အတွေ့အကြုံအသစ်
Vol. 27 Ch. 405
(၃) ရက်မျှ ကြာသောအခါ။
ညအချိန်ဖြစ်ပြီး တိမ်မည်းများ လွင့်ဝဲနေကြ၏။
လမ်းမီးတိုင်များ တစ်ခုပြီးတစ်ခု ပွင့်လာပြီး ဝါကျင့်ကျင့် အရှိန်အရောင်များ လေထုထဲ ပျံ့နှံ့ကာ လင်းလက်စေသည်။ မိုးစက်ပေါက်အချို့သည် နူးညံ့သော လေညင်းနှင့်အတူ သစ်ပင်သစ်ကိုင်းများပေါ် စင်ကာ ယိမ်းနွဲ့နေကြလေ၏။
ထို (၃) ရက်အတွင်း လင်းချွမ် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးလေပြီ။
အချက်အလက်အချို့ကိုလည်း ကားလ်မှတစ်ဆင့် ယုချင်းတို့ထံသို့ တမင် ပေါက်ကြားစေခဲ့၏။
ယုချင်းသည် မော်ဂန်အုပ်စု၏ ရာထူးမြင့်သူတစ်ဦး ဖြစ်ကာ တစ်ဖက်တွင် ကားလ်နှင့် ဆက်သွယ်၍ တစ်ဖက်၌ လူးကပ်စ်အား ညွှန်ကြားလေသည်။ ထို့အပြင် ဆာနီယာလက်နက်ကုမ္ပဏီနှင့် စီစဉ်ရသည်များလည်း ရှိ၏။
ထိုအချိန်တွင် လင်းချွမ်မှာ စီစဉ်စရာများ အားလုံး စီစဉ်၍ ဒီဇင်ဘာ (၂၀) ရက်နေ့ တရားရုံးကိုသာ ထိုင်စောင့်နေတော့သည်။
နောက်ထပ် သတင်းကောင်းမှာ ဟားစ်စစ်တပ်မှ ကီလိုမီတာ (၃၇၀) အဝေးထိန်း ဒုံးကျည်လောင်ချာကို လူထုရှေ့ စတင်မိတ်ဆက်လာသည်။ (၃) ရက်မျှ ကြာသောအခါ ပြည်တွင်းပြည်ပ အသီးသီးမှ သတိထားမိသွားကြတော့၏။
အမြင်များမှာတော့ အကောင်းအဆိုး ဒွန်တွဲကာ စုံလင်လှသည်။
ထို့ကြောင့် လက်နက်အကြောင်းကိုလည်း လူသိပိုများလာ၏။
နောက်ဆုံးတော့ ထိုညနေခင်းတစ်ခုတွင် စနစ်၏ အချက်ပေးသံ ကြားရလေသည်။
[ဂုဏ်ယူပါသည်။ လက်နက်ဝိဇ္ဇာဝတ္ထုမှာ အောင်မြင်မှုစံနှုန်း (၈) သောင်း ကျော်သွားပါပြီ]
[ထို့အပြင် ပိုင်ရှင် တီထွင်ထားသည့် ကီလိုမီတာ (၃၇၀) အဝေးထိန်း ဒုံးကျည်လောင်ချာမှာ လူအယောက် (၁) သိန်း၏ အသိအမှတ်ပြုခြင်း ခံရပြီးပါပြီ]
[စစ်ဆေးမှုတာဝန် ပြီးဆုံးပါပြီ]
[နောက်ထပ် အလုပ်အတွေ့အကြုံ ချက်ချင်း စတင်မည်လား]
လင်းချွမ် ထိုင်ခုံအနောက်သို့မှီ၍ ပီတိအပြည့်ဖြင့် ပြုံးရွှင်နေသည်။
စနစ်အချက်ပေးသံမှာ သာယာလွန်းလှ၏။
စစ်ဆေးမှုတာဝန်မှာ အတက်အကျ အခြေအနေများလေသည်။
အစက အမျိုးသားလက်နက် ရှာဖွေလေ့လာရေး ပြိုင်ပွဲမှတစ်ဆင့် လူသိများစေရန် စတင်ခဲ့သော်လည်း သူ ရွေးချယ်ထားသည့်လက်နက်မှာ အလွန် အဆင့်မြင့်သောကြောင့် ပထမအဆင့်၌ပင် ထုတ်ပယ်ခံရပြီး ထုတ်လုပ်ရေးဆီသို့ တန်းရောက်သွားသည်။
ဒီဇင်ဘာ (၁၉) ရက်တွင် အမျိုးသား လက်နက် ရှာဖွေလေ့လာရေးအဖွဲ့မှ ဦးဆောင်၍ ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်လောင်ချာကို စတင် မိတ်ဆက်တော့မည် ဖြစ်သည်။
လင်းချွမ် အစက ထိုအဖွဲ့ကို မည်မျှစောင့်ရမည် မသေချာသောကြောင့် ဟားစ်စစ်တပ်အပေါ်သာ မျှော်လင့်ထားလိုက်၏။
ကံကောင်းစွာဖြင့် ဟားစ်စစ်တပ်၏ မိတ်ဆက်ဖွင့်ချပြမှုကြောင့် လင်းချွမ်တစ်ယောက် စစ်ဆေးမှုတာဝန် အောင်မြင်သွားရသည်။
