← Chapters

သတိထားပါ

Vol. 26 Ch. 381

သတိထားပါ

Vol. 26 Ch. 381

“ထိုင်ပါဦး”

လင်းချွမ် လက်ပြလိုက်သည်။ 

ကျန်းမှာ သူ့ကို သူဌေးကတော်ဟု ခေါ်လာသောကြောင့် ကားလ်အား မြင်မြင်ချင်း သဘောကျသွား၏။ 

ကျန်းရှင်းရှင်းမှာ လင်းချွမ်၏ ကိုယ်ပိုင် အတွင်းရေးမှူး ဖြစ်ပြီး အခြား အပိုဆောင်ရွက်ပေးမည့်သူ မရှိသောကြောင့် လက်ဖက်ရည်ဖျော်၍ ဂရုစိုက်ပေးရန်မှာ လီချင်း တာဝန် ဖြစ်လာသည်။ 

လီချင်း လင်းချွမ်၊ ကျန်းရှင်းရှင်းနှင့် ကားလ်တို့အတွက် လက်ဖက်ရည် ငှဲ့ပေးသောအခါ လင်းချွမ် လက်ဖက်ရည်တစ်ကျိုက်သောက်၍

“ကားလ် လက်ဖက်ရည် သောက်တတ်လား”

ကားလ်မှ ပြုံး၍

“ကျွန်တော် တောင်ပိုင်းဘက်မှာတုန်းက လက်ထောက် ဒါရိုက်တာတုနဲ့ ခဏခဏ သောက်ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း သူ ထွက်သွားပြီးတော့ မသောက်ဖြစ်တာ ကြာပြီ”

“ကျွန်တော်တို့ရုံးက လက်ဖက်ရည်ကို သောက်ကြည့်လိုက်။ လုံးဝ ရှယ်ပဲ”

လင်းချွမ် ပြုံး၍ ပြောလိုက်၏။ 

“ဟုတ်ကဲ့ပါ”

ကားလ်ပြုံးလျက် လက်ဖက်ရည်ခွက်အား လှမ်းယူကာ သောက်လိုက်လေသည်။ 

“အရင်က ဟန်မြစ်အပိုင်းလို မြို့ကြီးမှာ နေခဲ့ပြီးတော့ အခုမှ အန်လင်းလို မြို့ငယ်လေးဆီ ဘယ်လို ရောက်လာတာလဲ”

လင်းချွမ် စိတ်ဝင်တစား မေးလိုက်၏။ 

ကားလ်မှ လက်ဖက်ရည်ခွက် ပြန်ချကာ 

“မနေ့ညက ဒါရိုက်တာလီနဲ့တော့ စကား တော်တော် ပြောဖြစ်သေးတယ်။ ကျွန်တော်က တောင်ပိုင်းအဖွဲ့ရဲ့ နည်းပညာဒါရိုက်တာ ကျောက်ဆန်းချီနဲ့ ပြဿနာ တက်ပြီး အလုပ်ထွက်လာတာလေ။ ဒါပေမဲ့ ဒါရိုက်တာလီကို မပြောရသေးတဲ့ နောက်ထပ် အကြောင်းအရင်း ရှိသေးတယ်”

“ဟင်”

လင်းချွမ် စိတ်ဝင်စားမိသွား၏။ 

“အမှန်တော့ ကျွန်တော် အန်လင်းမှာ ချစ်သူ ရှိပါတယ်။ အန်လင်းက ရိုးရာအကအဖွဲ့ထဲကပေါ့။ ဒီကိုလာတာ သူနဲ့ ခဏခဏတွေ့ဖို့လည်း ပါတယ်”

