တရားရုံးသို့
Vol. 27 Ch. 392
သူ့နောက်ဆုံးပေါ် တီထွင်မှုကို ကီလိုမီတာ (၃၇၀) ဒုံးကျည်လောင်ချာမှ ယှဉ်နိုင်မည် မဟုတ်ချေ။
အချိန်ကျလျှင် လင်းချွမ်မှ သူ့ဒီဇိုင်းအချက်အလက်များ တင်ပြလိုက်ရုံသာ ဖြစ်ပါသည်။
“ဒါဆို ဒီရှေ့နေက စာရွက်စာတမ်း စီစဉ်ပေးပြီး တရားရုံးလာရုံပဲပေါ့။ ကျန်တာ ကျွန်မတို့ကိုယ်တိုင် လုပ်မှာပေါ့”
ကျန်းရှင်းရှင်း နားထောင်ပြီးနောက် သဘောပေါက်သွား၏။
လင်းချွမ်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ဝူကျန်းနှင့်ဆက်၍ စကားပြောလေ၏။
“ဒါဆို ကျေးဇူးပါနော်။ ဒီကို ဘယ်အချိန်လောက် လာနိုင်မလဲ။ ခရီးစရိတ်အားလုံး ကျခံပေးပါမယ်”
“အစ်ကို တကယ်ကြီး အမှုဖြစ်နေတာလား”
ဝူကျန်း မှင်တက်သွား၏။
နောက်နေတယ်ထင်လို့ ပြန်နောက်လိုက်တာလေ။
“ခုနလေးတင် ဆွေးနွေးခဲ့တဲ့ အမှုလေ။ ရှေ့နေ့ဝူပဲ နိုင်ဖို့ အာမခံတယ်ဆို။ အလကား လိုက်ပေးမယ်ဆို”
လင်းချွမ် ပြုံး၍ ပြန်ပြောသည်။
ဝူကျန်းမှာ လုံးဝ စွံ့အ၍ တောင့်နေ၏။
“တကယ်ပြောနေတာလား”
“တကယ်ပေါ့”
လင်းချွမ် ဆက်၍
“အခုမှ ယုံကြည်ချက် မရှိတော့ဘူးလား”
ဝူကျန်း ရှုံ့မဲ့၍ မျက်လုံးကို အုပ်ထားလိုက်မိသည်။
ထို့နောက် ခုံပေါ်မှီထိုင်လိုက်ပြီး မယုံနိုင်စွာဖြင့် ဆဲဆိုနေတော့၏။
အန်လင်းနဲ့ ငါက အဝေးကြီးပဲ။ သူ လာခေါ်လို့ ရတာမှ မဟုတ်တာ။
“အစ်ကိုရေ ကျွန်တော် နောက်လိုက်တာဗျ”
ရုတ်တရက် သူ့လိပ်စာ ပေးထားမိပြီးသည်ကို သတိရကာ နောင်တရသွားသည်။
အမှန်တော့ ယွမ် (၃၀၀၀) လျော်ကြေးအမှုပင် သူ့အတွက် ခက်ခဲလှပါသည်။
“မစိုးရိမ်ပါနဲ့။ နိုင်မယ်လို့ ကျွန်တော် အာမခံပါတယ်”
လင်းချွမ် သူ့ရှေ့မှ ဘွဲ့ရပြီးစ ရှေ့နေလေးကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။
သူကိုယ်တိုင်လည်း လွန်ခဲ့သည့် (၂) နှစ်ကမှ ဘွဲ့ရပြီးသော်လည်း ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ လုံးဝ ပြောင်းလဲသွားလေပြီ။
ဒီဇင်ဘာလ၊ ဆောင်းရာသီ။
ဝူကျန်းမှာ သာမာန်အနွေးထည်အနက်လေး ဝတ်ဆင်ထားပြီး ဆံပင်ခပ်တိုတိုကြောင့် ပိုမိုနုငယ် ချောမောသည့်ဟန်ကို ထင်ရှားစေသည်။
“အစ်ကို့အမှုက လုံးဝ တကယ်လား”
ဝူကျန်း အခုထိ မယုံနိုင်သေးချေ။
လင်းချွမ်မှာ သူ့ထက် အလွန်ဆုံး (၂) နှစ်မျှသာ ပိုကြီးမည့်ပုံရှိပြီး ထိုကဲ့သို့သောသူက နိုင်ငံခြား လက်နက်ကုမ္ပဏီနှင့် ဘီလီယံ (၃၀) လျော်ကြေး ပေးရမည့်အမှု ဖြစ်နေသည်လား။
တရားစွဲခံရသည်မှာ ကြွားစရာ မဟုတ်သော်လည်း ဤသို့အမှုမျိုးမှာတော့ ထင်ရှားစေသည်။
“အတုကြီး မဟုတ်ဘူးလား”
လင်းချွမ်ပြုံးလျက်
“တကယ်ပါဆို။ ကျွန်တော့်မိတ်ဆွေ ရဲဝန်ထမ်းတစ်ယောက်က ကျွန်တော် ရှေ့နေခေါ်လာမှာကို တရားရုံးမှာ စောင့်နေပြီ။ အမှုအကြောင်း ဆွေးနွေးဖို့တဲ့”
ထိုမိတ်ဆွေဆိုသူမှာ ရှန်ချန်းချန်း ဖြစ်ပါသည်။
လင်းချွမ် တရားစွဲခံရသည် ကြားတည်းက တရားရုံးရှိ သူ့သူငယ်ချင်းများကို ချက်ချင်း ဆက်သွယ်၍ အခြေအနေ စုံစမ်းလျက်ရှိသည်။
