အလံနီ
Vol. 26 Ch. 383
ပထမအဆင့်အနေဖြင့် အကာအကွယ်ဆာဗာထဲ ဝင်ကာ တိုက်ခိုက်မှုများကို ကြည့်လိုက်သည်။
ထိုအခါ ၇၂၀ အကာအကွယ်ပေါ်၌ မိတ်ဖက်ကုမ္ပဏီများဖြစ်သည့် အလင်းရောင်လေးများကို တွေ့ရသည်။ အရောင်များမှာ မတူသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် မည်သို့တိုက်ခိုက်ခံနေရသည်အား သိနိုင်ပါသည်။
လင်းချွမ် အလွန် လျင်မြန်စွာ လှုပ်ရှားနေ၏။
(၂) စက္ကန့်မျှအတွင်း ကြယ်ရောင်နှင့် ရှင်းဟွာ ကုမ္ပဏီများ၏ တိုက်ခိုက်ခံရပုံ အချက်အလက်များကို ရှာဖွေနိုင်သွားသည်။ သို့သော် တိုက်ခိုက်ပုံမှာ အဓိက မဟုတ်ပေ။
ပြန်ခုခံတိုက်ခိုက်နိုင်ရန် အရေးကြီး၏။
ယခုအခါ အရင်းအမြစ်ကို သိရပြီဖြစ်၍ အကောင့် ပြန်တိုက်ခိုက်ခြင်း စနိုင်လေပြီ။
“သူဌေး သူတို့တိုက်ခိုက်မှုက အရင်တစ်ခါ ကန္တာရ အင်တာနက်ဆိုင်မှာ ဖြစ်ခဲ့တာနဲ့ တူတယ်နော်”
လီချင်းမှ ပြော၏။
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“အမှန်ပဲ။ ဒီလို အင်အားအလုံးအရင်းနဲ့ အများကြီး တိုက်ခိုက်တာက AW ရဲ့ စတိုင်လ်ပဲ။ ဒါပေမဲ့ ဒီလို စိန်ခေါ်လို့ကတော့ အရင်လို ရှုံးရဦးမှာပဲ”
သူ့အသံမှာ ခိုင်မာ ပြတ်သားနေ၏။
သို့သော် အနောက်တွင် ရပ်နေသော ကားလ်မှာ မျက်မှောင်ကြုတ်လျက် မျက်လုံးထဲမှ ဒေါသမီးလျှံများ တောက်နေလေသည်။
သူ တရုတ်စကား အရမ်းမကျွမ်းသော်လည်း အတော်လေး နားလည်ပါသည်။
လင်းချွမ်စကားမှာ ယုံကြည်ချက်အပြည့် ရှိနေမှန်း သိသာ၏။
ဟက်ကာလောကတွင် နောက်ခံအခြေအနေမှာ အရေးမကြီးဘဲ လက်ရှိအရည်အချင်းကိုသာ ကြည့်ပါသည်။ တော်ဝင်မင်းသားတစ်ဦးမှ ဟက်ကာ ဖြစ်လာသော်လည်း အရည်အချင်း မရှိပါက မည်သူမျှ အထင်ကြီး စိတ်ဝင်စားကြမည် မဟုတ်ပါ။
ထို့ကြောင့် မြောက်ပိုင်းအဖွဲ့မှ အန်ဂျလီနာမှာ လင်းချွမ်ကို စံပြပုဂ္ဂိုလ်အဖြစ် သဘောထားခြင်း ဖြစ်၏။
ဟက်ကာများအတွက် ဂုဏ်သိက္ခာပိုင်းမှာ အလွန် အရေးကြီးလှသည်။
‘လင်းချွမ် အစကတော့ အမြည်းပဲ ကျွေးမလို့ကို အခုတော့ စိတ်ပြောင်းသွားပြီ’
ကားလ် လက်သီးကိုဆုပ်လျက် လင်းချွမ်အား စိုက်ကြည့်ရင်း တွေးနေသည်။
“ကားလ် ဘာဖြစ်လို့လဲ”
ရုတ်တရက် ကျန်းရှင်းရှင်းမှ ကားလ် မူမမှန်သည်ကို တွေ့ကာ လှမ်းမေးလိုက်၏။
“နေမကောင်းတဲ့ပုံပဲ”
ကားလ် စိတ်ပြန်ထိန်း၍ ပြုံးကာ
