ထွက်ပြေးသွားပြီ
Vol. 27 Ch. 403
“ကျွန်တော့်မေးခွန်းက နည်းနည်း ထူးဆန်းသွားတယ်နော်”
လင်းချွမ် နှာခေါင်းလေးပွတ်ကာ ပြောမိသည်။
အန်ဂျလီနာ ရယ်မောလျက်
“ဒါပေမဲ့ သူ့အချက်အလက်တွေတော့ ရှာပေးလို့ရတယ်”
“ဘာအချက်အလက်လဲ”
“လက်ရှိ သိထားသလောက်ဆိုရင် သူက အခု မြောက်အမေရိကမှာ မဟုတ်ဘူး။ အာရှအပိုင်းထဲမှာ။ အတိအကျဆိုရင် အရှေ့တောင်အာရှ”
လင်းချွမ် မျက်မှောင်ကြုတ်လျက် မျက်နှာကျက်ကို မော့ကြည့်ကာ တွေးနေသည်။
သူ အာရှထဲရောက်လျှင် မော်ဂန်အုပ်စုနှင့် ပတ်သက်၍ ဖြစ်နိုင်၏။
“ဘယ်အချိန်လောက်က ရောက်တာလဲရော သိနိုင်လား”
လင်းချွမ်မှ ထပ်မေးလိုက်သည်။
နောက်ဆုံးတစ်ခါ တိုက်ခိုက်စဉ်က သူ ဘယ်မှာ ရှိနေသနည်း။
“အချိန်တော့ အတိအကျ မသိပေမဲ့ လွန်ခဲ့တဲ့ (၁) လ၊ (၂) လ ဝန်းကျင် ဖြစ်မယ် ထင်တယ်”
အန်ဂျလီနာ ခန့်မှန်း၍ ပြော၏။
လင်းချွမ် တိတ်ဆိတ်သွားမိသည်။
ဘယ်ဘက်လက်ဖြင့် ဖုန်းကိုကိုင်ကာ ညာဘက်လက်မှ ကားလ်နှင့် ပတ်သက်သော အချက်အလက်များ ချရေးနေသည်။
ရုတ်တရက်!
လင်းချွမ် ညာဘက်လက် တံ့သွား၏။
ကားလ် မြောက်အမေရိကမှ ထွက်ချိန်နှင့် ၇၂၀ ကုမ္ပဏီသို့ ဝင်လာချိန်မှာ တိုက်ဆိုင်နေပါသည်။
အတူတူပဲလား။
အမှန်တကယ် တူနေလျှင် ကိစ္စမှာ စိတ်ဝင်စားစရာ ကောင်းလာလေပြီ။
လင်းချွမ်ပြုံး၍
“အန်ဂျလီနာတို့ စနစ်ကိုလည်း စိတ်ဝင်စားမိသားပဲ။ ဒါတွေအားလုံး အဖွဲ့ထဲကနေ ရှာထားတာလား”
“ပူးပေါင်းချင်နေပြီလား”
“အဲ့လိုတော့ မဟုတ်ပါဘူး။ သိချင်တာပါ”
“အဲ့လိုအကြောင်းက အကုန်တော့ ပြောပြလို့ မရပါဘူး။ နားလည်ပေးပါ”
လင်းချွမ် အနည်းငယ် စိတ်ပျက်သွားသည်။
“ရပါတယ်လေ။ နားလည်ပါတယ်”
နှစ်ယောက်သား ဟိုဟိုဒီဒီ ခဏပြောပြီးနောက် ဖုန်းချလိုက်ကြသည်။
“ကားလ် နှစ်ယောက်က တကယ် အတူတူပဲလား”
သူ ပြန်တွေးနေမိ၏။
ထို့နောက် အကြံရလာသည်။
ပထမဆုံး လီချင်း၏ အချက်အလက်ဖြင့် အွန်လိုင်းမှ လေယာဉ်လက်မှတ်ဝယ်ကာ အဝတ်အစား သပ်ရပ်အောင်ပြင်၍ (၁၆) လွှာသို့ ဆင်းသွား၏။
၇၂၀ နည်းပညာလုံခြုံရေး ကုမ္ပဏီ။
“မင်္ဂလာပါ သူဌေး”
လင်းချွမ်ကိုတွေ့သောအခါ ဝန်ထမ်းများ နှုတ်ဆက်ကြလေသည်။
တိုက်ဆိုင်စွာဖြင့် ကားလ်လည်း ရောက်လာသည်။
လင်းချွမ် မမြင်ချင်ယောင်ဆောင်၍ ရုံးခန်းထဲ ဝင်ရန် ပြင်လိုက်သည်။
ထို့နောက်။
ဘုံး!
