← Chapters

ထောင်ကျဖို့ကံ ပါတာလား

Vol. 27 Ch. 393

ထောင်ကျဖို့ကံ ပါတာလား

Vol. 27 Ch. 393

အန်လင်း တရားရုံး။  

ခန်းမကြီးတစ်ဖက်ခြမ်းရှိ ဆွေးနွေးခန်းထဲတွင် ရှန်ချန်းချန်းမှာ လင်းချွမ်အား လှပသော အမူအရာလေးဖြင့် နားမလည်နိုင်စွာ ကြည့်နေ၏။ 

“ကျွန်မ ဒီမနက်ပဲ စစ်ဆေးပြီးပြီ။ ဘာမှ ထူးခြားတာ မရှိဘူး”

သစ်ပင်များ ခပ်ကြမ်းကြမ်း ယိမ်းနွဲ့လိုက်သောအခါ သစ်ရွက်များ ကြွေကျလာလေသည်။ 

လင်းချွမ် ရေတစ်ငုံသောက်၍ ပြုံးကာ

“ကျွန်တော့်ဆီကို ဒီနေ့မှ ဆင့်ခေါ်စာ ရောက်လာတာလေ။ ဒီတော့ သူတို့ အရင်ရက်ပိုင်းတည်းက တရားစွဲပြီး အန်လင်းရုံးကို ပို့လိုက်လို့ပေါ့။ အဲ့တာဆို ဒီ (၂) ရက်အတွင်း ပြည်သူလူထုအမြင်က အရေးအကြီးဆုံးပဲ”

ရှန်ချန်းချန်း အံ့ဩစွာဖြင့်

“ကျွန်မ စစ်ကြည့်လိုက်ဦးမယ်”

ထို့နောက် သူ့ဖုန်းကိုထုတ်၍ သတင်းခေါင်းစဉ်များ ဖွင့်ဖတ်လိုက်၏။ 

ထိပ်ဆုံးတွင် ပြည်တွင်းပြည်ပမှ နာမည်ကြီး သတင်းများသာ နေရာယူထားသည်။ 

>စတုတ္ထမြောက် လေယာဉ်သယ်ဆောင်ရေးစနစ် အမည်ပေးခြင်း

>နာမည် (၄) လုံးဖြင့် မင်းသား ချစ်သူရနေ

>အရှေ့အလယ်ပိုင်းမှ စစ်ပွဲများ

>မြောက်ပိုင်း အထူးအေးဂျင့်၏ အချက်အလက် ပေါက်ကြားခြင်း

>မိတ်ဆွေ၏ မသင့်တော်သောဗီဒီယိုဖိုင် ဖြန့်မှုဖြင့် အမျိုးသားတစ်ဦး ထိန်းသိမ်းခံရ

…

“မတွေ့ပါဘူး”

ရှန်ချန်းချန်း ရေရွတ်ရင်း ဖုန်းမျက်နှာပြင်ကို အောက်အထိ ဆက်ဆွဲချနေ၏။ 

ထိုစဉ် ရုတ်တရက်။ 

ရင်းနှီးနေသော စကားလုံးအချို့ တွေ့လိုက်ရသည်။ 

အွန်လိုင်းစာရေးဆရာ။ 

ရှန်ချန်းချန်း အာရုံစိုက်ကာ မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေ၏။ 

သတင်းမှာ ‘အွန်လိုင်းစာရေးဆရာတစ်ဦးမှ စစ်လက်နက် ပစ္စည်းပေါင်း (၃၀၀) ကျော် ခိုးကူးထုတ်လုပ်ကာ (၃၀) ဘီလီယံ လျော်ကြေးပေးရန်ရှိနေ’

“တွေ့ပြီ။ ရှင်ပြောတာ မှန်တယ်”

ရှန်ချန်းချန်း လင်းချွမ်အား သူ့ဖုန်းကို လှမ်းပြလိုက်သည်။ 

လင်းချွမ် တစ်ချက်ကြည့်၍ ခေါင်းငြိမ့်ပြကာ

“ထင်တဲ့အတိုင်းပဲ။ မကြာခင် လူတွေသိအောင် လုပ်လိမ့်မယ်။ ဒီလို ရှာနေရင်းနဲ့ ပြည်တွင်းမီဒီယာတွေမှာ ခဏခဏပေါ်ပြီး နာမည်ပိုကြီးလာမှာ”

