ပထမအဆင့် အောင်မြင်ခြင်း
Vol. 26 Ch. 378
ညမှာ တဖြည်းဖြည်း မှောင်လာပြီး တိတ်ဆိတ်နေ၏။
လင်းချွမ်နှင့် ရှန်ချင်းချင်းတို့ ညစာစားပြီးနောက် ကုမ္ပဏီကိစ္စများ တစ်နာရီဝန်းကျင်မျှ ပြောပြီးသောအခါ အိမ်သို့ ပြန်လာကြပြီး အချိန်မှာ အတော်လေး ညဉ့်နက်နေလေပြီ။
ဆောင်းဦးဖြစ်၍ တိုက်ခတ်သော လေပြည်မှာလည်း အေးမြလှသည်။
ဝရံတာမှ လှမ်းကြည့်လျှင် မြစ်ကမ်းဘေးရှိ သစ်ပင်များ အသာအယာ ယိမ်းနွဲ့နေသည်ကို တွေ့ရ၏။
တောက်ပသော လမင်းကြီးမှာ ကောင်းကင် မြင့်မြင့်တွင် ချိတ်လျက်ရှိပြီး တလက်လက် လင်းနေသည့် ကြယ်ပွင့်များက ဝန်းရံထားကြ၏။ လမ်းမပေါ်တွင် ဝါကျင့်ကျင့် မီးရောင်များ လင်းနေပြီး အရိပ်များမှာ လေနှင့်အတူ စည်းချက်ကျကျ လှုပ်ရှားနေလေသည်။
ခပ်လှမ်းလှမ်းမှ ရေလှိုင်းသံအချို့နှင့် ကားဟွန်းသံများကိုလည်း တစ်ချက်တစ်ချက် ကြားရသေးသည်။
လင်းချွမ် ဝရံတာ၌မှီရင်း မော်ဂန်အုပ်စုအကြောင်း တွေးနေမိသည်။
ယခုအချိန်တွင် မော်ဂန်အုပ်စုကို မည်သို့ ချေမှုန်းရမည်ကိုသာ တွေးရမည် ဖြစ်၏။
သူ ထိုအုပ်စုနှင့် မကြာခဏ ထိပ်တိုက်တွေ့ခဲ့ဖူးသော်လည်း အလုံးစုံ နားမလည်နိုင်သေးပေ။
ရန်သူမှာ အမှောင်လောက၌ ကြီးစိုးကာ မူးယစ်ဆေး၊ စစ်လက်နက်၊ လူကုန်ကူးခြင်းစသဖြင့် မကောင်းမှု ဒုစရိုက်အားလုံးကို အမြစ်တွယ် ပြုလုပ်လျက် ရှိလေသည်။
မူးယစ်ဆေးကိစ္စတွင် လင်းချွမ်မှ မော်ဂန်အုပ်စု၏ ဟန်မြစ်- အန်လင်းအပိုင်းကို ဖော်ထုတ်နိုင်၍ စိတ်ဝင်စားမှု ရရှိသွားသော်လည်း ကြီးမားသော ရိုက်ခတ်မှု မရှိသေးပေ။
လက်နက် အရေးတွင်မူ။
လင်းချွမ် ဟားစ်စစ်တပ်နှင့်သာ ဆက်သွယ်ဖူးပြီး အစပိုင်းအဆင့်သာ ရှိသေးသည်။ ယခုမှ ပို့ဆောင်ရန် စီစဉ်နေဆဲဖြစ်ပြီး ရလဒ်အစစ်ကို မကြော်ငြာနိုင်သေးပေ။
သို့သော် လင်းချွမ်အနေဖြင့် မော်ဂန်အုပ်စု၏ အရှေ့အလယ်ပိုင်း လက်နက်ဈေးကွက်ကို လုယူနိုင်မည်ဟု ယုံကြည်လျက် ရှိနေ၏။
လင်းချွမ်မှာ လက်နက်ဝိဇ္ဇာအစစ် ဖြစ်လေသည်။
သို့ရာတွင် တစ်ဖက်မှလည်း အလွယ်တကူ အလျှော့ပေးမည် မဟုတ်ပါ။
လင်းချွမ်အား သားရဲချောင်းသကဲ့သို့ ကြည့်ရင်း ရိုက်ချရန် အသင့်စောင့်နေလေသည်။