ထို့အပြင် အခြားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတကာ အမျိုးသားရေး အဖွဲ့အစည်းများကလည်း ထိုလက်နက်အား အတော်လေး စိတ်ဝင်စားကြ၏။
အချို့မှာ လီယို့ကို တိတ်တဆိတ် ဆက်သွယ်ပြီးလေပြီ။
လင်းချွမ်၏ ယုံကြည်ရသော မိတ်ဖက် လီယိုမှာလည်း ကောင်းမွန်စွာ ညွှန်းပေး၏။
သို့ရာတွင် လင်းချွမ်၏ အမှုကြီးကြောင့် အနာဂတ် ဖောက်သည်များမှာ ချက်ချင်း မမှာသေးဘဲ စောင့်ကြည့်ရုံသာ ရှိသည်။
ပထမဆုံး ကိစ္စ မည်သို့ အဆုံးသတ်သွားသည်ကို ကြည့်ရမည်။
လင်းချွမ် ထိုအခြေအနေကို နားလည်ပါသည်။
ထို့ကြောင့် အမှုကို ဒီအတိုင်း နိုင်ရုံတင်မကဘဲ ခမ်းခမ်းနားနား အနိုင်ရချင်၏။
ထို့အပြင် ယခုအခွင့်အရေးကို အသုံးချ၍ မော်ဂန်အုပ်စု၏ လက်နက်ရောင်းဝယ်ရေးကိုပါ အပြီးတိုင် ချေမှုန်းပစ်ချင်၏။
သူတွေးရင်း သက်ပြင်းချကာ စနစ်ထံသို့ ပြန်ရောက်လာသည်။
အလုပ်အသစ်၊ မျှော်လင့်ချက်အသစ်။
ငါ လာပြီကွ။
“အလုပ်အတွေ့အကြုံအသစ် စမယ်”
လင်းချွမ်မှ ပြောလိုက်သည်။
[လက်ခံပါတယ်။ ယခု စတင်ပါပြီ]
[အသင့်ပြင်ထားပါရန်]
စနစ်၏အသံကို ကြားပြီးသည်နှင့် လင်းချွမ်၏အမြင်များ ဝေဝါးသွားသည်။
သူ ထိုအခြေအနေကို ရင်းနှီးပြီး ဖြစ်ပါသည်။
လက်တွေ့ဘဝနှင့် ပုံရိပ်ယောင်ကြားမှ ထူးခြားသော နေရာလေးတစ်ခု ဖြစ်၏။
ထိုစဉ် စနစ်မှ အသံထွက်လာသည်။
[အတွေ့အကြုံတိုင်းသည် လှပသော အမှတ်တရများဖြစ်ပြီး ဝတ္ထုတစ်ပုဒ်အဖြစ် ပြောင်းလဲပေးပါမည်]
[အလုပ်အသစ်အား ကျပန်း ရွေးချယ်နေပါသည်။ ခဏစောင့်ပါ…]
လင်းချွမ် အတွေ့အကြုံများစွာ ဖြတ်သန်းပြီးနောက် အရင်လောက် ရင်ခုန်စိုးရိမ်ခြင်း မရှိတော့ပေ။
သို့သော် တစ်ချက်လွဲသည်နှင့် ထောင်ကျသွားနိုင်၍ ဂရုစိုက်ရန် အရေးကြီးသည်။
စိတ်ငြိမ်ငြိမ် ထားရမယ်။
[ဂုဏ်ယူပါတယ်။ ယခုအတွေ့အကြုံမှာ ပွဲစား ဖြစ်ပါတယ်]
[ယခု အလုပ်အကိုင်အတွက် အရည်အချင်း သီးသန့် တိုးတက်မှုမပေးဘဲ အစစအရာရာ ပျမ်းမျှ တိုးတက်ပါမည်]
လင်းချွမ် အချက်ပေးသံကို နားထောင်ရင်း မျက်မှောင်ကြုတ်မိ၏။
“ဟင်။ ဒီတစ်ခါ အရည်အချင်း မပေးဘူးတဲ့။ ဒီအတိုင်းကြီး ဖြစ်သလို ကြည့်လုပ်ရမှာလား”
[မှန်ပါတယ်]
စနစ်မှ ပြန်ဖြေသည်။
လင်းချွမ် မကျေမနပ်ဖြင့်
“ငါ့ရုပ်ငါ့ရည်နဲ့ ပွဲစား ဖြစ်စရာလား]
စနစ်မှ ပြန်မဖြေတော့ပေ။
လင်းချွမ်မှာ အလွန်ချောမောနေသည်တော့ မဟုတ်သော်လည်း လူအများကြား ထင်ရှားနေသည်မှာ အမှန်ပင်။
မသိနိုင်သော အရှိန်အဝါတစ်ခု အမြဲရှိနေ၏။
တစ်ချက်တွေ့ရုံဖြင့် မှတ်မိစေနိုင်လောက်သည်။
“ကောင်းပြီလေ။ ဖြစ်လာမှတော့ မြှူဆွယ်ပြီးတော့ဖြစ်ဖြစ် ကြိုးစားရမှာပေါ့”
လင်းချွမ် ရယ်မော၍ စနောက်သလို ပြောလိုက်သည်။
အရင်ဆုံး ပုံရိပ်ယောင်လောကထဲက အခြေအနေကို အရင်ကြည့်ရမယ်။
အရင်လောက်တော့ မခက်လောက်ပါဘူး။