ကားလ်မှ ခံစားချက်အပြည့်ဖြင့် ပြောလေသည်။ 

လင်းချွမ် ခေါင်းငြိမ့်ပြလိုက်၏။ 

ထိုသို့ နားလည်မှု ရရှိပြီးနောက် အလုပ်ကိစ္စများ ဆက်ပြောကြတော့သည်။ 

ကားလ်၏ နည်းပညာ အရည်အချင်းမှာ အတော်လေး ကောင်းမွန်ပါသည်။ 

လင်းချွမ် သူနှင့် စကားခဏပြောကြည့်ရုံဖြင့် သဘောပေါက်သွား၏။ 

သူတို့ စဉ်းစားနေဆဲ အချို့အချက်များကိုပင် ဖြေရှင်းပေးသွားသေးသည်။ 

ထို့ကြောင့် နည်းပညာဒါရိုက်တာ ရာထူးထက်ပင် ပို၍ အရည်အချင်း ပြည့်မီလေသည်။ 

ထို့နောက် လီချင်းမှ ကားလ်အား HR ရုံးခန်းထံ ခေါ်သွားပြီး လိုအပ်သော ကိစ္စများ ဆက်၍ ဆောင်ရွက်ပေး၏။ 

ရုံးခန်းထဲတွင် လင်းချွမ်နှင့် ရှင်းရှင်းတို့သာ ကျန်ခဲ့သည်။ 

ရှင်းရှင်းမှ

“ကားလ်က တကယ် တော်တဲ့ပုံပဲနော်”

“ဟုတ်ပါ့”

လင်းချွမ်မှ ထောက်ခံမိသည်။ 

အမှန်ပင် ဒါရိုက်တာအဆင့်မက တော်ပါသည်။ 

သို့သော် လင်းချွမ် တံခါးဘက်သို့ ငေးကြည့်နေ၏။ 

“ဘာလို့လဲ”

ကျန်းမှ သတိထားမိကာ ထမေးလိုက်သည်။ 

လင်းချွမ် ပြုံး၍

“ဘာမှ မဟုတ်ပါဘူး။ ဒါရိုက်တာတွေနဲ့ လက်ထောက်ဒါရိုက်တာတွေ အလုပ်ထဲမှာ ဘယ်လို ပြဿနာတက်ကြလဲလို့”

“ရှင်က အတင်းပြောချင်နေတာလား”

ကျန်းပြုံး၍ မေးလိုက်၏။ 

“ကို့အနေနဲ့ ရုံးတွင်းဝတ္ထု ရေးဖြစ်ရင်တောင် ပြဿနာက ရိုးရိုးကြီးတွေ ဖြစ်နေလောက်မလားလို့”

လင်းချွမ် ရယ်မော၍ ပြောမိသည်။ 

ကျန်းမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံရင်း

“ဟုတ်တယ်နော်။ ကျွန်မတို့ကုမ္ပဏီက အရမ်း စည်းလုံးတော့ ဘာပြဿနာမှ မရှိဘူး။ ဒါပေမဲ့ ရိုးရာအကအဖွဲ့ထဲက မိန်းကလေးနဲ့ ဘယ်လိုတွဲဖြစ်သွားလဲတော့ စိတ်ဝင်စားတယ်”

နှစ်ယောက်သား နားမလည်နိုင်စွာ ပြုံးလိုက်မိသည်။ 

ထို့နောက် အရမ်းမတွေးတော့ဘဲ လင်းချွမ် အပေါ်ထပ်ရှိ လင်းယုန် နည်းပညာရုံးသို့ တက်ကာ လက်နက် ထုတ်လုပ်ရေးအတွက် ဆက်အာရုံစိုက်လိုက်၏။ 

အရေးကြီးသော ပုံကြမ်းနှင့် အစိတ်အပိုင်းများအားလုံး အဆင်သင့် ဖြစ်နေလေပြီ။ ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့အတွက် အလုပ်လည်း အရမ်းမများတော့။ 

ထို့ကြောင့် လင်းချွမ်မှာ မော်ဂန်အုပ်စု၏ လူးကပ်စ် အကြောင်းကို အချိန်ပေး၍ စုံစမ်းနေ၏။ 

