အဲ့ဒီလင်း မဟုတ်ဘူးလေ
Vol. 28 Ch. 411
မကြာမီ အစ်ကိုဟောက်နှင့် ဟောတို့ သစ်နီ ကော်ဖီဆိုင်ဆီသို့ ရောက်လာကြ၏။
ဟောသည် စာရေးဆရာများအား ဆက်သွယ် တာဝန်ယူပေးရသော အယ်ဒီတာတစ်ဦးအဖြစ် သရုပ်ဆောင်သည်။
ကော်ဖီဆိုင်ထဲ ဝင်လာကြပြီးနောက် ဟောမှ ဟိုဟိုဒီဒီ ရှာကြည့်လိုက်ပြီး ပြတင်းပေါက်ဘေးခုံတွင် ကုတ်အင်္ကျီအညိုလေးဖြင့် သပ်သပ်ရပ်ရပ်ရှိသော မိန်းမလှလေးကို တွေ့ရသည်။
မိန်းကလေးမှ သူတို့ကို လက်ဝှေ့ယမ်းပြသောအခါ ဟောလည်း ပြုံး၍ လက်ပြန်ပြလိုက်သည်။
ဘေးမှ အစ်ကိုဟောက်လည်း မိန်းကလေးကို တွေ့သည်နှင့် မျက်လုံးအရောင်များ လက်သွား၏။
လှလိုက်တာ။
ဘဲဥပုံမျက်နှာနှင့် မျက်လုံး၊ မျက်ခုံးမျာမှာ ပန်းချီဆွဲထားသကဲ့သို့ ပြီးပြည့်စုံကာ အသားအရည်သည် ကြည်လဲ့ဝင်းပနေသည်။
အလုပ်သဘောဆန်ဆန် သပ်ရပ်စွာ ဝတ်စားထားသော အသွင်အပြင်ကြောင့် ပို၍ ကျက်သရေ ရှိနေ၏။
ရုတ်တရက်။
ဘေးမှ လူတစ်ဦးကိုပါ သတိထားမိသွားသည်။
သူ့ပုံစံမှာ ချောမောသလို ထင်ရသော်လည်း အစ်ကိုဟောက်အတွေးတွင် သူ့ကိုတော့မမှီဟု ထင်ပါသည်။
ဆံပင်သပ်ရပ်စွာ ဖြီးညှပ်ထား၍ အဆင်ပြေသလို ထင်ရခြင်း ဖြစ်၏။
အစ်ကိုဟောက် သူတို့ဘက်ကိုကြည့်၍ လျှောက်လာရင်း ရင်တဒိတ်ဒိတ်ခုန်ကာ တစ်ခုခု ထူးဆန်းနေသကဲ့သို့ ခံစားရလေသည်။
ကျန်းရှင်းရှင်းမှာ အလွန်လှပချောမောသော်လည်း သူ့အာရုံများ လင်းချွမ်အပေါ်၌သာ ကျရောက်နေ၏။
“အစ်ကိုဟောက် ကျန်းက ဟိုမှာ ခေါ်နေတယ်။ သွားရအောင်”
အစ်ကိုဟောက်မှ မလှုပ်မယှက်ဖြစ်နေ၍ ဟော အသံမြှင့်၍ ပြောလိုက်သည်။
“ဪ အေး”
ထိုအခါမှ အစ်ကိုဟောက် သတိပြန်ဝင်လာပြီး ထူးဆန်းသော အတွေးများကို ဖယ်၍ လင်းချွမ်တို့ထံ လျှောက်လာ၏။
“အယ်ဒီတာကြီး မင်္ဂလာပါ”
ကျန်းမှ ထိုင်ရန် လက်ပြရင်း ပြုံး၍ နှုတ်ဆက်သည်။
သူ စီးပွါးရေးလောကတွင် အောင်မြင်နေသော်လည်း ဝတ္ထုနယ်ပယ်တွင်တော့ အသစ်လေးတစ်ဦး ဖြစ်ပါသည်။
လင်းချွမ်မှာတော့ ပို၍ သက်တောင့်သက်သာပုံ ပေါ်လေသည်။
“မင်္ဂလာပါ ကျန်း”