နှစ်ဦးသား ဝင်တိုက်မိတော့၏။
ကားလ်မှ ချက်ချင်း ပြန်တောင်းပန်လေသည်။
“သူဌေး ကျွန်တော် သတိမထားမိလိုက်…”
သူ့စကားမဆုံးမီပင် လင်းချွမ်က
“ရပါတယ်”
ထို့နောက် အရေးကြီးနေသလိုဖြင့် ခပ်သုတ်သုတ် အခန်းထဲ ဝင်သွားသည်။
ကားလ်လည်း လင်းချွမ်ကို ကြည့်၍ မျက်မှောင်ကြုတ်မိ၏။
လင်းချွမ် ရုံးခန်းထဲတွင် ဖိုင်အချို့ထုတ်၍ ပြင်ဆင်ကာ အလုပ်စလုပ်လေသည်။
ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရ၏။
“ဘယ်သူလဲ”
“သူဌေး ကျွန်တော် ကားလ်ပါ။ မနေ့က ဂလက်ဆီနည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းရေး စာချုပ်အကြောင်းလေး တင်ပြချင်လို့”
လင်းချွမ် ပေးဝင်ကာ စာချုပ်ကို ကြည့်လိုက်၏။
“တော်တယ်။ ကျွန်တော် ဒီမှာ အရေးကြီး အစည်းအဝေးတွေရှိလို့ ဒီရက်ပိုင်း စာချုပ်ကိစ္စတွေ ကျွန်တော်ကိုယ်တိုင် လုပ်လိုက်ပါ့မယ်”
“ဟုတ်ကဲ့ပါ”
“ကောင်းပါပြီ။ အလုပ်သွားလုပ်တော့နော်”
လင်းချွမ်မှ ပြောလိုက်သည်။
ကားလ် ထွက်သွားပြီး နောက် (၅) မိနစ်မျှအကြာတွင် လင်းချွမ်လည်း ရုံးထဲမှထွက်ကာ ပါကင်ရှိ ကားထဲ ဝင်လိုက်သည်။
ကားထဲ၌ ကျန်း အသင့်စောင့်နေပြီး ကားလေးကို ချက်ချင်း မောင်းထွက်သွားတော့၏။
ကားလ်မှာ လင်းချွမ် မူပျက်သလိုဖြစ်နေ၍ စာချုပ်ကိစ္စ အကြောင်းပြ၍ စကားသွားပြောသော်လည်း မထူးခြားပေ။
“သူဌေးက အလျင်လိုနေပုံပဲ”
သူ တစ်ယောက်တည်း ရေရွတ်မိ၏။
“ရုံးမှာ အရေးကြီးတာ တစ်ခုခု လာယူပြီး ပြန်ထွက်သွားသလိုပဲ”
ထိုစဉ် လီချင်း ရောက်လာပြီး
“ကားလ်…”
“ဒါရိုက်တာလီ”
ကားလ်မှ
“သူဌေး ခုနက ခပ်လောလော ထွက်သွားတယ်နော်။ ဘယ်သွားတာလဲ မသိဘူး”
လီချင်း အံ့ဩစွာဖြင့်
“သူဌေးကို တွေ့လိုက်တာလား”
“ခုနလေးတင်လေ။ ဝင်တောင် တိုက်မိသေးတယ်။ သူ တစ်ခုခုများ…”
“သူဌေးက သဘောကောင်းပါတယ်။ အဲ့လောက်လေးကို မမှတ်ထားဘူး”
လီချင်း လက်ယမ်းကာ ပြောလိုက်၏။
“ဒါနဲ့ သူဌေး ဘယ်သွားလဲတော့ မပြောတတ်ဘူးလေ။ ကျွန်တော်တောင် အခုမှ လက်မှတ်ထိုးခိုင်းဖို့ လာတာ”
“ဟုတ်လား။ အဲ့တာဆို ဖုန်းဆက်ကြည့်လိုက်ပါလား။ ခုနလေးတင် ထွက်သွားတာ။ အဝေးကြီး မရောက်သေးပါဘူး”
ကားလ်မှ အကြံပေးလေသည်။
လီချင်း ခဏစဉ်းစားပြီးနောက်
“သူဌေးက အလုပ်ရှုပ်နေတာလေ။ ဒါရိုက်တာကျန်းကိုပဲ ထိုးခိုင်းလိုက်လည်း ရပါတယ်”
“ဒါရိုက်တာကျန်းနဲ့ အတူတူ ထွက်သွားတာ”
“ဟင် နှစ်ယောက်လုံးလား”
“ဟုတ်တယ်”
“ဒါဆို ဒါရိုက်တာကျန်းကိုပဲ ဘယ်တော့ ပြန်ရောက်မလဲ မေးလိုက်တော့မယ်။ လက်မှတ်ကလည်း အရေးတကြီး ထိုးရမှာဆိုတော့”
လီချင်း ပြောပြောဆိုဆိုနှင့် ဖုန်းထုတ်ကာ ဆက်လိုက်သည်။
တီ တီ တီ…
‘ယခု ခေါ်ဆိုနေသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်’
လီချင်း ဖုန်းကို ပြန်ကြည့်၍ အံ့ဩစွာ ရေရွတ်မိသည်။
“စက်ပိတ်တာလား။ ဒါရိုက်တာကျန်းနံပါတ် မှန်ပါတယ်”
ထို့နောက် ကားလ်မှာ လူရှင်းသောနေရာသို့ ထွက်သွားပြီး ဖုန်းအမြန် ခေါ်လိုက်သည်။
“ယုချင်း လင်းချွမ် ဘယ်မှာလဲ မြန်မြန် ကြည့်ပေးပါ။ သူ ထွက်ပြေးသွားပြီ ထင်တယ်”
“ပြေးတယ်လား”
တစ်ဖက်မှ ယုချင်းလည်း လန့်သွား၏။
“ဟုတ်တယ်။ သူ လောလော လောလောနဲ့ ရုံးခန်းထဲ ခဏလာပြီး ပြန်ထွက်သွားတာ။ သူ့ကောင်မလေး ဖုန်းကလည်း စက်ပိတ်ထားတယ်။ ကျွန်တော်တို့ တရားစွဲထားတာကို ရှောင်ဖို့ နိုင်ငံခြားပြေးပြီ ထင်တယ်”
ကားလ်မှ ပြောလိုက်သည်။
“ကောင်းပြီ။ ကျွန်မ အခု ကြည့်လိုက်မယ်”
ယုချင်း ချက်ချင်း လင်းချွမ်တည်နေရာအား စုံစမ်းလေ၏။