“ဒီည ကျွန်တော့်ကောင်မလေးနဲ့ ဟော့ပေါ့ သွားစားခဲ့တာလေ။ အရမ်းစပ်လို့ ဗိုက်နည်းနည်း မကောင်း ဖြစ်နေတာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အလုပ်က ပိုအရေးကြီးတယ်လေ”
ကျန်း သူ့ကို သနားသွားကာ
“အဲ့တာဆိုလည်း သွားနားလိုက်လေ။ သူဌေးလည်း ဒီမှာ ရှိနေတာပဲ။ ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး။ သူတစ်ယောက်တည်း အေးဆေး နိုင်တယ်”
ကားလ်မှာ အနာပေါ် ဆားပက်လိုက်သကဲ့သို့ အလွန် မျက်နှာပျက်သွားသည်။
သူ့ကို အရေးမပါသလို ဆက်ဆံကာ လင်းချွမ်မှာတော့ အားလုံးကို အောင်နိုင်သကဲ့သို့ ဖြစ်၏။
ကားလ် အံကြိတ်၍ ရင်ထဲ၌ မီးတောင်ပေါက်ကွဲမလို ခံစားနေရသည်။
လင်းချွမ်နှင့် ပွဲပေါင်းများစွာ ယှဉ်ပြိုင်ရင်း အားလုံးကို အလဲထိုးပစ်ချင်လှသည်။
ထိပ်တန်းဟက်ကာတစ်ဦး၏ ဂုဏ်ကို ပြသချင်၏။
“ကားလ် ရတယ်။ အေးဆေး သွားနားပါ”
လီချင်းမှလည်း သူ့ပုခုံးကို လာပုတ်ကာ ပြောလေသည်။
“ကောင်းပါပြီ”
ကားလ် ခေါင်းငြိမ့်ပြ၍ အားလုံးကို နှုတ်ဆက်ကာ ကုမ္ပဏီမှ အမြန် ထွက်သွားတော့သည်။
ထို့နောက် ကားကို ဒုန်းစိုင်းမောင်း၍ လူရှင်းသည့် လမ်းထောင့်ရောက်မှ ရပ်လိုက်၏။
ပြီးမှ လက်တစ်ဝါးစာခန့် ကွန်ပျူတာကို ထုတ်၍ AW အဖွဲ့အား လျှို့ဝှက်ဆက်သွယ်လိုက်လေသည်။
“ကျွန်တော် ကားလ်ပါ”
AW အထက်လူကြီးမှ ချက်ချင်း စာပြန်လာ၏။
“နည်းပညာတိုက်ခိုက်မှုက အများကြီး မသက်ရောက်သေးဘူး။ ကားလ် အချက်အလက်အသစ်တွေ ဘာတွေ မရှိဘူးလား”
ကားလ်မှ ကီးဘုတ်ပေါ်တွင် လက်ချောင်းလေးများ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။
သူ့လက်ကွက်မှာ လင်းချွမ်ကိုတော့ မမှီချေ။
“အချက်အလက်အသစ်ကတော့ လင်းချွမ် ကျွန်တော်တို့ကို ပြန်တိုက်ခိုက်နေပြီ”
“ငါတို့ကို ပြန်တိုက်ခိုက်တယ်လား။ ငါတို့ မပြင်ဆင်ရသေးချိန်ကို ရုတ်တရက် တိုက်ခိုက်လိုက်တာနဲ့ အရင်တစ်ခါလို ဖြစ်မယ်များ ထင်နေလား”
ခေါင်းဆောင်မှ မထီမဲ့မြင်စွာ ပြောလေသည်။
“ဒါ သူ့ရဲ့ အကွက်ပဲလေ”
ကားလ်မှ ဆက်၍
“နောက်ပြီး သူက တော်တော် ဘဝင်မြင့်တာ။ ၇၂၀ ကုမ္ပဏီမှာဆို ကျွန်တော်တို့ AW ကို အထင်သေးသလို ပြောနေတာ”
“ပြောစမ်းပါစေ။ ဘယ်လောက်တောင် ဘဝင်မြင့်နိုင်မလဲ ကြည့်ကြသေးတာပေါ့”
“အဲ့တာကြောင့် သူ့ကို မြှောက်ပေးပြီးမှ ရိုက်ချဖို့ ဆုံးဖြတ်ထားတယ်။ AW ကဟက်ကာရဲ့ အစွမ်းကို ပြရသေးတာပေါ့”
ကားလ်မျက်နှာမှာ အလွန်တင်းမာနေသည်။