ထိုညတည်းက သူ လူးကပ်စ်မှ စဖြိုခွင်းရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။ 

သို့သော် လူးကပ်စ်သည် ရာထူးကြီးသည့်ထဲ ပါပြီး တော်ရုံ လူရှေ့မထွက်သောကြောင့် မည်သို့မျှ ခြေရာခံမရ ဖြစ်နေ၏။ 

ဟားစ်စစ်တပ်ထံမှလည်း မော်ဂန်အုပ်စုအကြောင်း မမေးနိုင်ပေ။ 

နယ်ပယ်စည်းမျဉ်းများ ရှိနေသေးလေသည်။ 

လင်းချွမ် မြောက်ပိုင်းအဖွဲ့မှ တစ်ခါမှ မတွေ့ဖူးသေးသည့် ဟက်ကာပရိသတ်လေး အန်ဂျလီနာကို သတိရသွားသည်။ 

“အိုင်ဒေါလ် ကျွန်မတို့ စိတ်ချင်းဆက်နေတာလား မသိဘူး”

အန်ဂျလီနာမှ ချက်ချင်း စာပြန်လာ၏။ 

လင်းချွမ် စာအမြန်ပြန်ပို့လိုက်သည်။ 

“မင်းရော ကျွန်တော့်ကို ပြောစရာရှိလို့လား”

“ဟုတ်တယ်။ ရှင်ရော ဘာပြောမလို့လဲ”

“လူတစ်ယောက်အကြောင်း စုံစမ်းချင်လို့ပါ”

အန်ဂျလီနာမှာ သူ့စံပြပုဂ္ဂိုလ်၏ အကူအညီတောင်းခြင်းကို ခံရ၍ အလွန်ဝမ်းသာသွားလေသည်။ 

“ပြောလေ”

“လူးကပ်စ်အကြောင်း ရှာချင်တာ”

“မော်ဂန်အုပ်စုက လူးကပ်စ်လား”

အန်ဂျလီနာ အံ့ဩစွာ ပြောလိုက်၏။ 

“သူ့ကို သိတာလား”

လင်းချွမ် ရင်ထဲ၌ မျှော်လင့်ချက်များ မြင့်တက်လာသည်။ 

အဖြေရရှိရန် လမ်းစတွေ့လေပြီ။ 

အန်ဂျလီနာမှ

“လူကိုတော့ မသိပါဘူး။ မော်ဂန်အုပ်စု အာရှ-ပစိဖိတ် ရုံးခွဲရဲ့ ခေါင်းဆောင်ဆိုတာပဲ သိတာ။ အချက်အလက်တွေကလည်း ဝေဝေဝါးဝါးပဲ”

“သူ့အကြောင်း ရှာလို့ ရနိုင်လား”

လင်းချွမ်မှ ထပ်မေးလိုက်၏။ 

“သူ့လိုလူတွေက အရမ်းလျှို့ဝှက်တာ။ တရားမဝင် ဝက်ဘ်ဆိုဒ်မှာတောင် အချက်အလက် ပြန်ရောင်းရဲတဲ့သူ ရှားတယ်။ အန္တရာယ်များလို့လေ”

လင်းချွမ် သူ့စာကိုဖတ်ကာ သက်ပြင်းချလိုက်မိသည်။ 

“ဒါပေမဲ့ လုံးဝ နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး”

အန်ဂျလီနာမှ စာထပ်ပို့လာ၏။ 

“ဘယ်လိုမျိုးလဲ”

လင်းချွမ် စိတ်လှုပ်ရှားလာပြန်သည်။ 

“သူတို့က စီးပွါးရေးလုပ်နေတာလေ။ သူတို့နယ်ပယ်ထဲ ဝင်ပြီး ရှင့်အရည်အချင်းတွေ ပြနိုင်ရင် ရှာလို့ရမှာပါ”

