← Chapters

အယ်ဒီတာနဲ့ လိုက်တွေ့ပါ

Vol. 28 Ch. 410

အယ်ဒီတာနဲ့ လိုက်တွေ့ပါ

Vol. 28 Ch. 410

လင်းချွမ် အံ့ဩသွားကာ

“အယ်ဒီတာ။ ဝတ္ထု အယ်ဒီတာလား ဒါမှမဟုတ်…”

“ဟုတ်တယ်။ ဝတ္ထု အယ်ဒီတာလေ”

လင်းချွမ် သူ့နားသူပင် မယုံနိုင် ဖြစ်နေ၏။ 

သူ မနေ့ညက ပုံရိပ်ယောင်လောကတွင် အင်အား အလွန် သုံးလိုက်မိသောကြောင့် ပို၍ ခေါင်းထဲ ရှုပ်ထွေးသွားသည်။ 

ရှင်းရှင်း ဘာပြောတာလဲ။ 

အယ်ဒီတာနဲ့ တွေ့မှာလား။  

“ဝတ္ထု ထုတ်တော့မလို့လား”

လင်းချွမ်မှ မေးလိုက်၏။ 

သူ အစက ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ ယုယွီနှင့် မိတ်ဆက်ပေးရန် တွေးခဲ့ဖူးသော်လည်း နောက်ဆုံးတော့ မတွေ့ပေးရန်သာ ဆုံးဖြတ်လိုက်သည်။ 

ရှင်းရှင်းနှင့် ယုယွီတို့တွေ့လျှင် ခေါင်းကိုက်စရာတစ်ခု ထပ်တိုးလာပေမည်။ 

ကျန်း ခေါင်းယမ်းပြ၍

“ဝတ္ထုက ထုတ်တောင် ထုတ်ပြီးပြီ”

“ထုတ်ပြီးပြီလား”

လင်းချွမ် အံ့ဩသွားကာ

“ဘယ်တုန်းတည်းကလဲ”

“ဟိုတစ်လောကပါ။ ရှင်လည်း အလုပ်ရှုပ်နေတော့ ကိုယ့်ဟာကိုယ် တိတ်တိတ်လေးရေးပြီး ထုတ်လိုက်တာ”

ကျန်း ရှက်သလိုလေး ပြောလိုက်၏။ 

လင်းချွမ်မှာ ရွက်လွှင့်ခြင်းဝက််ဆိုဒ်၌ အရေးပါသူတစ်ဦးဖြစ်ပြီး ကျန်းမှာတော့ အသစ်လေး ဖြစ်လေသည်။ 

လင်းချွမ်ရှေ့တွင် ဝတ္ထုအကြောင်းနှင့် ပတ်သက်လျှင်  ရှက်နေမိပါသေးသည်။ 

အွန်လိုင်းတွင် စာရေးနေသူတိုင်း ထိုခံစားချက်ကို နားလည်ပါသည်။ 

မည်သူမျှ အပြင်တွင် မတွေ့ချင်ကြပေ။ 

အထူးသဖြင့် ဆွေမျိုးများသိလျှင် ရွာရိုးကိုးပေါက် လျှောက်သွား၍ အတင်းပြောနိုင်၏။ 

“ကော်ဖီ ရပါပြီ”

စားပွဲထိုးမလေးမှ ကော်ဖီ (၂) ခွက် ယူလာပြီး စားပွဲပေါ် ချပေးလိုက်သည်။ 

လင်းချွမ် ကော်ဖီအနည်းငယ် သောက်၍

“ရှင်းရှင်းက အရမ်းလျှို့ဝှက်တာပဲ။ ကို့ကိုတောင် မပြောပြဘူး”

“နည်းနည်း ရှက်နေလို့ပါ”

ကျန်းမှ ပြော၏။ 

“ဘယ်ဝက်ဘ်ဆိုဒ်မှာ တင်တာလဲ။ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ပဲလား”

လင်းချွမ်မှ စီနီယာတစ်ဦးအနေဖြင့် မေးလိုက်သည်။ 

ကျန်း ခေါင်းယမ်းပြ၏။ 

“ဒါဆို ဖန်ဖန်မှာလား။ ဒါမှမဟုတ် ကတ်ကတ်လား”

လင်းချွမ် ခန့်မှန်း၍ ပြောလိုက်၏။ 

ထိုဝက်ဘ်ဆိုဒ်များမှာ လက်ရှိတွင် ဦးဆောင်နေသည့်ထဲ ပါသည်။ 

ကျန်း ခေါင်းထပ်ယမ်းပြပြန်သည်။ 

“ဒီဝက်ဘ်ဆိုဒ်တွေက အရမ်းကြီးတာ။ ကျွန်မအခြေအနေနဲ့ သွားမတိုးရဲပါဘူး”

“ဝက်ဘ်ဆိုဒ်အသေးတွေဆိုရင် နည်းနည်း အန္တရာယ် ရှိတယ်လေ”

လင်းချွမ် သိထားသည့်အချက်များရှိ၍ သတိပေးလိုက်၏။ 

“ကျွန်မတင်ထားတာက မားစ်ဝက်ဘ်ဆိုဒ်တဲ့။ ကြားဖူးလား”

ကျန်းမှ တက်ကြွစွာ ပြောသည်။ 

လင်းချွမ် ခဏစဉ်းစား၍

“တစ်ခါမှ မကြားဖူးဘူး။ အခုရော ဘယ်လို အခြေအနေ ရှိလဲ။ လိမ်တော့ မရောင်းနဲ့နော်”

