← Chapters

နိုင်မှာ သေချာလား

Vol. 27 Ch. 396

နိုင်မှာ သေချာလား

Vol. 27 Ch. 396

“ပူးပေါင်းရေးလား”

လီယို မကျေမနပ်ဖြင့်

“ယုချင်း ကျွန်တော် ဟားစ်စစ်တပ်ရဲ့ ကိုယ်စားလှယ် အနေနဲ့ တရားဝင် ပြောလိုက်ပါမယ်။ ခင်ဗျားတို့နဲ့ ပူးပေါင်းရောင်းဝယ်ဖို့ အစီအစဉ် လုံးဝ မရှိပါဘူး”

ယုချင်း ထိုအဖြေကို ခန့်မှန်းထားပြီး ဖြစ်ပါသည်။ 

ဒေါသထွက်ခြင်း၊ တုန်လှုပ်ခြင်း မရှိပေ။ 

“နောက်တစ်ခါ မရှိဘူးဆိုတာ သေချာပြီလား”

ယုချင်း ပြုံး၍ မေးလိုက်၏။ 

“ဒါပေါ့။ ခင်ဗျားတို့ အချင်းချင်း အရောင်းပြိုင်ကြတာတော့ မသိဘူး။ ဒါပေမဲ့ ဟားစ်စစ်တပ်က အချက်အလက်တွေကို အကြိမ်ကြိမ် ခိုးယူချိုးဖောက်ခဲ့တာတော့ သေချာတယ်။ နောက်ထပ် မပူးပေါင်းနိုင်တော့ဘူး”

မော်ဂန်အုပ်စုမှ သူတို့နှင့် လင်းချွမ်ကြား အချက်အလက်များကို ခိုးကြည့်၍ ဖျက်ဆီးပစ်မည်ဟု လီယို မထင်ထားခဲ့ချေ။ 

ယခုလို အမှုများ ပေါ်လာသောကြောင့် လင်းချွမ်အပေါ်လည်း အားနာမိ၏။ 

“မစ္စတာလီယို ကျွန်မတို့နဲ့ မပူးပေါင်းရင် လင်းချွမ်ဆီက ဆက်ဝယ်နေဦးမယ်ဆိုတဲ့သဘောလား”

“ကျွန်တော် ဘယ်သူ့ဆီကဝယ်ဝယ် ခင်ဗျားအပူ မပါပါဘူး”

လီယို နှာခေါင်းရှုံ့၍ ပြော၏။ 

“သတိပေးစရာလေး ရှိလို့ပါ”

ယုချင်း ခုံကိုမှီလျက် ကော်ဖီတစ်ငုံ ထပ်သောက်ပြီးမှ

“ရှင့်ရဲ့ မိတ်ဆွေသစ်ကြီးက (၃၀) ဘီလီယံ လျော်ပြီးရင်တောင် ထောင်ကျဦးမှာနော်။ သူ နိုင်မယ်လို့ ထင်နေတာလား”

သူ့အသံမှာ စိတ်ကို လွှမ်းမိုးထိန်းချုပ်နေသယောင် ဖြစ်၏။ 

လင်းချွမ်ပေါ်လာခြင်းမှာ ဟားစ်စစ်တပ်အတွက် ကယ်တင်ရှင် ဖြစ်၏။ 

ယုချင်းထံမှ ဈေးမှာ အလွန်မြင့်ပါသည်။ 

သို့သော် လင်းချွမ်သာ အမှုရှုံးသွားလျှင် ဟားစ်စစ်တပ်ကိုလည်း သက်ရောက်နိုင်သည်။ 

“သူ နိုင်မယ်လို့ ယုံတယ်”

လီယို အေးစက်စွာ ပြောလိုက်၏။ 

“ယုံတယ်လား”

ယုချင်း လှောင်သလိုဖြင့်

“မစ္စတာလီယို သိထားရမှာက ယုံကြည်ချက်ရှိရုံနဲ့ အချက်အလက်တွေကတော့ ပြောင်းသွားမှာ မဟုတ်ဘူးနော်”

