ကားလ်ကို သိလား
Vol. 27 Ch. 402
“အဲ့လိုဖြစ်ရင်တော့ ပြီးတာပဲ”
ယုမှ ဆက်ပြော၏။
“လူးကပ်စ် ဒီတာဝန် ရှင့်အမှားကြောင့် ကျရှုံးသွားရင် အထက်က ပေးမယ့်အပြစ်ကို တွေးထားနော်”
“အဲ့လိုဖြစ်ခဲ့ရင် ကျွန်တော်ကိုယ်တိုင် စပြီး အလုပ်ထွက်ပေးမယ်”
လူးကပ်စ်မှ ခပ်အေးအေး ပြန်ဖြေလိုက်သည်။
ထို့နောက် အသံများ ငြိမ်ကျသွားသည်။
လင်းချွမ် နားထဲတွင် လူးကပ်စ်၏ ခြေသံမှာ တဖြည်းဖြည်း ပိုနီးလာလေသည်။ ထို့နောက် ခုံကိုဆွဲ၍ ထိုင်လိုက်သည့်အသံ၊ ကွန်ပျူတာဖွင့်သည့်အသံကို ဆက်ကြားရ၏။
လူးကပ်စ်၏ ခပ်တိုးတိုး ရေရွတ်သံကိုလည်း ကောင်းစွာ ကြားလိုက်ရသေးသည်။
“တစ်လောကလုံးမှာ အခွဲတွေ အများကြီး ရှိပေမဲ့ ငါ့အဖွဲ့ကတော့ သေချာပေါက် ပထမ ဖြစ်ရမယ်။ နောက်ပြီး သူ အာရှ-ပစိဖိတ်ရုံးခွဲရဲ့ ကွန်ယက်ကို ရရင်တောင် ဒီကွန်ပျူတာအထိ လုံးဝ မဝင်နိုင်ပါဘူး”
သူ ထိုအချက်ကိုတော့ ယုံကြည်နေမိသည်။
လူးကပ်စ်မှာ ကျွမ်းကျင် ဟက်ကာတစ်ဦး မဟုတ်သော်လည်း သီအိုရီအများအပြားကို နားလည်ထား၏။ နည်းပညာ ကွန်ယက် လုံခြုံရေးအပိုင်းများစွာကိုလည်း အတော်လေး သိပါသည်။
သို့သော် သူ ကွန်ပျူတာရှေ့တွင် ရေရွတ်နေသော စကားလုံးတိုင်း လင်းချွမ် ကြားနေရမည်ဟုတော့ မထင်မိချေ။
မကြာမီ။
အသံများ တိတ်ဆိတ်၍ ဘာမှ ဆက်မကြားရ၍ လင်းချွမ် နားကြပ်ကို ချွတ်ထားပြီး လူသံရှိလျှင် အချက်ပေးသည့် ပရိုဂရမ် ဖွင့်ထားလိုက်၏။
ထို့နောက် ခုံအနောက်ကိုမှီလျက် နံရံကို ငေးကြည့်ကာ လူးကပ်စ်နှင့်ယု၏ စကားကို ပြန်တွေးနေမိသည်။
အထူးသဖြင့် ကားလ်အကြောင်းကို သေချာ စဉ်းစားနေ၏။
လင်းချွမ် ခဏစဉ်းစားပြီးနောက် ကျန်းထံသို့ လျှောက်သွားကာ ပုခုံးလေး ပုတ်လျက်
“ရှင်းရှင်း ကို့နဲ့ ခဏလိုက်ခဲ့ဦး။ ၇၂၀ ကုမ္ပဏီအကြောင်း မေးစရာရှိလို့”
“ဟုတ်”
ရှင်းရှင်း ခေါင်းငြိမ့်ပြ၍ ချက်ချင်း ထလိုက်လာလိုက်သည်။
ထို့နောက် ကော်ရစ်တာ၌ လူရှင်းသောကြောင့် စကား ရပ်ပြောလေ၏။
လင်းချွမ်မှ
“ဒီတစ်လော ကုမ္ပဏီက နည်းပညာဌာနကို ကြည့်ဖြစ်သေးလား”
“နည်းပညာဌာနကို လီချင်းပဲ ကိုင်ပေးနေတာလေ။ ဘာလို့လဲ”
ကျန်း နားမလည်နိုင်သလိုလေး ပြန်မေး၏။
“ဟိုတစ်လောကမှ အလုပ်ဝင်တဲ့ ကားလ်အကြောင်းလေ။ အဲ့တာ မေးမလို့”
“သူ့ရဲ့ ဘာအကြောင်းလဲ”
လင်းချွမ် ခေါင်းယမ်း၍
“သူ ကိုတို့ဆီရောက်တာ ဘယ်လောကြာပြီလဲ”
“တစ်လလောက်ပေါ့။ လီချင်းပြောတာတော့ ဆက်ဆံရေးကောင်းတယ်တဲ့။ သန့်ရှင်းရေး အန်တီတွေကိုတောင် ပေါ့ပေါ့ပါးပါး ပြောဆိုနေတာတဲ့။ တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နဲ့ အလုပ်လည်း သေချာလုပ်တယ် ပြောတယ်”
ကျန်းမှ ရှင်းပြ၏။
လင်းချွမ် သေချာစဉ်းစားပြီးနောက်
“ဒီအတောအတွင်း ကားလ်နဲ့ နှစ်ယောက်တည်း တွေ့တာမျိုး မလုပ်နဲ့ဦး”