လင်းချွမ် ခဏစဉ်းစား၍

“ဒီအကြံ မဆိုးဘူးပဲ။ ကျွန်တော် စမ်းကြည့်လိုက်မယ်။ ဒါနဲ့ ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ”

“ရှင် အများကြီး ဂရုစိုက်ရမယ်နော်”

အန်ဂျလီနာမှာ စိုးရိမ်စွာ ပြောလိုက်၏။ 

“ဘာလို့ အဲ့လိုပြောတာလဲ”

လင်းချွမ် မျက်မှောင်ကြုတ်သွားသည်။ 

“ရှင့်ကို သိနေပြီလေ”

“ဘာကိုပြောချင်တာလဲ”

သူ နားမလည်နိုင်ပေ။ 

“AW ဟက်ကာအဖွဲ့တော့ သိတယ်မလား”

“ရန်သူဟောင်းကြီးပေါ့”

လင်းချွမ် ခပ်အေးအေး ပြန်ဖြေ၏။ 

“သူတို့အဖွဲ့ထဲမှာ ရှင့်ကို ဟန်မြစ်အပိုင်း တိုက်ခိုက်မှုက ထူးဆန်းတဲ့လူဆိုတာ သိသွားကြပြီ”

အန်ဂျလီနာ အရေးကြီးအချက်အလက်ကို ပြောပြလိုက်၏။ 

“ကျွန်တော့်ကို လက်စားချေကြမယ်ပေါ့”

လင်းချွမ် မျက်မှောင်ပြန်ကြုတ်သွား၏။ 

“အသေးစိတ်တော့ မသိပေမဲ့ ကျွန်မ ကြားဖူးသလောက် သူတို့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ ရှင့်ကုမ္ပဏီကို ဒါမှမဟုတ် ရှင့်ကို တိုက်ရိုက် ဖျက်ဆီးလိမ့်မယ်”

အန်ဂျလီနာမှ သူ့အမြင်ကို ပြောပြလိုက်သည်။ 

လင်းချွမ် မဲ့ပြုံးပြုံးမိ၏။ 

မော်ဂန်အုပ်စုပင် မရှင်းရသေးသည်ကို နောက်ထပ် လူဆိုးအဖွဲ့ ပေါ်လာပြန်သည်။ 

တစ်ဖက်တွင် အန်ဂျလီနာမှာ ခုံကိုမှီလျက် ပြုံးကာ

“အိုင်ဒေါလ် မေ့နေပြီလား။ မြောက်ပိုင်းအဖွဲ့က ဘာလို့ နာမည်ကြီးတာလဲ”

လင်းချွမ် နေရခက်စွာဖြင့် လက်မပုံ ပို့ပေးလိုက်သည်။ 

အန်ဂျလီနာမှ

“ကျွန်မ အခု AW ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထားလိုက်မယ်။ ရှင့်ကို ထိဖို့ပြင်တာနဲ့ ချက်ချင်း အကြောင်းကြားမယ်လေ”

“ကျေးဇူးပါဗျာ”

“ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။ ရှင့်ကို မထိခိုက်စေချင်ရုံပါ”

လင်းချွမ်လည်း ပြုံးလျက်

“မစိုးရိမ်ပါနဲ့။ ဘာမှ မဖြစ်စေရပါဘူး”

AW ၏ တိုက်ခိုက်မှုမှာ နည်းပညာပိုင်းသာ ဖြစ်နိုင်ပြီး လင်းချွမ်၏ အကာအကွယ်များကို လုံးဝ ကျော်နိုင်မည် မဟုတ်ပါ။ 

လင်းချွမ် စဉ်းစားရင်း ထိုင်နေစဉ်

“သူဌေး ဒုက္ခရောက်ပြီ”

ကျန်းရှင်းရှင်း၏ အလောတကြီး ပြောသံလေးကို ကြားလိုက်ရလေသည်။ 

All Chapters