လီယို ငြိမ်ကျသွားသည်။ 

သူ ဥပဒေအကြောင်း သေချာမသိသော်လည်း ယုချင်းအသံမှာ နိုင်ရန် ယုံကြည်ချက်အပြည့် ဖြစ်နေ၏။ 

ယုချင်း အသံပြန်ပျော့သွားပြီး

“မစ္စတာလီယိုရယ် ကျွန်မတို့က မိတ်ဟောင်းတွေပဲလေ”

“ဘာကို ဆိုလိုတာလဲ”

လီယို မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ 

“ကျွန်မတို့ အရောင်းအဝယ်လုပ်လာတာလည်း ကြာလှပြီ။ လင်းချွမ် ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တယ်ဆိုတာ ကျွန်မတို့ဆီက နည်းပညာကို ခိုးထားလို့လေ။ ကျွန်မတို့ကျတော့ ကိုယ်တိုင်ဆိုတော့ အကုန်အကျများတယ်”

“အဲ့တော့”

လီယို ပြန်မေးလိုက်၏။ 

“အဲ့တော့ ဆာနီယာနိုင်ပြီး လျော်ကြေးရရင် ကျွန်မတို့ဘက်က ၂၀% လျှော့ပေးမယ်။ ပြီးတော့ ရှင်လိုချင်တဲ့ ကီလိုမီတာ (၃၇၀) အဝေးထိန်း ဒုံးကျည်လောင်ချာကိုလည်း ၃၀% လျှော့မယ်။ ဘယ်လိုလဲ”

ယုချင်း အကောင်းဆုံး ဖျားယောင်းနေ၏။ 

လီယို ချက်ချင်း ပြန်မဖြေပေ။ 

ထိုအခါ သူ့ဘက်ပါလာပြီအထင်ဖြင့် ယုချင်းမှ ဆက်ကာ

“မစ္စတာလီယိုကို ပထမဦးစားပေးအနေနဲ့ ပေးမှာနော်”

“ယုချင်း ကျွန်တော် ပြောစရာရှိတယ်”

“ပြောစရာလား”

ယုချင်း ကော်ဖီထပ်သောက်၍ ပြုံးကာ

“ပြောလေ”

လီယို နှာခေါင်းရှုံ့လျက်

“တစ်ခါခွေးလို့ သတ်မှတ်ပြီးရင် အမြဲခွေးပဲတဲ့”

တူ တူ တူ…

လီယို စိတ်ရှိတိုင်းပြော၍ ဖုန်းချလိုက်၏။ 

ယုချင်း မျက်မှောင်ကြုတ်ကာ ဒေါသထွက်သွားသည်။ 

သူ့ကို ထိုသို့ စော်ကားသူမျိုး မကြုံဖူးချေ။ 

“ယု ဘာဖြစ်လို့လဲ”

လူးကပ်စ်မှ လှမ်းမေး၏။ 

“ဟားစ်စစ်တပ်ကို ဘယ်တော့မှ မရောင်းတော့ဘူး။ အရှေ့အလယ်ပိုင်း စစ်ပွဲမှာ သူ့ဟာသူ ဒုက္ခရောက်ပါစေ”

ယုချင်း ရက်စက်သောအကြည့်များဖြင့် ပြောလိုက်သည်။ 

…

လီယို ဖုန်းချပြီးနောက် သက်ပြင်းရှိုက်၍ ပြတင်းပေါက် အပြင်ဘက်မှ လိမ္မော်နီရောင် နေဝင်ချိန်ကို လှမ်းကြည့်နေသည်။ 

