← Chapters

ဝန်ထမ်းသစ်နှင့် တွေ့ဆုံခြင်း

Vol. 26 Ch. 380

ဝန်ထမ်းသစ်နှင့် တွေ့ဆုံခြင်း

Vol. 26 Ch. 380

နောက်တစ်နေ့တွင်။ 

နံနက်ခင်း နေမင်းမှာ အရှေ့အရပ်မှ ထွက်ပေါ်လာပြီး တောင်တန်းများကိုဖြတ်၍ တိမ်လွှာများကြားရှိ လေထုထဲ၌ ချိတ်ဆွဲနေ၏။ ထိုအခါ အလင်းရောင်တန်းများသည် မြစ်ပြင်ကျယ်သို့ ဖြာကျ၍ လမ်းများ၊ ပန်းခြံများတွင် မျက်စိ စူးရှလောက်သည်အထိ တောက်ပနေလေသည်။ 

ဆောင်းဦးတွင် နံနက်စောစောအချိန်နှင့် ညခင်းအချိန်များ၌ အေးစိမ့်စိမ့် ခံစားချက်မျိုး ရစေ၏။ 

ကျန်းရှင်းရှင်းသည် မီးခိုးရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဒူးနားအထိ ရှည်သောကြောင့် ဝင်းဝါသော ခြေသလုံးသားများ ထင်းနေသည်။ 

(၅) စင်တီမီတာခန့် မြင့်သည့် ဒေါက်ဖိနပ်ကို စီးထားသောကြောင့် ဘေးတွင် ရပ်နေသည့် လင်းချွမ်နှင့် ခေါင်းတစ်ဝက်မျှသာ ကွာတော့၏။ 

သူ လင်းချွမ်၏ ရှပ်အင်္ကျီကြယ်သီးများ တပ်ပေးရင်း

“သူဌေး မနေ့ညက လီချင်းက ပြောတယ်။ သူ ဝန်ထမ်းသစ်ခန့်ဖို့ ရတနာလေး ရှာတွေ့ပြီတဲ့”

“ကားလ်လား”

လင်းချွမ် ခေါင်းလေးစောင်းလျက် မေးလိုက်၏။ 

“ရှင် သိပြီးသားလား”

ရှင်းရှင်း လင်းချွမ်လက်မောင်းအား ဖက်ကာ ပြုံးရွှင်၍ မေးလိုက်သည်။ 

လင်းချွမ် ရယ်မောလျက်

“မနေ့ညက ယွီကိုင်စားသောက်ဆိုင်မှာ ရှန်ချန်းချန်းနဲ့ ရှချင်းချင်းကို လိုက်ကျွေးဖြစ်သေးတယ်လေ။ အဲ့မှာ လီချင်းနဲ့ ကားလ်ကို တွေ့ပြီး နည်းနည်း စကားပြောခဲ့တာ”

“ရှင်ရော ကားလ်ကို ဘယ်လိုမြင်လဲ”

ရှင်းရှင်းမှ မေးလိုက်သည်။ 

လင်းချွမ် ခဏစဉ်းစားပြီးနောက် တွေးတွေးဆဆဖြင့် ဖြေ၏။ 

“သူက တော်တော်လေး ထက်မြက်တဲ့ပုံတော့ ပေါ်တယ်”

“ဘယ်လိုလုပ် သိတာလဲ”

“သူ့ဆံပင်လေ”

လင်းချွမ် ရယ်မော၍ ပြော၏။ 

“တကယ့် ဉာဏ်ကောင်း ထူးချွန်တဲ့သူတွေက အကုန် ထိပ်ပြောင်တွေချည်းပဲ”

ကျန်းရှင်းရှင်း ခြေဖျားလေးများ ထောက်လျက် လင်းချွမ် ခေါင်းထိပ်အား ကြည့်လိုက်၏။ 

သို့သော် လင်းချွမ်တွင် ဆံပင်များအပြည့် ရှိနေသည်ကိုသာ တွေ့ရပြီး ကျွတ်နေသည့် အရိပ်အယောင်ပင် မရှိချေ။ 

ကျန်းရှင်းရှင်းမှ

“သူဌေးကျတော့ ဘာလို့ ထိပ်မပြောင်တာလဲ”

“ကျွန်တော်ကတော့ ချွင်းချက်ပေါ့”

လင်းချွမ် အားရပါးရ ရယ်မောမိသည်။ 

“အဲ့တော့ ရှင်က ကားလ်ထက်တောင် ပိုတော်တယ်ပေါ့လေ”

