← Chapters

ရာထူးတိုးလိမ့်မယ်

Vol. 27 Ch. 400

ရာထူးတိုးလိမ့်မယ်

Vol. 27 Ch. 400

မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲ အထွေထွေ မန်နေဂျာ၏ မှိန်ပျပျ ရုံးခန်းထဲ၌ လူးကပ်စ်၏ ကွန်ပျူတာ ရုတ်တရက် တိတ်ဆိတ်စွာ ပွင့်လာသည်။ 

ရုံးခန်းအပြင်ဘက်၌ အတွင်းရေးမှူးလေးမှာ ခပ်ငိုင်ငိုင် အလုပ်လုပ်နေသည်။ 

ရုံးခန်းထဲတွင် ထူးထူးခြားခြား လှုပ်ရှားမှုမရှိသရွေ့ သူ လှမ်းပင်မကြည့်ဖြစ်ပါ။ 

ညဆိုင်းဆင်းရသည်ပင် အလွန်ခြောက်ခြားစရာ ကောင်းနေပြီဖြစ်ပြီး တကယ် တစ်ခုခု ဖြစ်သွားပါက သူ လမ်းပင် ကောင်းကောင်း လျှောက်နိုင်တော့မည် မဟုတ်ပေ။ 

လုံခြုံရေးအဖွဲ့မှာလည်း ရုံးထဲအထိ မဝင်ရဲကြပေ။ 

ထို့ကြောင့် မည်သူမျှ သတိမထားမိဘဲ လင်းချွမ်၏ အစီအစဉ်သည် ချောမောစွာ အောင်မြင်သွား၏။ 

…

သို့ရာတွင် လင်းချွမ်မှာ ဘေးကင်းစေရန် အဓိကတွေး၍ လူးကပ်စ်၏ ကွန်ပျူတာစနစ်ကို အတင်း မတိုက်ခိုက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ပျိုးထောင်နေသည်။ 

သူ လူးကပ်စ်အား ရေရှည်စောင့်ကြည့်၍ မော်ဂန်အုပ်စုအကြောင်း အားလုံးကို လေ့လာချင်ပါသေးသည်။ 

ဤသို့ဖြင့် (၁) မိနစ်၊ (၅) မိနစ်၊ (၁၀) မိနစ်…

နာရီဝက်ဝန်းကျင် ကြာပြီးနောက်။ 

လင်းချွမ် လူးကပ်စ်ကွန်ပျူတာထဲ အတော်လေး မွှေနောက်ပြီးသွား၏။ 

ထို့နောက် ကွန်ပျူတာထဲတွင် အသံစနစ်ပါ ထည့်၍ ရုံးခန်းထဲမှ စကားသံများအထိ နားထောင်ရန် ပြင်ဆင်ထားလိုက်သည်။ 

“ဥပဒေကို တိုက်ခိုက်တာကလည်း ကောလဟာလ ဖြေရှင်းရတာနဲ့ တူလိုက်တာ”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

မကြာမီ ပရိုဂရမ်များအားလုံး စနစ်တကျ ထည့်ပြီးသောအခါ မှတ်တမ်း ဖျက်ပစ်ရမည်။ 

ကွန်ပျူတာ စဖွင့်ခြင်းမှ ရှာဖွေမွှေနှောက်ထားခြင်း အားလုံးကို ကုဒ်ရေး၍ ပြန်ဖယ်လိုက်၏။ 