မော်ဂန်အုပ်စုမှာ ထိုအတိုင်းပင် ဖြစ်၏။
သူတို့ရှိနေသရွေ့ လင်းချွမ်အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်နေပေမည်။
“ဒီကိစ္စက ထင်သလောက်တော့ မရိုးရှင်းဘူး။ အခုဟာက လက်နက်ဈေးကွက်ကို လုရုံတင် မကဘူး။ သူတို့ရဲ့ အဓိကတာဝန်ရှိသူတွေကိုပါ ဖယ်ပစ်ရမှာ။ အထူးသဖြင့် ယုခီခီနဲ့ ပတ်သက်နေတဲ့သူတွေပေါ့”
လင်းချွမ် သက်ပြင်းချ၍ ရေရွတ်မိ၏။
မျက်ဝန်းများမှာလည်း စူးရှ၍ စိတ်ဓာတ် ပြင်းထန်နေသည်။
ယုခီခီ မော်ဂန်အုပ်စုမှလူနှင့် ဆက်သွယ်သည်ကို ခိုးနားထောင်ရင်း ကြားဖူးပြီး ထိုလူနာမည်မှာ လူးကပ်စ် ဖြစ်သည်။
ဒါဆိုရင် လူးကပ်စ်နဲ့ စရမှာပဲ။
…
ဟက်ချိုး!
အရှေ့တောင်အာရှ မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲ၌ လူးကပ်စ် ရုတ်တရက် နှာချေလိုက်မိသည်။
ဆောင်းဦးညပိုင်း၏ အအေးဓာတ်ကြောင့် သူ ထိုင်ခုံတွင် လွှားထားသော ကုတ်အင်္ကျီအား ယူဝတ်လိုက်ပြီး ရုံးခန်းထောင့်နားမှ ယုချင်းအား လှမ်းကြည့်လိုက်သည်။
ထိုရုံးခန်းမှာ စာသင်ခန်းတစ်ခုကဲ့သို့ ကျယ်ဝန်း၍ ယုချင်းအတွက် သက်တောင့်သက်သာရှိစေရန် စားပွဲတစ်လုံး ထပ်ထည့်ကာ နေရာပေးထားလိုက်၏။
သူ လင်းချွမ်ကိစ္စလည်း အပြတ်ဖြတ်ရမည်ဖြစ်၍ အရှေ့တောင်အာရှ၌ ဆက်နေဖြစ်ဦးမည်။
ထို့အပြင် လက်နက်များကိုလည်း အရှေ့တောင်အာရှ ဈေးကွက်ထဲတိုးရန် အထက်မှ ခိုင်းထား၏။
တရုတ်နယ်စပ်မှ ပိုင်ရှန်အုပ်စုနှင့် ဆက်သွယ်ထားပြီးလေပြီ။
ပဏာမ ဆွေးနွေးမှုလည်း အဆင်ပြေ ချောမွေ့၏
“ယု အစီအစဉ်က ဘယ်လိုဖြစ်နေပြီလဲ”
သူတို့အစီအစဉ်ကို စတင်နေပြီဖြစ်ပြီး ယနေ့ ပို၍ အရေးကြီး၏။ လူးကပ်စ်လည်း အမိအရ ပါဝင်နိုင်ရန် လိုက်ကြိုးစားနေရသည်။
“တော်တော်လေး ပြေပါတယ်”
ကွန်ပျုတာရှေ့၌ ထိုင်နေသော ယုချင်းမှ ခပ်အေးအေး ပြောလေသည်။
“ဘယ်လောက် ပြေတာလဲ။ စုံစမ်းပြီးပြီလား”
လူးကပ်စ် ထပ်မေးလိုက်၏။
“အခုထိတော့ ဘာမှ ပြန်မပြောသေးပေမဲ့ ကျွန်မအထင် အောင်မြင်ဖို့ ရာနှုန်းပြည့်ပဲ”
ယုချင်းပြုံးလျက် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
