သူဌေးကို မှီမလား
Vol. 26 Ch. 384
“ချီးပဲ ချီးပဲ”
ကားလ်မှာ သူ့မျက်စိသူ မယုံနိုင်စွာဖြင့် ကွန်ပျူတာအား ငေးကြည့်ရင်း ဆဲဆိုနေသည်။
မျက်နှာပြင်မှ အလံနီကြောင့် သူ ရင်ထဲအထိ မွန်းကြပ်လာမိသည်။
“မဖြစ်နိုင်တာ”
ကားလ် ရလဒ်ကို လက်မခံနိုင်သေးချေ။
“လင်းချွမ်ရဲ့ (၅) ကြိမ်ဆက်တိုက် တိုက်ခိုက်မှုကိုတောင် ခုခံနိုင်ခဲ့သေးတာပဲ။ ပရိုဂရမ်တွေလည်း ကုဒ်အသစ် ပြန်ရေးနိုင်တယ်။ ဘယ်လိုလုပ် ဆာဗာထဲ ဝင်နိုင်သွားတာလဲ”
သူ့အသံမှာ တဖြည်းဖြည်း တိုးညှင်း ပျောက်ကွယ်သွားသည်။
အပြင်ဘက်တွင် ညမှာ အတော်လေး ညဉ့်နက်နေပြီး ကြယ်ရောင်များ တလက်လက် တောက်ပနေ၏။
ဆောင်းဦးလေညင်းမှာ ခပ်စိမ့်စိမ့် တိုက်ခိုက်နေပြီး အင်းဆက်များ၏အသံကို မကြာခဏ ကြားရလေသည်။
ဘေးမှ ဖြတ်သွားဖြတ်လာကားအချို့၏ အသံကြောင့်သာ တိတ်ဆိတ်မှုကို ဖြိုခွင်းနိုင်၏။
သူ အတွေးလွန်နေစဉ် ကွန်ပျူတာလေးမှ ရုတ်တရက် တဂျစ်ဂျစ် အသံများ ထွက်လာသည်။
မျက်နှာပြင်မှ အလံနီလည်း မည်း၍ ပျောက်ကွယ်သွားသည်။
ထို့နောက် ဆက်၍ ပေါင်ပေါ်တွင် ပူလာပြီး ကွန်ပျူတာမှ အငွေ့များ ထွက်လာသောကြောင့် ကားလ် အလန့်တကြားဖြင့် ကားမှန်များ ချလိုက်ရ၏။
သူ့ကွန်ပျူတာ ပျက်စီးသွားလေပြီ။
သူ့ဦးနှောက်ထဲ၌ လုံးဝဗလာ ဖြစ်နေ၏။
ကားလ် ဒေါသတကြီးဖြင့် ကားလက်ကိုင်အား ထုလိုက်သည်။ ထိုနာကျင်မှုကို ခံစားရသော်လည်း အဖြစ်အပျက်ကို မယုံကြည်နိုင်သေးချေ။
ဘယ်နားမှစ၍ မှားသွားသနည်း။
တီ တီ တီ…
ထိုစဉ် ဖုန်းမြည်သံတစ်ခုမှ တိတ်ဆိတ်မှုကို ဖြိုခွင်းသွား၏။
သူ လှမ်းကြည့်လိုက်သောအခါ AW အဖွဲ့မှ ဖြစ်လေသည်။
ဟူး…
ကားလ် သက်ပြင်းချ၍ ဖုန်းကိုင်လိုက်၏။
“အလံနီ ပေါ်လာပြန်ပြီ။ ဘယ်လိုဖြစ်သွားလဲ သိလိုက်လား”
တစ်ဖက်မှ လူငယ်တစ်ယောက်၏ အလောတကြီးအသံ ထွက်လာသည်။
“အခုပဲ ၇၂၀ ကုမ္ပဏီကို တိုက်ခိုက်နေတဲ့ ကွန်ပျူတာတွေ ဆာဗာကြပြီး လောင်ကုန်ပြီ။ အစ်ကိုရော အဆင်ပြေရဲ့လား”
“ပြေပါတယ်။ ငါက ဘာဖြစ်ရမှာလဲ”
ကားလ် မကျေမနပ် ပြန်ပြောလိုက်၏။
“ဒီအတိုင်း မေးကြည့်ရုံပါ”
“ကွန်ပျူတာတွေ လောင်ရတဲ့အကြောင်းကိုရော သိရပြီလား”
ကားလ် စိတ်တည်ငြိမ်အောင် ထိန်းပြီးမှ ပြောလိုက်သည်။