ရှန်ချန်းချန်း သက်ပြင်းချမိ၏။ 

လင်းချွမ်အကြောင်း ရှာဖွေမှုမှာ တစ်ခဏအတွင်း ရုတ်တရက် (၅) သိန်းမှ (၈) သိန်းအထိ တိုးတက်သွားသည်။ 

မကြာမီ ထိပ်ဆုံးအထိ ရောက်သွားနိုင်၏။ 

“ဘာတွေပြောနေကြလဲ ကြည့်လိုက်ဦးမယ်”

ရှန်ချန်းချန်း စိတ်ဝင်တစားဖြင့် အသေးစိတ်ကို ဝင်ကြည့်လိုက်သည်။ 

စာထဲတွင်-

“သတင်းထူး။ အရှေ့တောင်အာရှမှ နာမည်ကြီးလက်နက်ကုမ္ပဏီ ဆာနီယာသည် အွန်လိုင်းစာရေးဆရာတစ်ဦးအပေါ် ထိုသူ၏ ပြည်မနိုင်ငံ၌ စစ်လက်နက် နည်းပညာ (၃၀၀) ကျော် ခိုးယူမှုဖြင့် လျော်ကြေး (၃၀) ဘီလီယံအထိ ပေးဆောင်ရန် တရားစွဲထားပါသည်။”

စာအောက်တွင် ဆာနီယာကုမ္ပဏီမှ ဆိုရှယ်မီဒီယာ၌ တရားဝင်ကြေညာစာဓာတ်ပုံနှင့် ကောမန့်အချို့ကို တွေ့ရ၏။ 

ကောမန့်ထဲတွင် ဝေဖန်ရေးထက် နားမလည်နိုင်သော ‘???’ ပုံများသာ ရေးထားကြသည်။ 

အမှန်ပင် အံ့ဩ၍ နားမလည်နိုင်ကြပေ။ 

[ဆာနီယာလက်နက်ကုမ္ပဏီက ထားလိုက်ပါတော့။ ဒါပေမဲ့ အွန်လိုင်းစာရေးဆရာကတောင် အထာကျကျ ပိုရေးနိုင်ဦးမယ်]

[စာတွေက ပြွတ်သိပ်ပြီး တစ်လုံးချင်းကို သိပေမဲ့ အားလုံးရဲ့အဓိပ္ပာယ်ကို မပြန်တတ်တော့ဘူး။ အဲ့တော့ ဘာအကြောင်း ပြောချင်နေတာလဲ။ ဉာဏ်ရည် ၂၀၀ ရှိတဲ့သူတစ်ယောက်လောက် ရှင်းပြပေးကြပါ]

[နေကြပါဦး။ အဲ့တာ ဘယ်အွန်လိုင်းစာရေးဆရာလဲ]

[လောကကြီးက ငါ့ကိုတော့ ဂရုမစိုက်ကြဘူး]

[အွန်လိုင်းစာရေးဆရာတစ်ယောက်က လက်နက် နည်းပညာတွေခိုးလို့ (၃၀) ဘီလီယံ လျော်ရမယ်လား]

[ဒီလောက် အရည်အချင်းရှိနေတာကို ဘာလို့ ဝတ္ထုရေးနေသေးတာလဲ]

[စာရေးဆရာတစ်ယောက်အတွက် ဂုဏ်အယူရဆုံးအချိန်ပဲ]

[ဘယ်လောက်တောင် အံ့ဩစရာကောင်းတာကို လုပ်ခဲ့တာလဲ]

[အွန်လိုင်းစာရေးဆရာက ဘယ်လိုလုပ် နည်းပညာ ခိုးရတာလဲ။ သေချာရှင်းပြကြပါဦး]

[တကယ်သာ အမှန်ဆိုရင် ထောင် ဘယ်နှစ်နှစ်တောင် ကျမှာလဲ]

…

အဟက်!

