ဝန်ထမ်းသစ်
Vol. 26 Ch. 376
ယွီကိုင်စားသောက်ဆိုင်၊ (၆) လွှာ။
လီချင်းသည် အပြာရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရှူးဖိနပ်များမှာ မီးရောင်အောက်တွင် တောက်ပလင်းလက်နေ၏။
လင်းချွမ် ကော်ရစ်တာတွေ လျှောက်လာရင်း လီချင်းကို လှမ်းတွေ့လိုက်သည်။
လီချင်း လင်းချွမ်ကို တွေ့သောအခါ
“ဪ သူဌေး ကျွန်တော်တို့ နည်းပညာတွေကို ဒီနောက်ပိုင်း ခဏခဏ လာတိုက်ခိုက်နေလို့လေ။ ဒါရိုက်တာကျန်းက လူသစ်ရှာပြီး ခန့်ဖို့ ပြောတာနဲ့ ကျွန်တော် နန်ကျန်းအလုပ်အကိုင်ကြော်ငြာမှာ ထည့်လိုက်တာ။ အခု မစ္စတာကားလ်နဲ့ ဒီလို တွေ့ရတာပဲ”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
သူ ထိုအကြောင်းကို ကျန်းရှင်းရှင်းထံမှ ကြားဖူးပြီး ဖြစ်ပါသည်။
ကုမ္ပဏီ၏ ဝန်ထမ်းခန့်ထားရေးနှင့် ရုံးပိုင်းကိစ္စများကို ရှင်းရှင်းမှသာ အဓိက တာဝန်ယူထားလေ၏။
အကဲဖြတ်ဆုံးဖြတ်ရေးကိုမူ နည်းပညာနားလည်သူ လီချင်းက ဆောင်ရွက်လေသည်။
လီချင်း၏ နည်းပညာ အရည်အချင်းများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
ပြီးခဲ့သော လဝက်မျှအတွင်း လင်းချွမ် လက်နက်ထုတ်လုပ်ရေးနှင့်သာ အလုပ်ရှုပ်နေပြီး ၇၂၀ ကုမ္ပဏီကို လုံးဝ လှည့်မကြည့်ဖြစ်ပေ။
ထို့ကြောင့် သူ လီချင်းပုခုံးအား ခပ်ဖွဖွပုတ်၍ ရယ်မောကာ
“အမလေး အခုတော့ အလုပ်တွေ ကိုယ့်ဟာကိုယ်တောင် လုပ်နိုင်နေပြီပဲ”
“သူဌေးရဲ့ လမ်းညွှန်သင်ကြားပေးမှုတွေကြောင့်ပါ။ သူဌေးဝတ္ထုကို ခေါင်းအုံးအောက်မှာ ထားအိပ်တာလေ။ ညတိုင်း မအိပ်ခင် တစ်နာရီလောက် ဖတ်ဖြစ်တယ်”
လီချင်း တောက်ပစွာပြုံး၍ ပြော၏။
“အခု စကားပြောပါ ကောင်းလာပြီပဲ”
လင်းချွမ် စနောက်လိုက်သည်။
လီချင်းမှ
“သူဌေးရယ် စကားပြောကောင်းတာပဲ မဟုတ်ပါဘူး။ ဟက်ကာလောကဆိုတာ ကျွန်တော် လက်ထဲကကို မချရဘူး။ အရေးအသား ကောင်းတဲ့အပြင် နည်းပညာတွေကလည်း ကျစ်လျစ်တယ်။ နောက် နှစ် (၂၀) လောက်အထိတောင် လေ့လာလို့ ရသေးတယ်”
လင်းချွမ် ပြုံးနေမိ၏။
သူ လီချင်း၏ တိုးတက်မှုကို လွန်ခဲ့သော (၆) လအတွင်း ထင်ရှားစွာ တွေ့ခဲ့ပြီး ယခုလို လျင်လျင်မြန်မြန်နှင့် အရေးပေါ် စိန်ခေါ်မှုများကိုပင် ဖြေရှင်းနိုင်နေလေပြီ။
အထူးသဖြင့် အန်လင်းမြို့မှ ကြေးနီနံရံ နည်းပညာ လုံခြုံရေးကုမ္ပဏီသည် လီချင်းထံ တိတ်တခိုး ချဉ်းကပ်၍ လခ နှစ်ဆပေးမည်ဟု ကမ်းလှမ်းလာ၏။
သို့သော် သူ တစ်ဖက်ကုမ္ပဏီကို မသွားဘဲ ၇၂၀ ကုမ္ပဏီ၌သာ ဆက်နေရန် ရွေးချယ်ခဲ့ပါသည်။