ရှင်းရှင်းမှ ပြောလေ၏။ 

“အဲ့လို ထင်ရတာပဲ”

လင်းချွမ် နှာခေါင်းလေးပွတ်လျက် စဉ်းစားနေမိသည် 

ကားလ်၏ ဟက်ကာအရည်အချင်းသာ သူ့ထက်တော်လျှင် ယခုလို သူတို့ကုမ္ပဏီကို ရောက်လာမည် မဟုတ်ချေ။ 

အမှန်အတိုင်းဆိုရလျှင်တော့ သူ့ထက် အရည်အချင်း ပြည့်ဝသော ဟက်ကာမျိုးပင် မတွေ့ဖူးသေး။ 

မြောက်ပိုင်းအဖွဲ့မှ အန်ဂျလီနာပင် သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သဘောထား၍ လေးလေးစားစား ဆက်ဆံလေသည်။ 

“ဒါနဲ့ လီချင်း အခုခန့်တဲ့ ရာထူးက နည်းပညာဌာနအတွက် မန်နေဂျာနော်။ ကားလ် လုပ်နိုင်ပါ့မလား”

ကျန်းရှင်းရှင်းသည် ၇၂၀ ကုမ္ပဏီ၏ ဒုတိယတာဝန်ရှိသူ ဖြစ်ပြီး ကုမ္ပဏီကို လင်းချွမ်ထက်ပင် ပိုဂရုစိုက်သေး၏။ 

လင်းချွမ်မှ

“ရုံးခန်းရောက်ရင် အခြေအနေကြည့်ကြတာပေါ့”

“ကောင်းပါပြီရှင်”

ကျန်းရှင်းရှင်း လင်းချွမ်လက်မောင်းကိုဖက်၍ အိမ်ထဲမှ ထွက်သွားလေသည်။ 

ယခုအခါ သူတို့နှစ်ဦး အရင်လို လျှပ်စစ်စကူတာလေး စီးရန် မလိုတော့ချေ။ လင်းချွမ်လည်း ကျန်း၏ ခါးသေးသေးလေးကို ဖက်လိုက်စရာ မရှိတော့။ 

အဘယ်ကြောင့်ဆိုသော် ကျန်းရှင်းရှင်း ကိုယ်ပိုင်ကား ရသွားလေပြီ။ 

ကျန်းသည် ယာဉ်မောင်းနေရာတွင် ထိုင်၍ ကားမောင်းရန် ဖိနပ်အပါးလေး ပြောင်းစီးလိုက်သည်။ ထို့နောက် လီဗာကို နင်းလိုက်သောအခါ Audi A8 ကားလေးသည် အရှိန်ဖြင့် လမ်းမပေါ် မောင်းထွက်သွားတော့သည်။ 

သွားနေစဉ် လမ်း၌ ကျန်းမှာ လက်တစ်ဖက်ဖြင့် ကားမောင်းရင်း နောက်တစ်ဖက်ကို လင်းချွမ်ပေါင်ပေါ် တင်ထား၏။ 

“ရှင်းရှင်း ဘာလုပ်တာလဲ”

လင်းချွမ် သူ့လက်ကို ကိုင်ထားရင်း မှင်တက်နေ၏။ 

ကျန်းရှင်းရှင်း ရယ်မောလျက်

“ဒီလိုမျိုး ခံစားကြည့်ချင်နေတာ။ အွန်လိုင်းမှာ ဘေးက လိုက်ထိုင်တဲ့ ရည်းစားကောင်မလေးရဲ့ ပေါင်ကို ကိုင်ထားတာမျိုးတွေ တင်တယ်လေ”

လင်းချွမ် စွံ့အသွား၏။ 

“အသားယူနေတာပဲ သူဌေးမလေးက”

“ခံစားကြည့်ချင်လို့ပါ”

“ဒီမှာ ကားမောင်းတာ ဂရုစိုက်ရတယ်နော်။ အန္တရာယ် ရှိတယ်”

“တစ်ခေါက်တည်းပါ”

“…”

လင်းကျန်မှ ကျုံချန်းအဆောက်အဦသို့သွားသော လမ်းမှာ အရမ်းမဝေးလှပေ။ 

ကားထဲ၌ စနောက်ပျော်ပါးရင်း လိုက်ပါလာကြပြီး မကြာမီ ရုံးသို့ ရောက်လာကာ စနစ်တကျ ပါကင်ထိုး၍ (၁၆) လွှာသို့ တက်လာ၏။ 