“အခုချက်ချင်း အကူအဖွဲ့ကနေ စစ်ဆေးနေပါပြီ။ မကြာခင် သိရပါလိမ့်မယ်”
ခဏအကြာတွင်။
“အစ်ကို အခြေအနေ သိရပါပြီ။ ရုတ်တရက် ဗိုင်းရပ်စ် အရမ်းတက်သွားလို့ CPU မနိုင်တော့တာပါ”
“နားလည်ပြီ”
ကားလ် မျက်နှာပျက်လျက် ပြော၏။
“ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲဟင်”
ကားလ် ခဏစဉ်းစားပြီးမှ
“ပထမဆုံး အချက်အလက်တွေစုပြီး အခြေအနေ သုံးသပ်ပြီး။ သူ ငါတို့အကာအကွယ်ကို ဘယ်လိုမျိုး ချိုးဖောက်သွားလဲဆိုတာ”
“နားလည်ပါပြီ။ အချိန် (၂) ရက်လောက်ပဲ ပေးပါ”
ထိုစဉ် ကားလ်မှ
“ထားလိုက်တော့။ မလုပ်နဲ့”
“ဘာလို့လဲ အစ်ကို”
လူငယ်လေးမှ နားမလည်နိုင်စွာ ပြန်မေး၏။
“အများကြီး မသိချင်နဲ့။ ကျန်တာ ငါ ဆက်လုပ်လိုက်မယ်”
ထို့နောက် ဖုန်းချလိုက်ကြသည်။
ထို့နောက် ကားလ် လီချင်းအား စာပို့လိုက်၏။
“ဒါရိုက်တာလီ ကျွန်တော် ဆေးသောက်ပြီးလို့ တော်တော် သက်သာသွားပြီ။ အခု ကုမ္ပဏီ ပြန်လာပြီး ကူညီပေးမယ်နော်”
လီချင်းမှ
“ကားလ် စစ်ဆင်ရေးက ပြီးတောင် ပြီးသွားပြီ”
“ပြီးသွားပြီလား”
ကားလ် မသိချင်ယောင်ဆောင်၍ ပြော၏။
“နှမျောလိုက်တာ။ ကားလ် သူဌေးရဲ့ အရည်အချင်းကို ကိုယ်တိုင် မကြည့်လိုက်ရဘူး”
လီချင်းမှာ လင်းချွမ်အား ချီးမြှောက်ပြောဆိုနေသည်။
“သူဌေးက အဲ့လောက်တောင် တော်တာလား။ ဟိုဘက်က ထိပ်တန်းဟက်ကာ မဟုတ်ဘူးလား”
“သူဌေးထက်တော့ တော်နိုင်ဦးမလား”
လီချင်း အားရဝမ်းသာ ပြောလေ၏။
“တကယ် နှမျောစရာပဲ”
ကားလ် ဟန်ဆောင်ကာ စာဆက်ပို့နေသည်။
“ဒါရိုက်တာလီ သူဌေးက ဟိုဘက်ကို ဘယ်လို တိုက်ခိုက်လိုက်တာလဲဟင်။ ကျွန်တော် အရမ်း သိချင်သွားပြီ”
“ပြောပြလိုက်ရင် သူဌေးရဲ့ အမာခံပရိသတ် ဖြစ်သွားလောက်မှာနော်”
“ဟားဟား အခုတည်းကတောင် ဖြစ်နေပါပြီဗျာ”
ကား ရင်ထဲတွင်တော့ ဗလောင်ဆူနေ၏။
ငါ့လို ထိပ်တန်းဟက်က (၁၀) ယောက်ထဲပါတဲ့သူက သူ့ပရိသတ် ဖြစ်စရာလား။
ကားလ်မှာ လင်းချွမ်ကို မမှီသည်အား လက်မခံနိုင်သေးချေ။
လီချင်းမှ
“ကားလ်ရယ် သူဌေးရဲ့ လုပ်ငန်းစဉ်က ဒီအတိုင်း ပြောဖို့ ခက်တယ်။ မနက်ဖြန် ရုံးမှာတွေ့မှ အသေးစိတ် ပြောပြမယ်လေ”
“ဟုတ်ကဲ့ ကောင်းပါပြီဗျာ”
