← Chapters

ပုစွန်တုတ်အခွံ

Vol. 25 Ch. 375

ပုစွန်တုတ်အခွံ

Vol. 25 Ch. 375

လင်းချွမ်မှ

“နှစ်ယောက်သား အရမ်းစားနေကြမှာစိုးလို့ပါ”

“ဘယ်လို”

ရှန်ချန်းချန်း ဂရုမစိုက်သလိုဖြင့်

“သူဌေးလင်း ချင်းချင်းရော ကျွန်မရောက လဝက်လောက် ပါဆယ်ပဲ မှာစားခဲ့ရတာလေ။ အခုဆို ကျွန်မတို့ခါးလေးတွေ အများကြီး ပိုပိန်သွားပြီ။ အစားများတော့ ဘာဖြစ်လဲ”

လင်းချွမ် ရုတ်တရက် ရှန်ချန်းချန်းခါးကို လှမ်းကြည့်မိရာ အမှန်ပင် အဆီပို လုံးဝ မရှိသည့် ခါးသွယ်သွယ်လေးကို ပိုင်ဆိုင်လေ၏။ 

“အဲ့တာနဲ့ တကယ် လိုက်ကြည့်နေတယ်ပေါ့”

ရှန်ချန်းချန်း နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ 

“အဟမ်း”

လင်းချွမ် ချောင်းဟန့်လျက်

“ဒါဆိုလည်း ကြိုက်တဲ့ဆိုင်သာ သွားပါ”

ရှန်ချန်းချန်း သူ့ကို ပြန်လှည့်၍ ပြုံးပြလိုက်သည်။ 

လင်းချွမ် ယခုရက်ပိုင်း အလုပ်ရှုပ်နေခဲ့သည်အား သူရော ရှချင်းချင်းပါ ကောင်းကောင်း သိပါသည်။ ယနေ့အထိ သူ စက်ရုံနှင့် ရုံးခန်းကို ခေါက်တုံ့ခေါက်ပြန် သွားနေရသေး၏။ 

...

ရုံးခန်းသို့ ပြန်လာသည့်အခါတိုင်း အဝတ်အစားများ ညစ်ပေကာ စက်ဆီများ ပေနေတတ်၍ စက်ပိုင်းဆိုင်ရာများပါ ကိုယ်တိုင် လုပ်နေရသည်ဟု တွေးမိ၏။ 

ထို့ကြောင့် လင်းချွမ်ကို ထားခဲ့ပြီး ရှချင်းချင်းနှင့် နှစ်ယောက်တည်း သွားမစားရက်ပါ။ 

ရှချင်းချင်းသည် အပြာနုရောင် လက်ရှည်ဂါဝန်လေးကို ဝတ်ဆင်လျက် ဓာတ်လှေကားရှေ့၌ ရပ်နေပြီး လူငယ်ဆန်၍ သွက်လက်သည့် အသွင်ကို ခံစားရလေသည်။ 

ရှန်ချန်းချန်း လင်းချွမ်ကို ခေါ်ထုတ်လာသည်အား တွေ့သောအခါ ချက်ချင်း တောက်ပစွာ ပြုံးသွား၏။ 

“အခုပဲ ယွီကိုင်စားသောက်ဆိုင်မှာ ဘိုကင်တင်ထားလိုက်ပြီ။ ဒီနဲ့လည်း နီးနီးလေးပဲ။ ကျွန်မ တစ်ခါရောက်ဖူးတာ တော်တော်လေး အရသာကောင်းတယ်”

“ကောင်းပါပြီဗျာ”

လင်းချွမ် ခေါင်းငြိမ့်ပြ၍ ဓာတ်လှေကား ဝင်သွားတော့၏။ 

ယွီကိုင်စားသောက်ဆိုင်မှာ ချင်းရှုနယ်တွင် နာမည်ကြီးပြီး စီးပွါးရေးအတွက် ဆွေးနွေး တွေ့ဆုံပွဲများ ပြုလုပ်လေ့ ရှိပါသည်။ 

ကျန်းရှင်းရှင်းလည်း မကြာခဏ ရောက်ဖူးနေသောကြောင့် လင်းချွမ် ထိုနာမည်ကို ရင်းနှီးနေ၏။ 

ယွီကိုင်စားသောက်ဆိုင်မှာ နေရာကျယ်ပြီး အလင်းရောင် လှကာ မျက်နှာကျက်မြင့်မြင့်တွင် ခမ်းနားသည့် မီးဆိုင်းများ ဆွဲလျက် အဆင့်အတန်းမြင့်သောအနေအထားကို ခံစားမိလေသည်။ 

ကြမ်းပြင်၌ ကျောက်ပြားအနက်များ ခင်းထားပြီး နံရံတွင် အတုဖြစ်သော်လည်း ပန်းချီကားအချို့ ချိတ်ဆွဲထား၍ အနုပညာဆန်နေ၏။ 