ဟော ဝင်ထိုင်ရင်း နှုတ်ဆက်လိုက်သည်။
သူ စားပွဲထိုးလေးအား ကော်ဖီ (၂) ခွက် မှာပြီးနောက် လင်းချွမ်ကို တစ်ချက်ကြည့်ကာ
“ဒါက ဘယ်သူများလဲ”
ကျန်း လင်းချွမ်ကို ပြုံး၍ ကြည့်နေရင်း
“ကျွန်မ ချစ်သူပါ”
“မင်္ဂလာပါ အယ်ဒီတာကြီး”
လင်းချွမ် ခေါင်းငြိမ့်ပြ၍ ပြုံးကာ နှုတ်ဆက်လိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်”
ဟောမှ အစ်ကိုဟောက်ကို ညွှန်ပြ၍
“ဒါကတော့ အစ်ကိုဟောက်ပါ။ ကျွန်တော်တို့ မားစ် ဝက်ဘ်ဆိုဒ်ရဲ့ သူဌေးလေ။ ကျန်းကို လူချင်း တွေ့ချင်လွန်းလို့ လိုက်လာတာ”
“ဪ အစ်ကိုဟောက်”
လင်းချွမ် ပြုံး၍ နှုတ်ဆက်လိုက်၏။
“အရှေ့တောင်အာရှဘက်ကနေ အဝေးကြီး ရောက်လာကြတာပဲ”
အစ်ကိုဟောက်မှာ တရုတ်စာလုံးတွင် ‘လင်း’ တစ်လုံးတည်းသာသိ၍ ဟောမှ ဘာသာပြန်ပေးရ၏။
လင်းချွမ် သူ့ကိုကြည့်ရင်း မျက်မှောင်ကြုတ်မိလေသည်။
ဆိုင်ထဲဝင်လာတည်းက သူ့ကို စိုက်ကြည့်နေသလို ခံစားရ၏။
အစက ကျန်းကို ကြည့်သည်ဟု ထင်မိသော်လည်း ယခု ကျန်းမှာ ဘေးတွင် ရှိလျက်ဖြင့် သူ့ကိုကြည့်မှန်း သိသာသောကြောင့် ထူးဆန်းနေသည်။ .
“အရမ်းမဝေးပါဘူး။ လေယာဉ်စီးလာတာပဲလေ”
ဟောမှ ပြုံးလျက် ကျန်းကိုလှမ်းကြည့်ကာ
“ကျန်းထက် ကျွန်တော်က အသက်ပိုကြီးမယ့်ပုံဆိုတော့ ကျန်းလေးလို့ပဲ ခေါ်မယ်နော်။ နောက်လည်း ကျွန်တော်တို့ မားစ်နဲ့ အကြာကြီး လက်တွဲသွားဖို့ မျှော်လင့်ပါတယ်”
“ဟုတ်ကဲ့ပါ အယ်ဒီတာကြီး”
ကျန်းမှ ပြုံးရွှင်စွာ ပြောလေသည်။
“ကျန်းလေးရဲ့ ချစ်သူကိုရော ဘယ်လိုခေါ်ရင် ရလဲ”
ဟောမှ လင်းချွမ်ကိုကြည့်၍ မေးလိုက်သည်။
ကျန်း မျက်ခုံးလေးပင့်လျက်
“သူ့မျိုးရိုးနာမည်က လင်းလေ။ ဒီအတိုင်း…”
ထိုစဉ် စားပွဲထိုးလေးမှ ကော်ဖီခွက်များ လာချပေး၏။
သို့သော် လင်းဟူသည့်အသံကြားသည်နှင့် အစ်ကိုဟောက်မှာ ချက်ချင်း မှင်တက်၍ မတ်တပ်ထရပ်မိသောကြောင့် ကော်ဖီလာချပေးသော စားပွဲထိုးလေးနှင့် တိုက်မိကာ အားလုံး မှောက်ကျကုန်လေသည်။
ခွက်များလည်း ကွဲကုန်သောကြောင့် အားလုံး သူတို့ဝိုင်းဆီသို့ အကြည့်များ ရောက်လာ၏။