ယခုအခါ ၇၂၀ ကုမ္ပဏီသည် အန်လင်းမြို့၌ တိုးတက်အောင်မြင်သော ကုမ္ပဏီတစ်ခု ဖြစ်နေပြီး ဟန်မြစ်အပိုင်းအထိ နာမည်ကြီးနေ၏။
လီချင်းသည် ထိုကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်ကာ နည်းပညာကုမ္ပဏီနယ်ပယ်၌ အတော်လေး လူသိများလာသည်။
သူ ကျင်းထန်း၌ အင်တာဗျူးသွားဖြေဖူးပြီး ကျရှုံးသွားသည့်အကြောင်းပါ သတင်းများ ပျံ့သွားသည်။
ထို့ကြောင့် ကျင်းထန်းကုမ္ပဏီအတွက်တော့ ရှက်စရာကိစ္စ ဖြစ်နေ၏။
လီချင်းအား အလုပ်မခန့်ခဲ့သော HR ကိုတော့ ကုမ္ပဏီမှ ထုတ်လိုက်ပြီးလေပြီ။
ဝန်ထမ်းခန့်အပ်ရေး ညံ့ဖျင်းပြီး အရည်အချင်းကို မကြည့်တတ်သည့် အချက်များကြောင့် ဖြစ်၏။
အတိုချုံးဆိုရသော် လီချင်းတစ်ယောက် ၇၂၀ ကုမ္ပဏီ ရောက်ပြီး အတွေ့အကြုံများကို သဘောကျကာ လင်းချွမ်နှင့် ပတ်သက်မိလေ လင်းချွမ်၏ မယှဉ်နိုင်သော အရည်အချင်းများကို ပိုသိရလေ ဖြစ်လေသည်။
ထို့ကြောင့်လည်း သူ ၇၂၀ ကုမ္ပဏီ၌ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
“ကျွန်တော်တို့ရဲ့ အနာဂတ် လုပ်ဖော်ကိုင်ဖက်ကြီးကို ဂရုစိုက်ပေးလိုက်ပါဦး”
လင်းချွမ် ကားလ်ကို တစ်ချက် ဝဲကြည့်ပြီးမှ လီချင်းအား ပြောလိုက်သည်။
ကားလ်မှာ လင်းချွမ်နှင့် မျက်လုံးချင်း ဆုံသွားချိန်တွင် ချက်ချင်း ပြုံးပြလေ၏။
လီချင်းမှာ အလုပ်စဝင်သော အသစ်လေး မဟုတ်တော့ပေ။
လင်းချွမ်စကားကို ကြားသည်နှင့် ချက်ချင်း သဘောပေါက်ကာ မိတ်ဆက်ပေးလေသည်။
“မစ္စတာကားလ် ဒါက ကျွန်တော်တို့ ၇၂၀ ကုမ္ပဏီရဲ့ သူဌေး မစ္စတာလင်းချွမ်ပါ”
ကားလ် လက်ဆွဲနှုတ်ဆက်ရန် လက်ထုတ်ပေးရင်း
“မစ္စတာလင်း မင်္ဂလာပါဗျ”
လင်းချွမ် ရုတ်တရက် အံ့ဩကာ မျက်ခုံးပင့်လိုက်ပြီးမှ လက်ဆွဲပြန်နှုတ်ဆက်၍
“မစ္စတာကားလ် မင်္ဂလာပါဗျာ။ ကျွန်တော့်ကို မစ္စတာလင်းလို့ ခေါ်တဲ့သူ သိပ်တော့မရှိဘူးဗျ။ ကြည့်ရတာ ကျွန်တော့်ဝတ္ထုတွေ ဖတ်ထားဖူးတယ် ထင်တယ်”
ဘေးမှ ဘာသာပြန်ပေးရန် စောင့်နေသော လီချင်းမှာ လင်းချွမ်၏ ကျွမ်းကျင် ချောမွေ့သော အင်္ဂလိပ်စကားကြောင့် အံ့ဩသွားမိ၏။
ကားလ် ခေါင်းငြိမ့်ပြ၍
“မစ္စတာလင်းရယ် ဟက်ကာလောကဆိုတာ နည်းပညာ နယ်ပယ်အတွက်တော့ တကယ့် နာမည်ကြီးပဲလေ။ ကျွန်တော့် မိတ်ဆွေတွေ ညွှန်းတာနဲ့ဖတ်ရင်း နောက်ဆုံး ခင်ဗျားပရိသတ် ဖြစ်လာတာပဲ”
“ခုနလေးတင် အခန်းထဲမှာ သူဌေးရဲ့ဝတ္ထုအကြောင်း ပြောနေကြသေးတာ”
လီချင်းမှ ဝင်ပြော၏။
လင်းချွမ် ရယ်မောနေမိသည်။