ရှန်ချန်းချန်း ရုတ်တရက် မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိ၏။ ပြီးမှ ကာယကံရှင်ဘေးတွင် ရှိနေသည်အား သတိရသွားပြီး စိတ်ပြန်ထိန်းလိုက်သည်။ 

ဆွေးနွေးခန်းထဲ၌။ 

လင်းချွမ်နဖူးကြောများ ထောင်လျက် ရှုံ့မဲ့ကာ

“ပရော်ဖက်ရှင်နယ်မဆန်လိုက်တာဗျာ”

“စာတွေက အရမ်းရယ်ရလို့ပါ။ မထိန်းနိုင်တော့ဘဲ”

ရှန်ချန်းချန်း အပေါ်နှုတ်ခမ်းကို အတင်းကိုက်လျက် ထိန်းနေရင်း ပြောလိုက်သည်။ 

“ကောမန့်တွေက ရယ်ရတာမဟုတ်ဘူး။ ချန်းချန်းကိုက အရယ်သန်နေတာ”

လင်းချွမ် မကျေမနပ် ပြောလိုက်သည်။ 

ရှန်ချန်းချန်း လင်းချွမ်အား လှည့်ကြည့်၍

“ကောမန့်က မရယ်ရရင်တောင် ပြောတဲ့သူတွေက ရယ်ရတယ်”

လင်းချွမ် နဖူးကြောဖိလျက်

“မင်းလည်း ရူးသွားပြီကိုး။ ကျွန်တော် ထောင်ကျရင် ချန်းချန်းနာမည်ပါ ထည့်ပြောမှာနော်။ လက်နက် တပ်ဆင်ရေးမှာ ကူညီခဲ့တယ်လို့။ လုံးဝ မိတ်ဖက်ပဲလို့”

“အဲ့တော့ ကျွန်မက ရဲစခန်းမှာ အတူလိုက်ထိုင်ပေးရမယ်ပေါ့လေ”

ရှန်ချန်းချန်း သူ့ကိုကြည့်ကာ ပြန်ပြော၏။ 

လင်းချွမ် ရုတ်တရက် ရှန်ချန်းချန်းနဖူးကိုစမ်း၍ အပူချိန်မရှိသောကြောင့် ပုံမှန်ဟု သတ်မှတ်နိုင်ပါသည်။ 

“ပြောတော့ တရားဝင် ရဲဝန်ထမ်းဆိုပြီး။ ရဲစခန်းမှာ ယောက်ျားလေးနဲ့ မိန်းကလေး ခွဲထားတာ မသိဘူးလား”

“ဒါဆိုလည်း ထားလိုက်တော့”

ရှန်ချန်းချန်း နှုတ်ခမ်းလေးစူလျက်

“ဒါဆိုလည်း မလိုက်ပေးတော့ဘူး။ ရှင်းရှင်းတို့၊ ချင်းချင်းတို့နဲ့ပဲ အပြင်မှာ စောင့်တော့မယ်”

“ကျွန်တော်ကို တကယ်ကြီး ရဲစခန်းမှာ ရှိစေချင်လို့လား”

လင်းချွမ်မှ ပြန်မေးလိုက်၏။ 

“ဘယ်လို ထင်လို့လဲ”

ရှန်ချန်းချန်းမျက်လုံးလေးများ တောက်လျက် ပြန်စလိုက်၏။ 

လင်းချွမ် နှာခေါင်းရှုံ့ရုံသာ တတ်နိုင်ပါသည်။ 

မိတ်ဆွေဆိုတဲ့သူတွေက အရမ်း အဖမ်းခံရစေချင်နေတာပဲ။ 

သူကိုယ်တိုင် မဖမ်းနိုင်တော့ တခြားလူဖမ်းဖို့ မျှော်လင့်နေတာ ထင်တယ်။ 

ငါကလည်း ထောင်ကျဖို့ကံကို ပါနေတာလား။ 

“ဟုတ်ပါပြီ။ အတည်ပြောကြမယ်”

ရှန်ချန်းချန်း ကိုယ်လေးမတ်၍ လေးနက်စွာ ကြည့်နေ၏။ 

လင်းချွမ် ရေတစ်ကျိုက်မော့ကာ

“ကောင်းပြီ။ ပြောပါဦး”

ရှန်ချန်းချန်း ဘေးလီကိုကြည့်ပြီးမှ အသံခပ်တိုးတိုးဖြင့်

“ရှင် အစ်ကိုစွန်းကို ဒီအကြောင်း ပြောလိုက်တယ်မလား”

“ပြောထားတယ်လေ”

“ဘာတဲ့လဲ”

ရှန်ချန်းချန်း လင်းချွမ်အနားကပ်လာပြီး ပြောလိုက်လေ၏။ 

All Chapters