စားပွဲထိုးလေးမှာ လန့်ဖျပ်၍ အဆက်မပြတ် တောင်းပန်နေသော်လည်း အစ်ကိုဟောက်တစ်ယောက် စိတ်လွတ်နေဆဲ ဖြစ်သည်။
ဟောလည်း အစ်ကိုဟောက်အားတွဲ၍ သန့်စင်ခန်းဘက် ခေါ်သွားရင်း မလေးရှားလို ဆက်ပြောကြလေသည်။
“ဒါ အစ်ကို စိုးရိမ်နေတဲ့ လင်း မဟုတ်ဘူးလေ”
“သိပါတယ် သိပါတယ်”
အစ်ကိုဟောက် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။
တစ်ဖက်တွင် စားပွဲထိုးလေးမှ ပျက်စီးသွားသည်များကို ပျာပျာသလဲ သိမ်းဆည်းနေ၏။
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“ရှင်းရှင်း အဲ့ဒီအစ်ကိုဟောက်ဆိုတဲ့ တစ်ယောက်က နည်းနည်း ထူးဆန်းတယ်နော်”
“ထူးဆန်းတာလား”
ကျန်းကတော့ သတိမထားမိပေ။
“အင်း ဝင်လာတည်းက ကို့ကိုပဲ စိုက်ကြည့်နေတာ။ အခု ကိုနဲ့ မိတ်ဆက်ပေးတော့လည်း အထိတ်တလန့်နဲ့”
လင်းချွမ်မှာ အေးဂျင့်တစ်ဦး ဖြစ်ခဲ့၍ လူတစ်ယောက်၏ အသေးစိတ်အပြုအမူတိုင်းကို သိပါသည်။
“ဟုတ်လား။ ဒါနဲ့ အရှေ့တောင်အာရှဘက်က ပုံနဲ့ တူတယ်နော်”
လင်းချွမ် ခေါင်းငြိမ့်ပြကာ
“ဟုတ်တယ်။ မလေးစကား ပြောနေတာ”
“ရှင်က နားလည်တာလား”
လင်းချွမ်ပြုံး၍
“နည်းနည်းပါ။ အရှေ့တောင်အာရှက တချို့စကားတွေ သိတယ်လေ”
“ရှင်ကတော့ တကယ့်ကို ဘာသာစကားဘုရင်ပဲ။ အရမ်းလေးစားတယ်”
ကျန်းမှာ လင်းချွမ်အပေါ် အမြဲ သဘောကျလေးစား၍ ချီးကျူးပေးတတ်၏။
လင်းချွမ် အားရပါးရ ရယ်မော၍ ပြန်နောက်လိုက်သည်။
“အခုဆို မင်းလည်း အရှေ့တောင်အာရှမှာတောင် စာအုပ်ထုတ်တော့မှာလေ”
“ရှင့်ကိုတော့ ယှဉ်လို့မရပါဘူး။ ပရိသတ် အခိုင်အမာ ရှိနေတာကို”
ကျန်း နှာခေါင်းလေးရှုံ့၍ ပြော၏။
လင်းချွမ် လက်ယမ်းပြကာ
“သူတို့က အစွန်းရောက်တွေပါ။ ကိုတောင် ကြောက်တယ်”
ထို့နောက် နှစ်ယောက်သား အတူ ရယ်မောလိုက်မိသည်။
လင်းချွမ် ကော်ဖီသောက်ရင်း ဟော၏ ‘သူက အဲ့ဒီလင်း မဟုတ်ဘူးလေ’ ဟူသော စကားကို ပြန်တွေးနေမိ၏။
အစ်ကိုဟောက်မှာ လင်းဆိုသူတစ်ယောက်ယောက်နှင့် တွေ့ဖူးပြီး ကြောက်နေပုံရသည်။