လူးကပ်စ်မှ လေးနက်စွာဖြင့်
“မတော်တဆတွေ ခဏခဏ ဖြစ်တတ်တော့ သတိထားတာတော့ အကောင်းဆုံးပဲ”
ယုချင်း ပြန်မဖြေဘဲ ငြိမ်နေသည်။
(၅) မိနစ်ခန့်ကြာသောအခါ သူ့ဖုန်းမှ အချက်ပေးသံ မြည်လာသည်။
တီ တီ…
‘အိုခေ’ ဟူသော စကားလုံး (၂) ခုသာ ပါလေ၏။
ယုချင်း ဖုန်းကိုယူကြည့်ပြီးနောက် ပြုံးကာ ပြန်ချထားလိုက်သည်။
ထို့နောက် လူးကပ်စ်ကို ကြည့်ကာ
“အရေးအကြီးဆုံးအပိုင်းတော့ အောင်မြင်သွားပြီ”
“ကားလ်က AW ရဲ့ ထိပ်တန်းဟက်ကာ ပီသပါပေတယ်။ အရမ်းတော်တယ်။ သူ အခု ကုမ္ပဏီထဲ ဝင်နိုင်ပြီဆိုတော့ ကျွန်တော်တို့ အစီအစဉ်က ၈၀% လောက် အောင်မြင်နေပြီ”
လူးကပ်စ်မှ စိတ်လှုပ်ရှားစွာ ပြော၏။
လင်းချွမ် စားသောက်ဆိုင်၌ တွေ့ခဲ့သောသူမှာ AW မှ ဟက်ကာ ကားလ်ပင် ဖြစ်လေသည်။
သူတို့ ထိုအစီအစဉ်ကို တစ်ပတ်လုံး သေချာ စဉ်းစားပြီးမှ အသေးစိတ် ပြင်ဆင်၍ အမှားအနည်းဆုံး ဖြစ်အောင် ပြုလုပ်ထားသည်။
ယခု ပထမအဆင့်တွင်တော့ လီချင်းကို အလွယ်တကူပင် အရူးလုပ်နိုင်ခဲ့ပါသည်။
လင်းချွမ်သည်လည်း ခဏသာ တွေ့လိုက်သောကြောင့် သေချာ သတိမထားမိချေ။
ယုချင်းမှာ ခြေထောက်ချိတ်ထိုင်ရင်း ခုံကိုမှီလျက်
“ကားလ်ရဲ့အရည်အချင်းက ထိပ်တန်းဟက်ကာ (၁၀) ယောက်ထဲ ပါတယ်လေ။ မဟုတ်ရင် AW မှာ အဲ့လို နေရာကောင်း ရမလား”
“အဲ့လောက်တောင်လား”
လူးကပ်စ်မှာ ကားလ်အကြောင်း သေချာ မသိသေးပေ။
ယုချင်း အရင်အကြောင်းများ ပြန်တွေးရင်း ရယ်မောလျက်
“မင်းက ကားလ်ကို အထင်သေးနေတာပဲ။ တစ်ကမ္ဘာလုံးရဲ့ ထိပ်တန်း (၁၀) ယောက်ထဲ ပါတာပါဆို”
လူးကပ်စ် အံ့ဩသွားမိသည်။
သူသည် ရုံးပိုင်းဆိုင်ရာကို အဓိကတာဝန်ယူထားသောကြောင့် ဟက်ကာများ အကြောင်း သိပ်မသိပေ။ ထိုနည်းပညာများအကြောင်းပင် သိပ်နားမလည်လှပေ။
သို့သော် ထိပ်တန်းဟက်ကာတစ်ယောက်ဖြစ်လျှင် သေချာပေါက် ယုံကြည်ရနိုင်ပါသည်။
“သူတို့ နည်းပညာကုမ္ပဏီကတော့ ရတနာ ရှာတွေ့သွားတာပဲ။ ကားလ်နဲ့ဆိုရင် တော်ရုံ မထိနိုင်တော့ဘူး”
လူးကပ်စ် ရယ်မော၍ စနောက်ကာ ပြောလိုက်၏။
ထိုအရေးကြီးဆုံးအဆင့်ကို အောင်မြင်ထား၍ အသာစီးရနေသည်ဟု ဆိုနိုင်ပါသည်။