တိုက်ခိုက်ခြင်းက အကောင်းဆုံး ခုခံနည်းပဲ
Vol. 26 Ch. 382
“ကုမ္ပဏီ ဘာဖြစ်လို့လဲ”
လင်းချွမ် မျက်မှောင်ကြုတ်ကာ သူ့အနား လျှောက်သွားရင်း မေးလိုက်၏။
ကျန်းမှာ စိတ်ရှုပ်ထွေးစွာဖြင့် လက်ထဲမှဖုန်းကို လှမ်းပေးလိုက်ပြီး
“လီချင်း ဖုန်းဆက်လို့”
ယခုရက်ပိုင်းတွင် လင်းချွမ်တစ်ယောက် အန်လင်းစက်ရုံ၏ လက်နက် ထုတ်လုပ်ရေးကိစ္စများ၌သာ အလုပ်ရှုပ်နေသောကြောင့် ကုမ္ပဏီအရေးကို ကျန်းရှင်းရှင်းမှ ကိုင်တွယ်ပေးနေသည်။
ထို့ကြောင့် ပြဿနာရှိလျှင် လီချင်းမှ ကျန်းကိုသာ တိုက်ရိုက်ဆက်သွယ်ပေး၏။
လင်းချွမ် ဖုန်းကိုင်လိုက်ပြီး
“လီချင်း ကုမ္ပဏီက ဘာဖြစ်လို့လဲ”
“သူဌေး”
ဖုန်းထဲမှ လီချင်းအသံမှာ အလောတကြီး ဖြစ်နေသည်။
“လွန်ခဲ့တဲ့ (၂) မိနစ်လောက်ကပဲ နိုင်ငံခြား အကောင့်တစ်ခုကနေ ကျွန်တော်တို့ ကုမ္ပဏီနဲ့ တခြား ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို အကြီးအကျယ် တိုက်ခိုက်လာပါတယ်”
“တိုက်ခိုက်တာက အခြေအနေ ဘယ်လိုရှိလဲ”
လင်းချွမ် ပြောရင်းဆိုရင်း အခန်းထဲမှ ထွက်သွား၍ ကျန်းလည်း အလိုက်တသိဖြင့် ကုတ်အင်္ကျီ ယူပေးကာ အနောက်မှ အမြန်လိုက်သွားလေ၏။
“DDoS ဝန်ဆောင်မှု တိုက်ခိုက်ရေး၊ ထရိုဂျန်ဗိုင်းရပ်စ်နဲ့ ဟက်ကာဆော့ဖ်ဝဲလ် အားလုံး ပါပါတယ်”
လီချင်းမှ အမှန်အတိုင်း သေချာ ရှင်းပြလိုက်သည်။
“ကျွန်တော်တို့ရဲ့ အကာအကွယ်တွေကရော”
လင်းချွမ် အခန်းထဲမှ ထွက်ပြီးနောက် အောက်ထပ်သို့ ဓာတ်လှေကားနှင့် ဆင်းလာလေ၏။
လီချင်း ဖုန်းထဲမှ ချက်ချင်း ပြန်ဖြေလေသည်။
“ကျွန်တော်တို့ အကာအကွယ်က သက်ရောက်မှု ရှိပါသေးတယ်။ ဒါပေမဲ့ အရမ်းဆက်တိုက်ကြီး တိုက်ခိုက်နေရင် ဒီဘက်ကလည်း အကုန် လိုက်ပိတ်ဖို့တော့ ခက်လိမ့်မယ်။ အခု အရေးအကြီးဆုံးက အကာအကွယ်ကို ဖျက်ဆီးနိုင်လိုက်ပြီး ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ အချက်အလက်တွေကို ခိုးသွားမှာ စိုးရိမ်ရတယ်”
“ကောင်းပါပြီ။ နားလည်ပြီ”
လင်းချွမ် ခေါင်းငြိမ့်လျက်
“အရေးပေါ် အစီအစဉ်အတိုင်း စလုပ်ထားလိုက်တော့။ ကျွန်တော် အခုလာခဲ့မယ်”
နိုင်ငံခြားအကောင့်လား။
သေချာပေါက် AW မှ ဖြစ်နိုင်ပါသည်။
လင်းချွမ်မှာ အန်ဂျလီနာ သတိပေးသည်ကို ပြန်သတိရသွား၏။
AW ၏ အရေးယူဆောင်ရွက်မှုမှာ အလွန်မြန်ဆန်လွန်းသည်။