ရုံးခန်းထဲတွင် လီချင်းမှာ အလုပ်စလုပ်နေလေပြီ။ 

သူ နည်းပညာ အရည်အချင်း တိုးတက်လာရုံတင် မကဘဲ လုပ်ငန်းပိုင်းဆိုင်ရာလည်း အတော်လေး ကျွမ်းကျင်၍ အလုပ်စောစောလာကာ လိုအပ်သည်များ ပြင်ဆင်နေသည်။ 

လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ ရုံးခန်းထဲ ဝင်လာသည်ကို တွေ့သောအခါ လီချင်းမှ ကားလ်၏ အချက်အလက်များကို လှမ်းပေးလိုက်ပြီး

“သူဌေး ဒီမှာ ကားလ်ရဲ့ ကိုယ်ရေးအချက်အလက်ပါ”

လင်းချွမ် ရုံးခန်းထဲ ဝင်လာပြီး 

“သူနဲ့ တိုက်ရိုက်ဆက်ဆံနေရတာ ဆိုတော့ ဘယ်လိုလဲ။ သူ့အရည်အချင်းကရော”

လီချင်း လင်းချွမ်ဘေးတွင် ရပ်၍

“သူဌေး သူ့အရည်အချင်းကတော့ တကယ် အံ့မခန်းပဲ။ သူက နိုင်ငံခြား နည်းပညာကုမ္ပဏီမှာ အရင်လုပ်ဖူးတယ်လေ။ သူ့တက္ကသိုလ်တုန်းက သူငယ်ချင်းနဲ့ ရင်းနှီးလို့ ဒီကို ရောက်လာပြီး ဟန်မြစ်အပိုင်း တောင်ပိုင်းနည်းပညာမှာ လာလုပ်တာ (၃) နှစ်လောက် ရှိပြီ။ ကျွန်တော်တို့ဆီမှာ နည်းပညာ ဒါရိုက်တာ လာလုပ်နေတော့ ကံကောင်းတာ ပြောမနေပါနဲ့”

လင်းချွမ် ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ကားလ် အချက်အလက်များကို သေချာကြည့်နေသည်။ 

အကြောင်းအရာများမှာတော့ အလွန် အထင်ကြီးစရာပင်။ နိုင်ငံခြားမှ ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံ (၈) နှစ်အထိ ရှိလေသည်။ 

“သူ တောင်ပိုင်းနည်းပညာမှာ လုပ်နေတာ အကောင်းပဲကို။ ဘာလို့ ရုတ်တရက် ထွက်လိုက်တာလဲ”

လင်းချွမ်မှ မေးလိုက်၏။ 

လီချင်း လင်းချွမ်ရှေ့ ဝင်ထိုင်ကာ

“သူ့အပြောကတော့ အဲ့ဒီက ဒါရိုက်တာနဲ့ ပြဿနာတက်ပြီး အဆင်မပြေတော့လို့ ထွက်လာတာတဲ့”

လင်းချွမ် ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေ၏။ 

ထိုသို့သော အခြေအနေမှာ လုပ်ငန်းများ၌ ဖြစ်ပေါ်လေ့ ရှိပါသည်။ 

“သူ ဒီနေ့ လာလား။ ကျွန်တော် စကားနည်းနည်း ပြောချင်လို့”

လင်းချွမ်မှ ပြောလိုက်သည်။ 

“ကျွန်တော် သူ့ကို အခု ခေါ်လိုက်ပါ့မယ်”

“ကောင်းပါပြီ”

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်၏။ 

လီချင်းလည်း ဖုန်းထုတ်၍ ချက်ချင်း ဆက်လိုက်လေသည်။ 

“ကားလ် သူဌေးက တွေ့ချင်လို့တဲ့”

မကြာမီ။ 

ဒေါက် ဒေါက် ဒေါက်!

ရုံးခန်းတံခါးခေါက်သံ ကြားရလေသည်။ 

လီချင်း အမြန် တံခါးသွားဖွင့်လိုက်သောအခါ ကားလ်ကို တွေ့ရ၏။ 

ကားလ်မှာ အသက် (၃၀) ဝန်းကျင်အရွယ် ငယ်ရွယ်နုပျိုပြီး ဆံပင်ကို အနောက်သို့ ဖြီးထားသည်။ 

“သူဌေးနဲ့ သူဌေးကတော်”

ကားလ် အခန်းထဲဝင်လာပြီး ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။ 

All Chapters