ပိုးမွှားအင်းဆက်လေးများ၏ အသံတစာစာကိုလည်း တစ်ချက်တစ်ချက် စူးခနဲ ကြားရ၏။ 

ယခု သူ့အခြေအနေမှာ လင်းချွမ်နှင့်ထပ်တူ ဖြစ်လေသည်။ 

တီ တီ တီ…

ဖုန်းမြည်သံ ကြားသောအခါ လီယို သူ့မျက်နှာကို ပွတ်၍ ဖုန်းကို လှမ်းကြည့်လိုက်သည်။ 

ထိုအခါ နံပါတ်စိမ်းဖြစ်နေ၍ မျက်မှောင်ကြုတ်သွားပြီးမှ ဖုန်းကိုင်လိုက်၏။ 

ထိုအခါ ရင်းနှီးနေသောအသံကို ကြားရလေသည်။ 

“မစ္စတာလီယို အဆင်ပြေရဲ့လား”

လင်းချွမ် ဖြစ်၏။ 

ဟန်မြစ်အပိုင်းအချိန်မှာ ဟားစ်စစ်တပ်နှင့် အချိန် (၅) နာရီမျှ ကွာခြားပြီး လင်းချွမ်ထံတွင် ညဉ့်နက်နေလေပြီ။ 

လင်းချွမ်၏ နုပျို သွက်လက်သောအသံကို နားထောင်ရင်း အားကျမိ၏။ 

သူ ခဏငြိမ်နေပြီးနောက်

“လင်းရဲ့အသံကြားရတာ စိတ်လည်း သက်သာတယ်။ အားလည်းနာမိတယ်ဗျာ”

“လီယိုရယ် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့”

လင်းချွမ် ရယ်မော၍ အားပေးလိုက်၏။ 

လီယိုလည်း စိတ်အနည်းငယ်အေးအောင် ထိန်း၍

“လင်း ဆာနီယာဆီက တရားစွဲခံရတာ။ မစိုးရိမ်ဘူးလား”

“အမှုဆိုပေမဲ့ မဟုတ်တာမှ မလုပ်ထားတာ။ စိုးရိမ်စရာ မရှိပါဘူး”

လင်းချွမ် အားရပါးရ ရယ်မိ၏။ 

လီယိုမှာတော့ စိတ်ရှုပ်ထွေးစွာဖြင့်

“ကျွန်တော်တို့ဆီက ဖိုင်လုံခြုံရေးသာ ကောင်းရင် ဒီလိုတွေ အချက်အလက် ပေါက်ကြားမှာ မဟုတ်ဘူး။ ကျွန်တော့်မှာလည်း တာဝန်ရှိတယ်လို့ ခံစားရတယ်”

သူ လင်းချွမ်ကို သူငယ်ချင်းကဲ့သို့ ခင်မင်နေမိသည်။ 

အရင် ယုချင်းနှင့် သိကျွမ်းစဉ်ကလို မဟုတ်ချေ။ 

“ဘာမှမဖြစ်ပါဘူး။ အဆင်ပြေတယ် နော်”

လင်းချွမ် အမြန်နှစ်သိမ့်၍ ပြောလိုက်သည်။ 

“ကျွန်တော့်ကို သူငယ်ချင်းလို သဘောထားနေမှတော့ အားမနာတော့ဘူးဗျာ။ ကျွန်တော် ဒီတစ်ခါ မစ္စတာလီယိုဆီက အကူအညီ လိုတယ်”

“ဘာများလဲ”

လီယို အံ့ဩစွာ မေးလိုက်သည်။ 

လင်းချွမ်နှင့် ဟားစ်စစ်တပ်တို့မှာ ယခုအချိန်တွင် တစ်လှေတည်း စီးနေသူများ ဖြစ်၏။ 

ထို့ကြောင့် မည်သို့ ကူညီရမည်ဖြစ်စေ မဆိုင်းမတွ ကူညီပေမည်။ 

“အင်တာနက် ထိန်းချုပ်ခွင့်ပါ”

လင်းချွမ် အကြောင်းအရင်းကို မရှင်းပြဘဲ တန်းပြောလိုက်၏။ 

“ရပါတယ် အခုချက်ချင်း ထည့်ပေးလိုက်မယ်နော်”

လီယို ချက်ချင်း ကတိပေးလိုက်လေသည်။ 

All Chapters