ထောင် ဘယ်လောက်ကျမှာလဲ
Vol. 27 Ch. 389
ကျန်း ခဏစဉ်းစား၍
“ဒါက လင်းချွမ်ရဲ့ပြဿနာလေ”
“အင်း”
ရှန်ချန်းချန်းလည်း ခဏငြိမ်နေပြီးမှ
“လင်းချွမ်ပြဿနာက ရှင်းရှင်း ပြဿနာပဲ မဟုတ်ဘူးလား”
“ဟုတ်တယ်လေ”
ကျန်းရှင်းရှင်း ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။
“အဲ့တော့ လင်းချွမ်ရဲ့ ပြဿနာက ရှင်းရှင်း ပြဿနာ။ ရှင်းရှင်းပြဿနာက ကျွန်မ ပြဿနာ။ အကုန် အတူတူပဲပေါ့။ ခွဲနေစရာမှ မလိုတာ”
ရှန်ချန်းချန်း သူ့အကြောင်းပြချက်နှင့်သူ ပြောလိုက်သည်။
ကျန်း ငြိမ်သွားပြီး နားမလည်နိုင်စွာဖြင့်
“အဲ့လိုဆိုတော့ ဟုတ်သလိုပဲ”
“ကောင်းပါပြီ။ ကျွန်မ အခြေအနေ သွားစုံစမ်းလိုက်ဦးမယ်နော်”
ရှန်ချန်းချန်းမှ ပြော၏။
မကြာမီ ဖုန်းချလိုက်ကြလေသည်။
“နှစ်ယောက်သား တကယ်ကြီး ထောင်ကျစေချင်နေတာလား။ ဘာလဲ”
လင်းချွမ် နောက်ဆုံးတော့ ခပ်မာမာ မေးလိုက်၏။
ကျန်းမှာ အပြစ်လုပ်ထားသော ကြောင်ပေါက်လေးကဲ့သို့ ဇက်လေးပုလျက် မျက်နှာငယ်ဖြင့် ကြည့်နေသည်။
“မမချန်းချန်းနဲ့ ကျွန်မက ဒီအတိုင်း နောက်နေတာပါ”
“တော်တော် နောက်တတ်နေတာပေါ့”
လင်းချွမ် နှာခေါင်းရှုံ့ကာ ပြောလေ၏။
“သူဌေး ကျွန်မ ခြေထောက်တွေ နာနေတုန်းပဲ”
ကျန်း အသနားခံသလိုလေး ပြောလိုက်သည်။
လင်းချွမ်မှာ ပြုံးလျက် ကျန်း၏ နူးညံ့သော မျက်နှာလေးကို ကိုင်ရင်း
“ပင်ပန်းမှာတွေ မလုပ်ခိုင်းပါဘူးကွာ”
“တောရိုင်းကောင်ကြီးလိုပဲ”
“နေ့ခင်းကြောင်တောင်ကြီး ပြစ်မှု ထပ်ဖြစ်အောင် လုပ်နေတာလား”
“ရှင် ပင်ပန်းမှာစိုးလို့ပါ”
ကျန်း ပြုံးလျက်
“အမှုက အခုမှ ဘာမှတောင် မရှင်းရသေးဘူး။ ဒီအချိန် မမချန်းချန်းလည်း ဖုန်းခေါ်လာနိုင်တယ်”
“ရုပ်ရှင်ထဲမှာ ဒီအခြေအနေမျိုး တွေ့ဖူးသလိုပဲ”
“စိတ်လှုပ်ရှားလိုက်တာ”
ကျန်းရှင်းရှင်း မျက်နှာလေးရဲလျက် ပြော၏။
လင်းချွမ် ထိုပုံစံလေးကိုကြည့်ကာ မနေနိုင်တော့ဘဲ ရယ်မောလျက် ကျန်း၏ ပါးနုနုလေးကို ခပ်ဖွဖွ ညှစ်လိုက်သည်။
“အခုတော့ အရေးကြီးတဲ့ တရားရုံးကိစ္စကိုသာ အာရုံစိုက်ထားရအောင်နော်”
“ဟုတ်ကဲ့ သူဌေးလင်းစကားကို နားထောင်ပါ့မယ်”
ကျန်းရှင်းရှင်း တောက်ပစွာ ပြုံးပြလိုက်၏။
သူသည် ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးအနေဖြင့် စာချုပ်ကြီးငယ်များစွာကို အမြဲတမ်း ချုပ်ဆို ပတ်သက်နေရပြီး ထိုတရားရေးအကြောင်းများကို အတော် နားလည်နေလေပြီ။
တရားစွဲဆိုခံရပါက ခုခံသူမှာ အမှုအကြောင်းကို ဖုန်းနှင့်ဖြစ်စေ၊ ဝက်ဘ်ဆိုဒ်မှဖြစ်စေ သေချာ စုံစမ်း၍ ရှေ့နေငှါးရမ်းနိုင်ပါသည်။
လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ ကွန်ပျူတာရှေ့ ထိုင်နေရင်း တရားရုံးဝက်ဘ်ဆိုဒ်ထဲ ဝင်ကြည့်နေကြ၏။
ထို့နောက် နာမည်၊ အိုင်ဒီနံပါတ်၊ ဖုန်းနံပါတ်များ ရိုက်ထည့်၍ အကောင့်ထဲ ဝင်လိုက်သည်။
ဤသို့ဖြင့် သူ့အမှုကို သေချာကြည့်ရင်း အမှုနံပါတ်များ ပေါ်လာလေ၏။
လင်းချွမ် လုပ်ငန်းစဉ်ကို ဖတ်ကြည့်ရာ အခြေခံ အချက်အလက်များပါ ကျလာသည်။
လင်းချွမ်နှင့် ကျန်းရှင်းရှင်းတို့ အာရုံစိုက်၍ ကြည့်နေ၏။
[အမှုအကြောင်းအရာ: သိပ္ပံနည်းပညာ တီထွင်မှု ချိုးဖောက်ခြင်း]
[အမှု အမျိုးအစား: ပြစ်မှု တရားစွဲဆိုခြင်း]
[စွဲဆိုသူ: ဆာနီယာ လက်နက် ကုမ္ပဏီ]
[ခုခံသူ: လင်းချွမ်]
[…]
အမှုအခြေအနေကို အကြမ်းဖျင်း ကြည့်ပြီးနောက် လင်းချွမ် လက်ပိုက်လျက် မေးစေ့အား အသာ ပွတ်ရင်း စဉ်းစားနေသည်။
ကျန်းရှင်းရှင်း ခဏငြိမ်နေပြီးမှ
“ဆာနီယာလက်နက် ကုမ္ပဏီဆိုတာ ကျွန်မတို့ အခုမှ ကြားဖူးတာမလား”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“အရှေ့တောင်အာရှက လက်နက်ကုမ္ပဏီကနေ တရားစွဲတာပဲ။ မထင်ထားမိဘူး”
နိုင်ငံတကာအမှု အထူးသဖြင့် နည်းပညာ ချိုးဖောက်မှုများမှာ ကိုင်တွယ်ရ အလွန်ခက်ပါသည်။
ပုံမှန်အားဖြင့် ကူးချခံရသည်ဟူသော သံသယရှိပါက မိမိနိုင်ငံ သို့ တစ်ဖက်နိုင်ငံတွင် တရားစွဲလေ့ ရှိ၏။
သို့သော် မိမိနိုင်ငံ၌ စွဲဆိုပါက လင်းချွမ်သည် အရှေ့တောင်အာရှနှင့် ပတ်သက်စရာ မရှိသောကြောင့် အန်လင်း၌သာ တိုင်စာ ပို့ထားလိုက်သည်။
ကျန်း ကွန်ပျူတာကိုကြည့်၍ လက်နက်ချိုးဖောက်မှုအကြောင်း ပြန်ဖတ်နေ၏။
ဒုံးကျည်အမျိုးအစားထဲ၌ပင် ထုတ်လုပ်ရေး၊ လမ်းညွှန်၊ အရှိန်နှုန်း စသဖြင့် နည်းပညာများစွာ ပါဝင်နေသည်။
ကျန်းရှင်းရှင်း ဖတ်နေရင်း ရယ်ရမလို ငိုရမလို ဖြစ်နေသည်။
“ပြစ်မှုက တကယ်များတာပဲ။ စွဲချက်တင်တဲ့အခါ ဘယ်လောက်တောင် ကြာလိုက်မလဲ”
လင်းချွမ်လည်း စိတ်ပျက်လက်ပျက်ဖြင့် ကွန်ပျူတာ၌ နည်းပညာဆိုင်ရာ အများဆုံး ဥပဒေပုဒ်မများ ရှာကြည့်လိုက်သည်။
အင်တာနက်လိုင်း အလွန်ကောင်း၍ ချက်ချင်း ပေါ်လာ၏။
အပေါ်ပိုင်းတွင် ကြော်ငြာ များနေသောကြောင့် အောက်သို့ ကျော်လာရင်း ဖြစ်နိုင်ခြေနှင့် တရားဝင်စာများကို တွေ့ရသည်။
လင်းချွမ်ကဲ့သို့ အမှုမျိုးတွင် ထောင်ဘယ်နှစ်နှစ်ကျမည်ကိုတော့ အဖြေအတိအကျ မပေးနိုင်ပေ။
သူ့လို အခြေအနေမျိုး မရှိခဲ့ဖူး၍ ဖြစ်၏။
“ရှာမတွေ့ဘူး”
လင်းချွမ် ရေရွတ်လိုက်သည်။
“သူဌေးလင်း ဒီမှာ ထိပ်တန်းရှေ့နေနဲ့ ဆွေးနွေးလို့ ရတယ်တဲ့”
ကျန်းရှင်းရှင်းမှ ကွန်ပျူတာ ညာဘက်ထောင့်ရှိ ကြော်ငြာလေးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။