ထို့ကြောင့်လည်း ထိပ်တန်း ဟက်ကာအဖွဲ့ ဖြစ်နေခြင်းပင်။
အရေအတွက်များတွင် အင်အားရှိသည်ဟူသည့် ဆိုရိုး ရှိပါသည်။ လင်းချွမ်မှာ အဆင့်မြင့် ထိပ်တန်း နည်းပညာ အရည်အချင်းများ ရှိသော်လည်း ထိုမျှ များပြားသော အရေအတွက်ဖြင့် တိုက်ခိုက်လာလျှင် မထိန်းနိုင်တော့ပါ။
တစ်ဖက်အဖွဲ့သည် သူ့ကုမ္ပဏီရော မိတ်ဖက်များကိုပါ တစ်ပြိုင်တည်း တိုက်ခိုက်လာသောကြောင့် ခုခံရန် အလွန် ခက်၏။
ပုံမှန်အားဖြင့်တော့ ထိုအခြေအနေမျိုး တော်ရုံ မရှိတတ်ပေ။
သို့သော် ဆိုက်ဘာစစ်ပွဲများတွင် အထူးသဖြင့် ဟက်ကာများကြား၌ ရန်ညှိုးများ ရှိလျှင် သာမာန်စိန်ခေါ်မှုကဲ့သို့ အချိန်၊ သက်သေများဖြင့် အတိအကျ လူကြီးလူကောင်းဆန်စွာ တိုက်ခိုက်သည်မျိုး မရှိတော့။
ထိုအခြေအနေမျိုးမှာ ပြိုင်ပွဲအဆင့်သာ ရှိပါသည်။
ဟက်ကာများမှာ လူရှေ့ထွက်မပြဘဲ စကားနည်းနည်းနှင့် အရည်အချင်းကိုသာ ထုတ်ပြလေ၏။
ညမှာ တိတ်ဆိတ်၍ အတော်လေး ညဉ့်နက်နေလေပြီ။
နီယွန်မီးရောင် ခပ်မှိန်မှိန်အောက်၌ ကားအချို့ ဖြတ်သန်းသွားသည်မှလွဲ၍ ခြောက်ကပ်နေ၏။
ကျန်းရှင်းရှင်း၏ ကားမောင်း အရည်အချင်းမှာ အတော်လေး ကျွမ်းကျင်ပါသည်။
သူ ကားကို အာရုံစိုက်မောင်းရင်း ကျွမ်းကျင် ကားမောင်းပြိုင်သူကဲ့သို့ အမြန်နိုင်ဆုံး မောင်းလေသည်။ ဤသို့ဖြင့် မကြာမီ ကုမ္ပဏီထံ ရောက်လာ၏။
လင်းချွမ် ကုမ္ပဏီထဲ ရောက်သည်နှင့် နည်းပညာဌာနသို့ တန်းသွားလိုက်သည်။
သူ့ခြေလှမ်းများမှာ သာမာန်ထက် အတော် မြန်နေ၏။
“သူဌေး”
လီချင်း သူ့ကိုတွေ့သောအခါ မတ်တပ်ထရပ်၍
“သူဌေး ရောက်လာပြီပဲ။ နောက်ဆုံး အခြေအနေကို ကားလ်က ပြောပြပါလိမ့်မယ်”
လင်းချွမ် ဆိုဖာတွင် ဝင်ထိုင်ရင်း ခေါင်းငြိမ့်ပြလေသည်။
ကားလ်မှာ လီချင်းဘေး၌ ရပ်နေ၏။
နည်းပညာ ဒါရိုက်တာတစ်ဦးအနေဖြင့် ဆိုက်ဘာ တိုက်ခိုက်ခံရခြင်းကို သူ အရင်ဆုံး သတိထားမိခြင်း ဖြစ်သည်။
“သူဌေး ဒီည ကျွန်တော့်ဂျူတီမို့လို့ နေတုန်း အစကတော့ ကြယ်ရောင် အင်တာနက်ဆိုင်ကနေ အရင်ဆုံး ဆက်သွယ်လာပါတယ်။ သူတို့ ဆာဗာမှာ ပြဿနာ ရှိနေတယ်ပေါ့။ အဲ့တာနဲ့ ကျွန်တော်လည်း ကျွမ်းကျင် (၂) ယောက် ပို့ပေးလိုက်တယ်ဗျ။ နောက်တစ်မိနစ်လောက်ပဲ ရှိသေးတယ်။ ရှင်းဟွာကနေ ဆက်သွယ်လာပြန်ရော။ သူတို့အကောင့် တိုက်ခိုက်ခံရတယ်ဆိုပြီး။ အဲ့အချိန် ဒါရိုက်တာလီကို ချက်ချင်း အကြောင်းကြားလိုက်တာပဲ”