ကျန်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီးမှ ခေါင်းငြိမ့်ပြလေသည်။
“ကောင်းပါပြီ။ နားထောင်ပါ့မယ်နော်”
သူ အကြောင်အရင်းကိုပင် မမေးတော့ချေ။
လင်းချွမ် ညွှန်ကြားသည့်အတိုင်း လိုက်နာမည် ဖြစ်၏။
လင်းချွမ် ကျန်းဆံနွယ်များကို သပ်ပေးရင်း ပြုံးရွှင်နေသည်။
“မမချန်းချန်းနဲ့ မမချင်းချင်းသာ တွေ့ရင် စိတ်တိုနေတော့မှာပဲ”
ကျန်း နှာခေါင်းလေးပွတ်လျက် စနောက်သလို ပြော၏။
“ဘာလို့လဲ”
ကျန်း လက်လေးပိုက်လျက်
“မှန်းကြည့်လေ”
လင်းချွမ် နေရခက်စွာ ပြုံး၍ ခေါင်းလေးကုတ်ကာ
“အဲ့တာ… အဟမ်း အခု ဖိုင်တွေပဲ သွားစီပါဦး။ ကို အရေးတကြီးအလုပ်တွေ ရှိသေးတယ်”
ရုတ်တရက် ကျန်းမှ လင်းချွမ်နားအနားကပ်၍
“ဒီညနော်”
ထိုသို့ပြော၍ အမြန်ထွက်သွားလေ၏။
လင်းချွမ် နောက်ကျောမှ လှမ်းကြည့်ရင်း ပြုံးနေမိသည်။
သူ အမှန်ပင် အရေးတကြီးကိစ္စများ ရှိပါသေးသည်။
ထို့နောက် ဖုန်းထုတ်၍ ဆက်လိုက်၏။
တီ တီ တီ-
“အိုင်ဒေါလ်”
အန်ဂျလီနာ၏အသံ ထွက်လာသည်။
“ဟယ်လို အန်ဂျလီနာ”
လင်းချွမ် ကော်ရစ်တာမှ ရုံးခန်းထဲ ပြန်လျှောက်သွားရင်း ဆက်လိုက်၏။
“ကျွန်တော် တစ်ခုလောက် မေးစရာရှိလို့ပါ”
“ရပါတယ် ပြောလေ”
အန်ဂျလီနာ အားတက်သရော ပြောလိုက်သည်။
လင်းချွမ် ရုံးခန်းထဲ ရောက်သည်နှင့် တံခါးကို သေချာပိတ်ကာ
“မင်း AW အကြောင်းတော့ တော်တော်လေး သိတယ်မလား”
“ဒါပေါ့။ သူတို့က ဟက်ကာလောကမှာဆိုရင် ကျွန်မတို့နဲ့ ပြိုင်ဘက်ကြီးပဲလေ”
အန်ဂျလီနာမှ ပြန်ဖြေ၏။
“ကားလ်အကြောင်းရော ကြားဖူးလား”
လင်းချွမ် ဂရုတစိုက် မေးလိုက်သည်။
“ကားလ်လား။ သိတယ်လေ။ AW ရဲ့ နာမည်ကြီးပဲကို။ AW ရဲ့ မျိုးဆက်သစ်ထဲမှာ သိမ်းပိုက်မယ့်သူ ဆိုပြီးတောင် ကောလာဟလတွေ ရှိတယ်”
ဟက်ကာလောကတွင်တော့ အန်ဂျလီနာမှာ သတင်းစုံ၍ ကားလ်အကြောင်းလည်း ကောင်းကောင်း သိပါသည်။
“အထင်ကြီးစရာပဲ”
လင်းချွမ် ခပ်တွေးတွေး ပြောမိသည်။
“သူ့ဟက်ကာအရည်အချင်းက ထိပ်တန်း (၁၀) ယောက်ထဲ ပါပေမဲ့ အိုင်ဒေါလ်ကိုတော့ မမှီပါဘူး”
အန်ဂျလီနာ ရယ်မော၍ ပြောလိုက်သည်။
“ကျွန်တော်က ဘယ်အဆင့်မလို့လဲ”
လင်းချွမ် ပြုံး၍ မေး၏။
“ရှင်က ဟက်ကာနတ်ဘုရားလေ။ ဘာအဆင့်မှ တိုင်းစရာကို မလိုတာ”
အန်ဂျလီနာ အမှန်အတိုင်း ပြောလိုက်၏။
“ကားလ်က ရှင့်ကို တစ်ခုခု တိုက်ခိုက်လာလို့လား။ မေးတယ်ဆိုတော့”
လင်းချွမ်နှင့် အန်ဂျလီနာမှာ အပြင်၌ တစ်ခါမှ မတွေ့ဖူးသော်လည်း အချင်းချင်း ယုံကြည်မှုအပြည့် ရှိကြသည်။
လင်းချွမ် မဖုံးကွယ်ထားဘဲ ပြောပြလိုက်၏။
“ဟုတ်တယ်။ အရင်တစ်ခါက သတိပေးတယ်လေ။ အဲ့တာ ကားလ်က တိုက်ခိုက်လာတာ”
“သိပြီ။ အဲ့တော့ ဘယ်လို စီစဉ်ထားလဲ”
လင်းချွမ် ခဏစဉ်းစား၍
“မင်းတို့ အပြင်မှာ တွေ့ဖူးလား”
“ဟင့်အင်း။ ဟက်ကာလောကမှာ ဘယ်သူမှ မျက်နှာအမှန် မပြဘူးလေ”