ထိုသို့ တိတ်တဆိတ်ခိုးလုပ်လေ့ရှိသူများမှာတော့ ယခုအခြေအနေကို နားလည်ပေလိမ့်မည်။ 

ဟက်ကာများ၏ တိုက်ခိုက်မှုတိုင်းမှာ ခပ်ဆင်ဆင်ပင်။ 

လင်းချွမ်မှာတော့ ထိုအခြေအနေကို အရင်းနှီးဆုံး ဖြစ်၏။ 

မနက် မိုးမလင်းခင် ဘာမှမဖြစ်ခဲ့သလို စနစ်ပြင်ဆင်ခြင်း အားလုံး ပြီးဆုံးနေရပေမည်။ 

လူးကပ်စ် ကွန်ပျူတာထဲမှ အချက်အလက်များမှာတော့ သေချာပေါက် ကူးယူထားပြီး ဖြစ်၏။ 

ကျန်သည့်အချက်အလက်များမှာ မကြာမီအချိန်အတွင်း လင်းချွမ်လက်ထဲ အားလုံး ရောက်ရှိလာပေတော့မည်။ 

ဟူး…

အားလုံး ပြီးသွားသောအခါ လင်းချွမ် သက်ပြင်းချလိုက်မိ၏။ 

ထို့နောက် အချိန်ကို ကြည့်လိုက်သောအခါ (၅:၀၂) နာရီ ဖြစ်လေသည်။ 

သူ၏ လူမသိသူမသိစစ်ပွဲမှာ (၅၅) မိနစ်ဝန်းကျင် ကြာခဲ့သည်။ 

လင်းချွမ် လက်ဖက်ရည်သောက်ကာ နဖူးမှ အဆီပြန်ခြင်းကို သုတ်လိုက်သည်။ ဆောင်းရာသီ နံနက်ခင်းဖြစ်၍ ချွေးတော့မထွက်ပေ။ 

မနက် (၅) နာရီဝန်းကျင်။ 

အပြင်လောကရှိ ကောင်းကင်ကြီးမှာ ခရမ်းပြာရောင်မှ မီးခိုးပြာရောင်သို့ ပြောင်းလဲ၍ တဖြည်းဖြည်း အရောင်ပိုတောက်လာသည်။ 

တစ်ညလုံး ဂိမ်းဆော့ကြသူများလည်း ထိုမြင်ကွင်းကို မှီပေမည်။ 

အန်လင်းမြစ်ရေသည် နူးညံ့တည်ငြိမ်စွာ စီးဆင်းလျက် တောင်တန်းများပေါ်ရှိ ရစ်ဝဲနေသော တိမ်လွှာများမှာ ဖြည်းညင်းစွာ ရွေ့လျားနေကြ၏။ 

နေ့နှင့်ည ပြောင်းလဲခြင်းမှာ မြန်ဆန်လွန်းလှသည်။ 

မကြာမီ နေမင်းကြီး ထွက်ပေါ်၍ ရွှေရောင် ဝင်းလက်သည့် နေရောင်ခြည်များ ကျရောက်လာသည်နှင့် ငှက်ကလေးများ၏ အသံတစာစာလည်း တစ်ပြိုင်တည်း မြည်လာကြသည်။ 

ထို့နောက် ဈေးသည်များ၊ ကားများ၏ ခပ်ဆူညံညံ အသံများပါ တွဲပါလာကာ မြို့တစ်ခုလုံး အသက်ဝင်လာတော့၏။ 

လင်းချွမ် ရှချင်းချင်းအား ဖုန်းဆက်လိုက်သည်။ 

“ချင်းချင်းရေ ကျွန်တော့်မှာ အချက်အလက် နည်းနည်း ရထားလို့ တစ်ချက်လောက် စစ်ကြည့်ပေးပါဦး”

တစ်ဖက်တွင်။ 

ရှချင်းချင်းမှာ ရှန်ချန်းချန်းကုတင်ပေါ်၌ အိပ်မောကျနေရာမှ ဖုန်းသံကြောင့် နိုးလာပြီး အိပ်ချင်မူးတူး ဖြေလေသည်။ 

“အချက်အလက်လား။ ကိစ္စမရှိပါဘူး။ လာခဲ့လိုက်မယ်လေ” 

“အခုထိ မထကြသေးဘူးလား”