ထို့နောက် လင်းချွမ်အား ပြန်ဆက်ကာ အမှုအတွက် အတူတူ ဆွေးနွေးရန် ရှေ့နေတစ်ဦး ခေါ်ထားရန် အကြံပေး၏။
ထို့ကြောင့် လင်းချွမ် ဝူကျန်းအား အရေးပေါ် ခေါ်လိုက်ရခြင်း ဖြစ်သည်။
လင်းချွမ် ဝူကျန်းအားခေါ်ရန် စထွက်လာပြီး လမ်းတွင် အမျိုးသား လက်နက်ရှာဖွေရေးဌာနမှ စွန်းချန်းကို ဆက်သွယ်ခဲ့သေးသည်။
အစ်ကိုစွန်းမှ ယခုအမှုအတွက် အထူးစီစဉ်ပေးမည်ဖြစ်ပြီး မစိုးရိမ်ရန် ပြောလိုက်သည်။
အဆက်အသွယ်ကောင်းများ ရှိခြင်းမှာ ကိစ္စများကို လွယ်ကူစေပါသည်။
အခြားသူသာဆိုလျှင် ယခုအချိန် ဇောချွေးရွှဲနစ်၍ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလောက်လေပြီ။
ဝူကျန်း မတတ်သာတော့ဘဲ နောက်ဆုံး ခေါင်းငြိမ့်လိုက်ရ၏။
“အစ်ကိုနဲ့ အမှုကို နည်းနည်းဝိုင်းကြည့်ပေးဖို့ တရားရုံးကို အဖော်လိုက်ခဲ့ပေးမယ်နော်။ လိုအပ်ရင်လည်း ကျွန်တော့်ဆရာကို ခေါ်ပေးမယ်”
“ရှေ့နေဝူတစ်ယောက်တည်းနဲ့ တော်တော် အဆင်ပြေနေပါပြီ။ ဆရာ့အထိ ဒုက္ခပေးစရာ မလိုပါဘူး”
လင်းချွမ် ဝူကျန်းအား သွားခေါ်ပြီးနောက် တရားရုံးသို့ တန်းမောင်းသွားလေသည်။
ဆောင်းရာသီအစောပိုင်း၏ အနောက်မြောက်လေနှင့်အတူ လင်းချွမ်နှင့် ဝူကျန်းတို့ မကြာမီ တရားရုံးသို့ ရောက်သွားကြတော့သည်။
အမှုဆွေးနွေးတင်သွင်းသည့်ရုံးမှာ ပင်မတရားရုံးနှင့် သိပ်မဝေးလှချေ။
မနက်ခင်းအချိန်ပင် ရှိသေးသောကြောင့် နေရောင်ခြည်နုနုမှာ တရားရုံးအဆောက်အဦပေါ် ခပ်ဖွဲဖွဲ ဖြာကျနေသည်။
ဝန်းထဲ၌မူ သစ်ပင်ကြီးများ ယိမ်းနွဲ့၍ ပြတင်းပေါက်မှန်များကိုပါ တစ်ခါတစ်ရံ လာရိုက်ခတ်နေ၏။
အမှုဆွေးနွေးတင်သွင်းရာရုံးတွင် လူအများ ရောက်ရှိနေကြပြီး ဖိုင်တွဲများကိုင်လျက် မျက်နှာများမှာ စိတ်ရှုပ်ခြင်း၊ မျှော်လင့်ခြင်းတို့ဖြင့် ရောနှောကာ လုပ်ငန်းစဉ်ကြီးကို စောင့်ဆိုင်းနေကြသည်။
“လင်းချွမ် ဒီမှာ”
လင်းချွမ် ကားပေါ်မှ ဆင်းသည်နှင့် မိန်းမလှလေးတစ်ဦးမှ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့ရသည်။
ရုံးထဲဝင်သွားကြသောအခါ ယူနီဖောင်းဝတ်ထားသော ဝန်ထမ်းများမှ ကွန်ပျူတာရှေ့တွင် ကျွမ်းကျင်စွာ အလုပ်လုပ်နေကြပြီး အချို့လည်း မေးမြန်းစုံစမ်းသူများအား ဖြေရှင်းနေ၏။
လင်းချွမ်တို့လည်း တံခါးပေါက်ဝမှ လမ်းညွှန်ပေးသည့်အတိုင်း ဝင်လာကြသည်။
ထိုအခါ ပို၍ရှုပ်ထွေးသော ခန်းမကျယ်ကြီးကို တွေ့ရလေသည်။
ခန်းမမှာ ကျယ်ဝန်းသော်လည်း ကောင်တာအသီးသီးနှင့် လုပ်ငန်းစဉ်အများအပြားကြောင့် ပြည့်ကြပ်နေသည်။
အချို့မှာ စာရွက်စာတမ်းများ စစ်ဆေးနေပြီး လိုအပ်သည်များကို ပြန်ပြောနေ၏။ အချို့လည်း ငွေလွှဲပြေစာများကို စစ်ဆေးအတည်ပြုရသည်။ တစ်ဖက်ခြမ်းတွင်မူ ကိုယ်တိုင် ကိုင်တွယ်အသုံးပြုနိုင်သော ပရင်တာများ၊ မိတ္တူကူးစက်များ ထားရှိပေးလေသည်။
ထို့ကြောင့် လာရောက်ဆွေးနွေးသူများ လိုအပ်လျှင် တစ်ခါတည်း စာရွက်စာတမ်းများ ပြင်ဆင်နိုင်၏။