လင်းချွမ် အကြမ်းဖျင်း နားလည်သွားပြီး လီချင်းကို ကြည့်ကာ
“လီချင်း ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ ထိခိုက် ဆုံးရှုံးမှု များလား”
“ကျွန်တော်တို့ အကာအကွယ်က အခုထိတော့ အဓိက တံတိုင်း ဖြစ်နေပါသေးတယ်။ နောက်နာရီဝက်လောက်အထိ ထိုးဖောက်နိုင်ဦးမှာ မဟုတ်ဘူး”
လီချင်းမှ ပြော၏။
လင်းချွမ် ခေါင်းငြိမ့်ပြလိုက်ပြီး
“ကျွန်တော်တို့ ကုမ္ပဏီရော”
“အရင် အကာအကွယ်က အဆင်ပြေပါသေးတယ်။ အချိန်တစ်ခုအထိ ဆွဲထားနိုင်လောက်မယ် ဆိုပေမဲ့ မိတ်ဖက်တွေ အများကြီး တိုက်ခိုက်ခံရရင် တောင့်မခံနိုင်မှာ စိုးရတယ်”
လီချင်း အားနာစွာ ပြောလိုက်၏။ ဆိုက်ဘာ လုံခြုံရေး ဝန်ဆောင်မှုပေးသူအနေဖြင့် မိတ်ဖက်မှ မခုခံနိုင်တော့လျှင် ကုမ္ပဏီ၏ ဂုဏ်သိက္ခာနှင့် လွှမ်းမိုးမှုအပေါ် များစွာ သက်ရောက်လေသည်။
ယုံကြည်မှုမှာ အရေးကြီးလှ၏။
လင်းချွမ်သည် ထိုကုမ္ပဏီ၏ သူဌေး ဖြစ်ရုံသာမက နည်းပညာ ကျွမ်းကျင်သူ ဝန်ထမ်းလည်း ဟုတ်ပါသည်။
သူ အဖြစ်အပျက်များကို နားထောင်ပြီးနောက် ပင်မဆာဗာရှိသော စားပွဲတွင် ထိုင်၍ စတင် လှုပ်ရှားတော့သည်။
လီချင်း၊ ကားလ်နှင့် ကျန်းတို့မှာမူ လင်းချွမ် ရုန်းကန်နေသည်အား ဝိုင်းကြည့်နေ၏။
အထူးသဖြင့် ကားလ်မှာ ပို၍ အာရုံစိုက်နေလေသည်။
လင်းချွမ် ထိုအခြေအနေဆိုးကြီးကို မည်သို့ ကျော်ဖြတ်မည်အား အလွန် စိတ်ဝင်စားနေမိသည်။
ယခု ဆိုက်ဘာတိုက်ခိုက်ခြင်းမှာ သေချာပေါက် လင်းချွမ်အား ပစ်မှတ်ထားခြင်း ဖြစ်၏။
လီချင်းနှင့် ကျန်းရှင်းရှင်းတို့မှာတော့ တစ်လုံးမှ နားမလည်နိုင်တော့ဘဲ ဒီအတိုင်းသာ ကြည့်နေရသည်။
လင်းချွမ် လီချင်းကိုကြည့်၍ လှည့်သင်ပေးလေသည်။
“ဒါဆို အခု ဘယ်လို တုံ့ပြန်ကြမလဲ”
လီချင်း နားလည်သလို ခေါင်းငြိမ့်၍ ပြော၏။
“တိုက်ခိုက်ခြင်းက အကောင်းဆုံး ခုခံခြင်းပဲတဲ့လေ”
လင်းချွမ်မှာ အလွန် တည်ငြိမ်နေပြီး စိတ်လှုပ်ရှားပုံ စိုးစဉ်းမျှ မတွေ့ရချေ။
သူ၏ အတွေ့အကြုံကောင်းများကြောင့် ယုံကြည်ချက်အပြည့်ဖြစ်နေပြီး ပြောလိုက်သည်။
ထို့နောက် ကွန်ပျူတာမျက်နှာပြင်အား စိုက်ကြည့်၍ ကီးဘုတ်ပေါ် လက်တင်ကာ လျင်မြန်စွာ စလှုပ်ရှားတော့၏။