီးသွားပြီပဲ”

လင်းချွမ် ရေနွေးတစ်ခွက် ငှဲ့ကာ ရှန်ချန်းချန်းအား ပေးလိုက်သည်။ 

“အများကြီး ပင်ပန်းသွားပါပြီ”

“ရေတစ်ခွက်လောက်နဲ့ ချွေးသိပ်ဖို့ စဉ်းစားနေတာလား”

ရှန်ချန်းချန်း နွမ်းနယ်နေသော်လည်း စနောက်လိုက်၏။  

“နင်ကမှ ရေတစ်ခွက် ရသေးတယ်။ ငါဆို လင်းချွမ် ကိုယ်တိုင်ငှဲ့ပေးသော ရေလေးတောင် မရဘူး”

ဘေးတွင်ထိုင်နေသော ရှချင်းချင်းမှ ဝင်ပြောလေသည်။ 

ထိုလဝက်မျှအတွင်း ရဲမေ (၂) ဦး ပို၍ ရင်းနှီးပွင့်လင်းလာကြ၏။ 

လင်းချွမ်မှာ အခြားအလုပ်ကိစ္စများလည်း ရှိနေ၍ အချိန်အတော်များများ သူတို့ (၂) ဦးတည်းသာ လင်းယုန်ကုမ္ပဏီ၌ ရှိနေတတ်လေသည်။ 

“မဟုတ်တာတွေ။ ချင်းချင်း ပထမဆုံး လာတည်းက ကျွန်တော်ကိုယ်တိုင် လက်ဖက်ရည် ငှဲ့တိုက်သေးတယ်လေ”

လင်းချွမ် ရယ်မော၍ ပြန်ဖြေ၏။ 

ရှချင်းချင်းမှာ သူ့ပုခုံးသူ နှိပ်ရင်း

“အဲ့တာပဲ မှတ်မိတော့တယ်ပေါ့လေ”

“ကဲပါ။ ဒီမှာ လက်ဖက်ရည်လေး သောက်လိုက်ပါဦး”

လင်းချွမ် သူတို့ကို တကယ်ပင် ကျေးဇူးတင်မိပါသည်။ 

အမှန်တော့ ၇၂၀ စတူဒီယို ကုမ္ပဏီကိုလည်း အဆက်မပြတ် တိုက်ခိုက်မှုများ ရှိခဲ့ပြီး နည်းပညာ ဒါရိုက်တာ လီချင်းပင် မယှဉ်နိုင်ဘဲ ရှိလေသည်။ 

သို့သော် ယခု ကုမ္ပဏီရေးရာကိစ္စများ၌ ချန်းချန်းနှင့် ချင်းချင်းတို့မှာ အလွန်ယုံကြည် အားကိုးရ၏။ 

အစိမ်းနုရောင် စကတ်ရှည်လေးကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော ရှန်ချန်းချန်းမှာ ရှချင်းချင်းထံ လျှောက်လာပြီး လင်းချွမ်၏ လက်ဖက်ရည်အား တွန်းဖယ်၍ ပြုံးကာ

“ချင်းချင်း တစ်ခုခု သွားစားရအောင်ကွယ်”

“ကောင်းတာပေါ့”

ရှချင်းချင်း လင်းချွမ်အားလှမ်းကြည့်ပြီးမှ ရှန်ချန်းချန်းအား သဘောတူလိုက်သည်။ 

လင်းချွမ်တစ်ယောက် ခေါင်းကုတ်လျက် ဘာဆက်ပြောရမည်မသိ ဖြစ်နေ၏။ 

ရှန်ချန်းချန်းမှာ နှုတ်ခမ်းလေးစူလျက် ရှချင်းချင်းအား ဆွဲခေါ်ကာ ထွက်ရန် ပြင်လိုက်သည်။ 

“လင်းချွမ် ကျွန်မတို့ သွားပြီနော်”

ရှချင်းချင်း မျက်လုံးတစ်ဖက်မှိတ်ပြကာ မကြာမီ ရှန်ချန်းချန်း ခေါ်ဆောင်ရာနောက်သို့ ပါသွားလေတော့၏။ 

လင်းချွမ်မှာ ယခုလေးတင် အရုပ်စက်ရုံမှ ပြန်လာသောကြောင့် တစ်နေကုန် ဘာမှမစားရသေးဘဲ ဗိုက်ကို ဖိထားလိုက်မိသည်။ 

ပါဆယ် လှမ်းမှာရင် ကောင်းမလား။ 

သူ ဒီရက်ပိုင်း ထိုသို့သာ စားနေခဲ့သည်။ 

“မှာစားမလို့ တွေးနေတာလား”

လင်းချွမ် ဖုန်းထုတ်၍ တစ်ခုခုမှာရန် တွေးနေစဉ် ရုတ်တရက် ရှန်ချန်းချန်းအသံကို ကြားလိုက်ရ၏။ 

“ချင်းချင်းနဲ့ ထမင်းစားဖို့ ထွက်သွားတာ မဟုတ်ဘူးလား”

လင်းချွမ် အံ့ဩစွာ ပြန်မေးလိုက်သည်။ 

“သူဌေးလင်းရယ် ရှင်မလိုက်ရင် ပိုက်ဆံ ဘယ်သူ ရှင်းမှာလဲ”

ရှန်ချန်းချန်းမှ ချစ်စရာကောင်းစွာ ပြော၏။ 

လင်းချွမ် ခဏစဉ်းစား၍ 

“ဘယ်ဆိုင် သွားမှာလဲ”

“ဘယ်ဆိုင်က ဘာအရေးကြီးလို့လဲ”

ရှန်ချန်းချန်း မကျေမနပ် ပြန်ပြောလိုက်လေသည်။ 

All Chapters