လင်းချွမ်၊ ရှချင်းချင်းနှင့် ရှန်ချန်းချန်းတို့မှာ ဧည့်ကြို၏ လမ်းညွှန်မှုအတိုင်း ဓာတ်လှေကားမှတစ်ဆင့် (၆) လွှာရှိ သီးသန့်ခန်းထဲ ဝင်ခဲ့ကြသည်။ 

သစ်သားစားပွဲကြီးတွင် အနုစိတ်လက်ရာမြောက်သော ကနုတ်များ ရေးဆွဲထားပြီး ပန်းကန်လုံးများသည်လည်း အပြာနှင့်အဖြူ ကြွေဒီဇိုင်း ဖြစ်လေသည်။ 

“ဒီတစ်ခါတော့ ကျွန်တော် အများကြီး စားဖြစ်တော့မယ် ထင်တယ်”

ဝန်ထမ်းလေးမှ တံခါးပိတ်၍ ထွက်သွားပြီးနောက် လင်းချွမ်မှ ပြောလေသည်။ 

“မစိုးရိမ်ပါနဲ့။ ရှင်စားတာလောက်နဲ့ ကျွန်မတို့ မမွဲပါဘူး”

ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်၏။ 

“ငါလည်း သိပ်မစားပါဘူး”

ရှချင်းချင်းလည်း ဝင်ပြောပြီးနောက် ရှန်ချန်းချန်းနှင့်အတူ မီနူးကိုကြည့်ကာ ဟင်း (၄) ပွဲ၊ ဟင်းရည် (၁) ပွဲနှင့် အဓိကပွဲကြီး စသဖြင့် မှာလိုက်ကြသည်။ 

လင်းချွမ် သူတို့ မှာထားသည်များကို ကြည့်၍

“ကြက်သွန်ဖြူ ပုစွန်ပေါင်း၊ အသီးအရွက်ကြော်၊ အမဲသားနုပ်နုပ်ကြော်၊ ဘဲကင်၊ တရုတ်ရိုးရာ ဟင်းချိုနဲ့ ကမာထမင်း ဒါပဲ တော်ပြီလား”

“ဒီမှာက အများကြီး ပါတယ်လေ”

ရှချင်းချင်းမှ ပြော၏။ 

“ဒါဆိုလည်း ဒီလောက်ပဲပေါ့”

လင်းချွမ် မီနူးကိုချ၍ ရဲမေ (၂) ဦးအတွက် လိမ္မော်ရည် ငှဲ့ပေးလိုက်သည်။ 

“ရဲမေတို့ ဒီရက်ပိုင်းတွေအတွင်း အများကြီး ပင်ပန်းသွားပါပြီ”

ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့ ပြုံး၍ လိမ္မော်ရည် ယူသောက်လိုက်၏။  

ရှချင်းချင်းမှာ စရောက်တည်းက လုပ်ငန်းကို တန်းကူညီ၍ အလုပ်ရှုပ်နေသောကြောင့် မမေးခဲ့ရသည်များ ရှိပါသည်။ 

ယခုမှ အခွင့်အရေး ရလေ၏။ 

“လင်းချွမ် ရှင် ဒီရက်ပိုင်း အလုပ်ရှုပ်တာမှ ခေါင်းတောင် မဖော်နိုင်ဘူးနော်။ ဝတ္ထုလည်း ထုတ်ရတယ်။ လက်နက်တွေ တပ်ရတယ်။ ကုမ္ပဏီတွေလည်း ရှိသေးတယ်။ ဗဟုသုတ တော်တော်စုံတာပဲ”

လင်းချွမ် လိမ္မော်ရည် တစ်ငုံသောက်၍ ရယ်မောကာ

“အဲ့တာ ကောင်းတာ မဟုတ်ဘူးလား”

“ကောင်းတော့ ကောင်းပေမဲ့ နားမလည်တာတွေ ရှိတယ်”

ရှချင်းချင်း သူ့ကို ငေးကြည့်နေ၏။ 

“ကျွန်တော် ဒါတွေအားလုံး ဘယ်လို သိနေလဲ ဆိုတာလား”

လင်းချွမ်မှ အရင်မေးလိုက်သည်။ 

ရှချင်းချင်းမှာ ရှန်ချန်းချန်းအား တစ်ချက် လှမ်းကြည့်ပြီးမှ လင်းချွမ်ကို ခေါင်းငြိမ့်ပြလိုက်သည်။ 

“ဟုတ်တယ်”

ရှန်ချန်းချန်းနှင့် လင်းချွမ်မှာတော့ လက်နက်ပြိုင်ပွဲ စတည်းက အတူကြိုးစားခဲ့သောကြောင့် ဤမျှ မထူးဆန်းပေ။ 

သို့သော် ရှချင်းချင်းအတွက်တော့ မတူပေ။ 

သူ လင်းချွမ်၏ ကျွမ်းကျင်မှုအား နောက်ဆုံး မူးယစ်ဆေးကိစ္စအထိသာ သိထားသေးသည်။ 

“ကျွန်တော်က ရှားပါး ပါရမီရှင်လို့ပြောရင် ယုံမှာလား”