ကားလ်မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် မကျေမနပ် ကျန်ခဲ့၏။
လင်းချွမ်မှာတော့ ဝမ်းသာပျော်ရွှင်နေလေသည်။
“တော်သေးတာပေါ့။ ပုံရိပ်ယောင်လောကမှာ အတွေ့အကြုံ ရှိထားလို့”
သူ ခုံတွင် အေးဆေးမှီ၍ ထိုင်နေရင်း စာတစ်စောင် ဝင်လာသည်။
“အိုင်ဒေါလ် ပွဲက အရင်တစ်ခါထက်တောင် မြန်မြန် ပြီးသွားပါလား”
လင်းချွမ် ခပ်အေးအေးဖြင့်
“အရင်တစ်ခါက ပြင်ဆင်ချိန် မရလိုက်လို့လေ။ ဒီတစ်ခါ သက်ရောက်မှုက ပိုကောင်းသွားတယ်”
“ရှင့်ဝတ္ထုထဲ ထည့်မရေးတဲ့ ဝှက်ဖဲတွေ ရှိနေတာပဲ”
လင်းချွမ် ရယ်မော၍
“ဆရာစားတော့ ချန်ရတာပေါ့ဗျာ”
“ဒါဆို ကျွန်မ ရှင့်ဆီမှာ တပည့်ခံရင်ရော”
အန်ဂျလီနာမှ ရုတ်တရက် တောင်းဆိုလာ၏။
လင်းချွမ် အံ့ဩသွားပြီး
“မင်းက မြောက်ပိုင်းအဖွဲ့ရဲ့ အရေးပါတဲ့သူ ဖြစ်နေပြီလေ။ ဆရာလိုသေးလို့လား”
“ကျွန်မ တကယ် ပြောနေတာ”
“ဒါပေမဲ့ နေတဲ့နေရာလည်း မတူတော့ အများကြီး သင်ပေးဖို့ မလွယ်ဘူးနော်”
“ဒါဆို ကျွန်မ ဟန်မြစ်အပိုင်းဘက် လာခဲ့မယ်လေ”
“မင်းရာထူးနဲ့ လာလို့ဖြစ်ပါ့မလား”
“ကျွန်မက တရားမဝင်အဖွဲ့ကမှ မဟုတ်တာ။ ဘာလို့ မရရမှာလဲ”
သူ နှုတ်ခမ်းလေးစူ၍ ပြန်ပြော၏။
“ကောင်းပါပြီဗျာ။ လာရင် သင်ပေးမှာပေါ့”
“ကတိပေးပြီးပြီနော်”
“ဟိုဘက်မှာ အလုပ်ရှုပ်နေတာနဲ့ လာနိုင်မယ် မထင်ပါဘူး”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
…
နောက်တစ်နေ့နံနက်။
ကျုံချန်းအဆောက်အဦအောက်တွင်။
လင်းချွမ် ကားပေါ်မှ ဆင်းလာသည်နှင့် နူးညံ့သော မွှေးရနံ့ကို ခံစားမိပြီး အဝါနုရောင် ဂါဝန်ဖြင့် ရှချင်းချင်းအား တွေ့ရ၏။
“ချင်းချင်း”
သူ လှမ်းနှုတ်ဆက်လိုက်သည်။
“ဒါရိုက်တာလင်း မနေ့ညက အောင်ပွဲဆို”
“သတင်းတောင် ရထားပြီလား”
လင်းချွမ် အံ့ဩသွား၏။
“ကျွန်မတို့ တာဝန်ကျနေတုန်း ပွဲဲကို တွေ့လိုက်တာလေ”
“ဟားဟား ဂရုစိုက်ပေးတာ ကျေးဇူးပါဗျာ”
“ဒါနဲ့ ရှင် ကျားဖြန့်စက်ရုံကို မှတ်မိသေးလား”
သူတို့ ဓာတ်လှေကားဖြင့် တက်လာရင်း စကားဆက်ပြောကြ၏။
“အဲ့တာ ပျက်စီးသွားပြီ မဟုတ်ဘူးလား”
“ဟုတ်တော့ ဟုတ်တယ်။ သူတို့ဆီက ခေါင်းဆောင်ပေါင်ရော မှတ်မိလား”
“သိတာပေါ့ဗျာ”
“သူတို့နောက်ကွယ်မှာ ပိုင်ရှန်အုပ်စုဆိုတာ ရှိတယ်တဲ့”