“မင်းကိုယ်တိုင် လှုပ်ရှားမလို့လား”
တစ်ဖက်မှ ပြန်မေး၏။
“ဟုတ်ပါတယ်”
“အကူအညီရော လိုသေးလား”
“မလိုပါဘူး။ ဒီတစ်ခါ AW ရဲ့ ခုခံမှုရော တန်ပြန်တိုက်ခိုက်မှုရော ကျွန်တော့်လက်ထဲမှာပဲ။ သူ စတာနဲ့ ဒီဘက်ကလည်း တုံ့ပြန်မယ်”
ကားလ် ဂရုမစိုက်သလို ပြောလိုက်သည်။
သူ လင်းချွမ်၏စကားကို ကြားပြီး အလွန်နာနေလေ၏။
“ကောင်းပြီလေ။ ခွင့်ပြုပေးလိုက်မယ်။ ဒါပေမဲ့ သေချာ ဂရုစိုက်ပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းနော်”
“နားလည်ပါပြီ”
ကားလ် ပြန်ဖြေလိုက်၏။
သူကိုယ်တိုင် AW ၏ အရေးပါသူ ဖြစ်သည့်အပြင် ဟန်မြစ်အပိုင်း၌ တာဝန်ကြီးကို ထမ်းဆောင်နေရသောကြောင့် တော်ရုံ အခွင့်ထူးများ ရရှိလေသည်။
နောက်ဆုံး AW ၏ ဆာဗာထဲ တိုက်ရိုက်ဝင်ရောက်ရင်း ကွန်ပျူတာအား စူးစိုက်၍ ကြည့်နေသည်။
မကြာမီ ကွန်ပျူတာမျက်နှာပြင်မှ အချက်ပေးချက် ပေါ်လာ၏။
သတိပေးချက်: ဆာဗာထဲ ခိုးဝင်သူ ရှိနေပါသည်။
ကားလ်မှာ ထိုစာကို တွေ့ပြီး ပိုစိတ်လှုပ်ရှားလာသည်။
“လာစမ်းပါ လင်းချွမ်ရာ”
ကားလ် ပရိုဂရမ် အားလုံးဖွင့်ကာ လင်းချွမ်၏ တိုက်ခိုက်မှုကို ခုခံနေသည်။
သူ ရရှိထားသော ထိပ်တန်းဟက်ကာ ဟူသည့် ဂုဏ်ပုဒ်မှာ အလကား မဟုတ်ပေ။
လိုအပ်သော အချက်အလက်များကို သေချာ စိစစ်၍ ကြည့်ရင်း နှာခေါင်းရှုံ့လိုက်မိ၏။
“မင်းမှာ ဒီလောက်ပဲ အစွမ်းရှိတာလား။ တခြား နည်းလမ်း မရှိတော့ဘူးလားကွ”
ကားလ်မှာ မဲ့ပြုံးလေး ပြုံးလျက် ရေရွတ်လိုက်၏။
လင်းချွမ်၏ တိုက်ခိုက်မှုမှာ ဆက်တိုက် ဖြစ်ပေါ်နေဆဲပင်။
သတိပေးချက်: ကျူးကျော်သူမှာ ကွန်ယက်ကို ဆက်လက် တိုက်ခိုက်နေပါသည်။
အနီရောင် အချက်ပေးမှု ပေါ်လာပြန်၏။
ကားလ် ပို၍ ခပ်သွက်သွက် တုံ့ပြန်လိုက်သည်။
ဤသို့ဖြင့် (၃) ကြိမ်၊ (၄) ကြိမ်၊ (၅) ကြိမ်။
လင်းချွမ်မှ (၅) ကြိမ်ဆက်တိုက် တိုက်ခိုက်နေသော်လည်း ကားလ် ခုခံနိုင်နေသေး၏။
တိုက်ပွဲမှာ အနိုင်ရရှိတော့မလို ဖြစ်လာသည်။
“ဟားဟား လှည့်ကွက်လေး ဘာလေးတောင် မရှိတော့ဘူးလား။ ငါ့ဘက်က တကယ် စတော့မှာနော်”
သူ ရေရွတ်ရင်း လက်တစ်ဖက်တည်းဖြင့် ဆက်လက် လှုပ်ရှားနေသည်။
ထိုစဉ် သတိပေးချက် ထပ်ဝင်လာ၏။
ကားလ် ချက်ချင်း ပြန်ခုခံရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက် ကွန်ပျူတာမျက်နှာပြင်၌ တစ်ချက်လက်ကာ ရင်းနှီးနေသော မြင်ကွင်းတစ်ခု ပေါ်လာတော့၏။
အလံနီ။