လင်းချွမ် စနောက်သလို ပြောလိုက်သည်။ 

ရှချင်းချင်းလည်း ရုတ်တရက် ထရယ်မိသွားပြီး

“အရင်တစ်ခါက ရှင် အလယ်တန်းတည်းက ဓာတုဗေဒကို စိတ်ဝင်စားလို့ ဘာညာပြောပြီး နောက်ဆုံး မူးယစ်ဆေးအထိ ထုတ်ပြခဲ့သေးတယ်။ အခုကျ လက်နက်အကြောင်း စိတ်ဝင်စားလို့ တတ်နေပြန်ပြီလား ဟင်”

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“အဲ့လိုဆို မရဘူးလား”

“ကျွန်မကို ရှင်ပြောတိုင်းယုံမယ့် ခပ်လွယ်လွယ် မိန်းကလေးများ မှတ်နေလား”

ရှချင်းချင်း ပြန်ပြောလိုက်၏။ 

ထိုလူမှာ အမြဲတမ်း အမှန်အတိုင်း ပြောလေ့ မရှိပေ။ 

လင်းချွမ် သူ့ကို သေချာကြည့်နေမိသည်။ 

ရှချင်းချင်းသည် ခန္ဓာကိုယ် သွယ်လျလျ၊ နူးညံ့သော ပုံစံနှင့် ခပ်မိုက်မိုက် မျက်နှာထား၊ လှပသော အသားအရည်တို့ ရှိ၏။ 

အလုပ်ပင်ပန်းနေပုံ ပေါ်သော်လည်း အခန်းမီးရောင်အောက်တွင် အသားအရည်မှာ တင်းရင်း ချောမွတ်နေ၏။ 

လင်းချွမ် ခေါင်းထပ်ငြိမ့်၍ 

“မဟုတ်လို့လား”

“ရှင်…”

ရှချင်းချင်း နှာခေါင်းလေးရှုံ့လျက်

“ကျွန်မက ဘာလို့ အဲ့လိုဖြစ်ရမှာလဲ”

လင်းချွမ် သေချာပြန်ကြည့်၍

“အဟမ်း ဆောရီးဗျာ။ မိန်းကလေး ခပ်ကြီးကြီးလို့ ပြောရင် ပိုမှန်မယ်နော်”

ထိုစကားကြောင့် ရှချင်းချင်းမျက်နှာလေး နီရဲသွားကာ

“ရှင်ဟာလေ ဘယ်တော့မှ တည်တည်တံ့တံ့ မပြောဘူး”

“ဒီလိုပဲ အီစီကလီ လုပ်နေကြလား”

ရှန်ချန်းချန်း ဒီအတိုင်း ထိုင်ကြည့်နေရာမှ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။ 

“အွန်လိုင်းစာရေးဆရာက ဒီလောက်မှ မတတ်ရင် သူ့စာတွေကို ဘယ်သူက ဖတ်တော့မှာလဲ”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။ 

“ရှင့်စာအုပ်တွေမှာတော့ အီစီကလီကလွဲပြီး အကုန် ပါတယ်နော်။ အဲ့တာရော ဘယ်လိုဖြစ်တာလဲ”

ရှန်ချန်းချန်း ထပ်မေးလိုက်၏။ 

လင်းချွမ် ခေါင်းယမ်းကာ

“ချန်းချန်းက အီစီကလီစာအုပ်မျိုး ဖတ်ချင်တာလား”

“ဟင်”

ရှန်ချန်းချန်း ပါးလေးများ ရဲခနဲဖြစ်သွား၏။ 

ရဲမေ (၂) ဦး၏ မေးခွန်းများကို လင်းချွမ်တစ်ယောက် အလွယ်တကူပင် ပြန်ဖြေနေပြီး တစ်ဖက်မှ စွံ့အသွားရလေသည်။ 

သူတို့ စကားပြောနေစဉ် စားပွဲထိုးလေး ရောက်လာပြီး ဟင်းပွဲများ ချပေး၏။ 

ပမာဏမှာ အမှန်ပင် အလွန်များလွန်းလှသည်။ 

ထိုစဉ် ပုစွန်တုတ်ပွဲကိုကြည့်ကာ ရှချင်းချင်း လင်းချွမ်အား မျက်လုံးမှိတ်ပြလေသည်။ 

‘ဒုက္ခပဲ’

လင်းချွမ် ရှချင်းချင်းနှင့် ကျန်းတို့ကို အခွံခွါကျွေးခဲ့သည်ကို သတိရသွား၏။ 

ယခုလည်း တစ်ယောက်ကို ခွါပေးလျှင် နောက်တစ်ယောက်ကို ခွါပေးရမည်ဖြစ်ပြီး ပြီးဆုံးတော့မည် မဟုတ်ချေ။ 

မဖြစ်ဘူး မဖြစ်ဘူး။ 

ထွက်ပေါက် ရှာရမယ်။ 

“ချင်းချင်းနဲ့ ချန်းချန်း ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်”

လင်းချွမ် ချက်ချင်း ပြေးထွက်၍ ကောင်တာတွင် ပိုက်ဆံ အရင်ရှင်းနေလိုက်သည်။ 

All Chapters