ကားလ်သည် လီချင်းကဲ့သို့ သူ့ပရိသတ် ဖြစ်နေလေသည်။
သို့သော် ကားလ်တစ်ယောက် စကားပြောရ အဆင်ပြေစေရန် အနည်းငယ် စုံစမ်းထားပြီး ဟန်ဆောင်ပြောနေနိုင်သည့်အချက်ကိုလည်း မေ့ထား၍ မရပေ။
စီးပွါးရေးကိစ္စ၌ ထိုသို့ လူမှုရေးများ ပါတတ်သည်။
“တရုတ်မှာလည်း နာမည်တော်တော်ကြီးတယ် ကြားပါတယ်။ ဒါပေမဲ့ ကျွန်တော်က တရုတ်လို သိပ်မကျွမ်းလို့။ မဖတ်ရသေးဘူး”
ကားလ်မှ ပြောလိုက်၏။
“ဒီလောက်ဆို တော်တော်လေး ကောင်းနေပါပြီ။ တဖြည်းဖြည်း ကျွမ်းလာမှာပေါ့”
လင်းချွမ် ပြုံး၍ ပြောလေ၏။
“ကျွန်တော်လည်း ၇၂၀ ကုမ္ပဏီမှာ လုပ်ခွင့်ရရင် ကောင်းမှာ”
ကားလ် မျှော်လင့်တကြီး ပြော၏။
“ကျွန်တော်လည်း အလုပ်အတူတူ လုပ်ရဖို့ မျှော်လင့်ပါတယ်ဗျာ”
လင်းချွမ်နှင့် ကားလ်တို့ ထပ်မံ၍ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
သူတို့၏ ပထမဆုံး တွေ့ဆုံမှုမှာ မဆိုးလှပေ။
လင်းချွမ်မှာ အခြားအရေးကြီးအလုပ်များ ရှုပ်နေသောကြောင့် ဝန်ထမ်းခန့်ထားရေးမျှကိုတော့ လီချင်းမှသာ ဆုံးဖြတ်မည် ဖြစ်သည်။
လင်းချွမ် အလုပ်ရှုပ်လွန်း၍ ရွှေတုံး ရှေးဟောင်းပစ္စည်းဆိုင်ဘက် မရောက်သည်ပင် အတော်ကြာလေပြီ။
ဦးလေးကျန်းမှတော့ ပျင်းနေ၍ မကြာခဏ လှမ်းခေါ်တတ်၏။
လင်းချွမ် ကော်ရစ်တာကို ဖြတ်၍ သန့်စင်ခန်း အရင်ဝင်ပြီးမှ ကောင်တာ၌ ငွေသွားရှင်းလိုက်သည်။ ထို့နောက် သီးသန့်ခန်းထဲ ပြန်ရောက်လာလေ၏။
ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့မှာ အခုထိ မစားရသေးပေ။
လင်းချွမ် စားပွဲ၌ ဝင်ထိုင်လိုက်ပြီးနောက် သူ့ရှေ့တွင် ပုစွန်များ အခွံခွါထားသည်ကို တွေ့ရလေသည်။
ထို့နောက် ရဲမေများကို လှမ်းကြည့်ကာ အနည်းငယ် အံ့ဩသွား၏။
ရှချင်းချင်းမှ ပြုံး၍
“ရှင် ပုစွန်ကြိုက်တာ သတိရလို့လေ”
“အဟွတ်”
လင်းချွမ် နေရခက်စွာဖြင့်
“ဟုတ်တယ်။ ပုစွန်က အရသာရှိတယ်လေ။ ဒါပေမဲ့ ရေထဲကဆိုတော့ အအေးစာပဲ။ အများကြီး စားလို့တော့ မကောင်းဘူး”
“ကျွန်မတို့ အလကား ခွါလိုက်မိတာလား”
ရှန်ချန်းချန်း မကျေနပ်သလိုလေး ပြော၏။
“ရှင် အကြိုက်ပြောင်းသွားတာလား”
ရှချင်းချင်းမှလည်း မေးလိုက်သည်။
လင်းချွမ် သူတို့ကိုကြည့်ရင်း ခေါင်းကိုက်လာသည်။
ရှန်ချန်းချန်းမှ
“ချင်းချင်း အသက် (၂၀) ဝန်းကျင် ယောက်ျားလေးတွေက နေမွန်းတည့်ချိန်ရဲ့ တောက်ပတဲ့ နေမင်းကြီးလို အင်အားအပြည့်ပဲလို့ ကြားဖူးတာ။ ဒီလောက်လေး စားရုံနဲ့ တစ်ခုခု ဖြစ်နိုင်လို့လား”