“အခြေအနေက… သိပ်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ အယ်ဒီတာက ကျွန်မနဲ့ တွေ့ချင်တယ်တဲ့။ ထုတ်ဝေရေးကိစ္စ ပြောချင်တယ် ပြောတာပဲ”

ကျန်းမှ ပြောပြ၏။ 

“ဟင်”

လင်းချွမ် ကော်ဖီသောက်ရင်း သီးမလို ဖြစ်သွားသည်။ 

ထုတ်ဝေရေးလား။ 

ငါတောင် စာအုပ် မထုတ်ဖူးသေးဘူး။ 

“အဲ့တာကြောင့် ရှင့်ကိုခေါ်လာခဲ့တာပေါ့။ အလိမ်ခံရရင် ကယ်ပေးလေ”

ကျန်းမှ လင်းချွမ်၏ လက်မောင်းကို ဖက်ကာ မျက်လုံးအရောင်လေးများ တောက်၍ ပြောလိုက်သည်။ 

လင်းချွမ်လည်း ပြုံးလျက်

“ငါ့ကျန်းလေးကို လိမ်ရဲလိမ်ကြည့်ပါလား။ သူတို့ဝက်ဘ်ဆိုဒ်ကို ပြောင်းပြန်လှန်ပစ်မယ်”

“အဲ့လိုဆိုရင် စိတ်အေးသွားပါပြီ”

ကျန်း ပြုံးရွှင်နေလေ၏။ 

လင်းချွမ်ကတော့ သူ့ဆံနွယ်များကို သပ်ပေးရင်း ချစ်ခင်စွာ ကြည့်နေသည်။ 

“ဒါနဲ့ အဲ့ဒီ မားစ်ဝက်ဘ်ဆိုဒ်က အရှေ့တောင်အာရှမှာလည်း တင်တယ်ထင်တယ်”

ကျန်းမှ ထပ်ပြော၏။ 

“အဲ့လောက်တောင် အင်အားကြီးတာလား”

လင်းချွမ် အံ့ဩစွာ ပြောမိသည်။ 

ထို့နောက် နှစ်ယောက်သား ဝက်ဘ်ဆိုဒ်များအကြောင်း ဆက်ဆွေးနွေးမိလေသည်။ 

…

ကော်ဖီဆိုင်အပြင်ဘက်။ 

တက်စီတစ်စီးပေါ်တွင် လူ (၂) ဦး ပါလာ၏။ 

“ဒီက ဖတ်ရှုသူတွေက တကယ် အဆင်ပြေတယ်”

အစ်ကိုဟောက်မှ သူ့မုတ်ဆိတ်မွေးကိုသပ်ရင်း ပြောလေသည်။ 

မိုးရွာပြီးနောက် အန်လင်းမြို့သည် ပို၍ စိမ်းစို သာယာနေ၏။ 

“ဟုတ်ပါ့။ နေလို့လည်း ကောင်းတယ်။ နည်းနည်း ချမ်းတာပဲ ရှိတယ်”

ဟောမှ ကုတ်အင်္ကျီကို ခပ်တင်းတင်း ဆွဲလိုက်ပြီး ပြောမိသည်။ 

“ကော်ဖီဆိုင်ကို အခုထိ မရောက်သေးဘူးလား။ ငွေထုတ်စက်နဲ့ တွေ့ရဖို့ မစောင့်နိုင်တော့ဘူး”

အစ်ကိုဟောက် စိတ်မရှည်စွာ ပြော၏။ 

ဟောမှ ဖုန်းထဲရှိ မြေပုံကိုကြည့်ကာ

“နောက်ထပ် မီးပွိုင့် (၂) ခုလောက်ဆို ရောက်ပါပြီ”

“အင်းပါ”

အစ်ကိုဟော ကျေနပ်စွာ ခေါင်းငြိမ့်ပြ၍

“ကျန်းရဲ့စာအုပ်က တကယ်ကောင်းတာနော်။ အရှေ့တောင်အာရှကို သိမ်းနိုင်လောက်တယ်”

“ဟုတ်တယ်။ စာရေးဆရာ အသစ်လေးက အဲ့လောက် အင်အားကြီးမယ်လို့ မထင်ထားဘူး။ တကယ်ပဲ…”

“တကယ်ပဲ ဘာဖြစ်လဲ”

“အရင်တစ်ခါ လက်နက်ဝိဇ္ဇာဆိုတဲ့ စာအုပ်ထက်တောင် ကောင်းသေးတယ်လို့”

“အဲ့နာမည် မပြောစမ်းပါနဲ့ကွာ”

ထိုအခါ ဟောမှ

“မစိုးရိမ်ပါနဲ့ အစ်ကိုဟောက်ရယ်။ သူက မားစ် ဝက်ဘ်ဆိုဒ်နဲ့ ပတ်သက်စရာအကြောင်း လုံးဝ မရှိဘူး”

“အင်းနော်”

“သူက အခုလက်နက်ကုမ္ပဏီတစ်ခုဆီကလည်း တရားစွဲခံထားရသေးတယ်။ သူ့ပြဿနာနဲ့သူ ရှုပ်နေတာပါ”

ဟော ရယ်မော၍ ပြောလိုက်၏။ 

“ပြီးတာပါပဲ”

အစ်ကိုဟောက်သည် အဖွဲ့ကြီး (၂) ခု၏ ကြားညပ်၍ ခြိမ်းခြောက်ခံရပြီးနောက် လင်းချွမ်ကို အလွန် ကြောက်သွားပါသည်။ 

All Chapters