လင်းချွမ်မှ ပြော၏။ 

“အခုမှ ဘယ်အချိန်ရှိသေးလို့လဲ။ (၆:၃၀) လေ။ ဒီလောက် အစောကြီးခေါ်တာ အရေးကြီးတယ် ထင်တယ်”

ရှချင်းချင်း မကျေမနပ် ပြောလိုက်သည်။ 

“ဒီအချက်အလက်က ချင်းချင်း ရာထူးတိုးနိုင်တယ်နော်”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

“ဘယ်လို”

ရုတ်တရက် လင်းချွမ်နားထဲတွင် အခြားအသံ ထပ်ဝင်လာသည်။ 

ရှန်ချန်းချန်း အိပ်နေရာမှ အံ့ဩကာ လန့်နိုးလာခြင်းပင်။ 

“ကျွန်တော် ကိစ္စကြီးတစ်ခု ရှာတွေ့ထားပေမဲ့ လူအင်အား မလုံလောက်လို့လေ။ အဆင်ပြေရင် ကျွန်တော်တို့အားလုံး ဘောနပ်စ် ရမှာ”

လင်းချွမ် တက်ကြွစွာ ပြော၏။ 

ဖုန်းထဲမှ ရဲမေနှစ်ဦး ရုတ်တရက် ထထိုင်လိုက်သံမျိုး ကြားရသည်။ 

“ရှင် မနက်စာရော စားပြီးပြီလား”

ရှချင်းချင်းမှ မေးလိုက်သည်။ 

“ဟင့်အင်း”

“ကျွန်မနဲ့ချန်းချန်း ရှင့်အတွက် ယူခဲ့လိုက်မယ်”

“ရှင်းရှင်းလည်း မစားရသေးဘူးနော်”

လင်းချွမ် ခပ်နောက်နောက် ပြောလိုက်သည်။ 

“မပူပါနဲ့။ ကျွန်မတို့ ရှင်းရှင်းကို မမေ့ပါဘူး”

ရှချင်းချင်းမှ ရယ်မော၍ ပြော၏။ 

“ဒါဆို ရုံးမှာ တွေ့မယ်နော်”

ထို့နောက် မိန်းကလေးများ ရာထူးအတွက် ချက်ချင်းထ၍ ပြင်ဆင်ကြပြီး (၇) နာရီဝန်းကျင်တွင် လင်းယုန်နည်းပညာကုမ္ပဏီသို့ ရောက်လာကြသည်။ 

လင်းချွမ်နှင့် ရှင်းရှင်းလည်း စောင့်နေ၏။ 

ရှန်ချန်းချန်းနှင့် ရှချင်းချင်းမှာ လင်းချွမ် အလွန် ယုံကြည်ရသူထဲ ပါဝင်၍ မော်ဂန်အုပ်စုမှ အချက်အလက်များကို ထုတ်ပြရဲပါသည်။ 

“ဒီမှာ ရှင်က ပုစွန်စွပ်ပြုတ်နဲ့ ငါးခြောက်ပြား။ ရှင်းရှင်းအတွက်က ရွှေဖရုံသီးဆန်ပြုတ်”

ရှချင်းချင်းမှ ရုံးခန်းထဲ ဝင်လာသည်နှင့် မနက်စာများ လှမ်းပေးလိုက်သည်။ 

သူ ဂျင်းဘောင်းဘီအကြပ်နှင့် ကုတ်အနက်ကိို ရိုးရှင်းစွာ ဝတ်ဆင်၍ ဆံပင်အား ခပ်မြင့်မြင့် စည်းထားသည်။ 

“ကျေးဇူးပါ”

လင်းချွမ် မနက်စာစားရင်း ပြုံး၍ ပြောလိုက်သည်။ 

“ကျွန်မနဲ့ချန်းချန်းက ရှင်တို့အစေခံတောင် ဖြစ်နေပြီနော်”

ချင်းချင်း စနောက်၍ ပြောလေ၏။ 

All Chapters