← Chapters

တစ်ခါမှ မကြားဖူးဘူး

Vol. 28 Ch. 413

တစ်ခါမှ မကြားဖူးဘူး

Vol. 28 Ch. 413

သစ်နီကော်ဖီဆိုင်။ 

ထိုအချိန်တွင် ဒီဇင်ဘာလဖြစ်ပြီး တောင်ပိုင်းမြို့လေးမှာတော့ ဆောင်းရာသီထဲ စတင် ချင်းနင်းဝင်ရောက်စ ဖြစ်၏။ ကော်ဖီဆိုင်ထဲ၌ အပူပေးစက်ပင် ဖွင့်မထားဘဲ ပြတင်းပေါက်မှ သဘာဝအတိုင်း ဝင်ရောက်လာသော လေနုအေးများကို ခံစားစေလေသည်။ 

လင်းချွမ်မှာ အလုံပိတ်၍ လေဝင်လေထွက်မရှိသော နေရာများတွင် အသက်ရှူကြပ်သလို ခံစားရတတ်သည်။ 

ယခုတော့ အေးမြသောလေကို ခံစားရင်း ကော်ဖီလေး သောက်လျက် ပြုံးကာ

“အရမ်းကြီး ဂန္တဝင်စာပေတွေ ရေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြားဖူးမယ် ထင်ပါတယ်”

ဟောနှင့် အစ်ကိုဟောက်တို့ အချင်းချင်း ကြည့်လိုက်မိသည်။ 

လင်းချွမ် မလေးစကားနားမလည်သည် အထင်ဖြင့် ဟောနှင့် အစ်ကိုဟောက်တို့ အေးဆေး ပြောနေသည်။ 

“အဆင့်မမြင့်ရင်လည်း လာကြွားချင်နေသေးတယ်။ ငါတို့ ဝက်ဘ်ဆိုဒ်က တစ်ကမ္ဘာလုံးရဲ့ နာမည်ကြီးဝတ္ထုတွေပဲ ထုတ်တာကို”

အဟမ်း ခိုးထားတာ ဆိုပေမဲ့ပေါ့။ 

ဘာပဲဲဖြစ်ဖြစ် အောင်မြင်မှုပဲလေ။ 

အစ်ကိုဟောက်၏ အရှက်မရှိသော အတွေးဖြစ်၏။  ဟောမှ

“ဟုတ်တယ်။ ကျွန်တော်တို့ ဝက်ဘ်ဆိုဒ်ကိုတော့ ယှဉ်မရဘူး”

သို့သော် လင်းချွမ်ကိုကြည့်၍ အစ်ကိုဟောက်မှ ခပ်အေးအေး ပြောလိုက်သည်။ 

“လင်းရယ် အခုတော့ နာမည်မကြီးသေးပေမဲ့ နောက်ပိုင်း ဝတ္ထုကောင်းတွေ ထုတ်နိုင်မှာပါ။ ကျွန်တော်တို့ မားစ်မှာ လာတင်ပါလား။ တစ်လကို (၅) ထောင်လောက်တော့ သေချာပေါက် ရတယ်”

သူပြောရင်း ပြောရင်း ယုံကြည်ချက်အပြည့် ဖြစ်လာ၏။ ခုနက လင်းကို ကြောက်ရွံ့သော စိတ်မျိုး လုံးဝမရှိတော့ချေ။ 

ဟန်ဆောင်ခြင်း၏ အကျိုးကျေးဇူးဖြစ်၏။ 

ဆက်ဟန်ဆောင်ထား။ အဲ့လိုနဲ့ အမှန်တကယ်လို ဖြစ်လာလိမ့်မယ်။ 

ဟောမှ ထိုအတိုင်း ဘာသာပြန်ပေးလိုက်သည်။ 

လင်းချွမ်သည် မလေးစကား နားလည်နေသောကြောင့် အားလုံးကို သေချာကြားကာ အံ့ဩနေတော့သည်။ 

သူတို့က ဝတ္ထုတွေ ခိုးထားတာပဲ။ 

သို့သော် ကျန်းမှ

“တစ်လကို (၅) ထောင်ကတော့ မနည်းလွန်းဘူးလား။ ကျွန်မကောင်လေး ဝတ္ထုလည်း ပြည်ပမှာ ရောင်းဖူးပါတယ်။ အရှေ့တောင်အာရှမှာတောင် နာမည်ကြီးသွားသေးတယ်”

“ဘယ်လို”

အစ်ကိုဟောက် နှာခေါင်းကိုပွတ်လျက် ဟောပုခုံးကို လှမ်းပုတ်ပြီးနောက် 

“အဲ့တာဆို အောင်မြင်နေတာပေါ့။ သေချာ ဆက်ဆွေးနွေးရမှာပဲ”

ထို့နောက် ဆက်၍

“အရှေ့တောင်အာရှမှာ အောင်မြင်တယ်ဆိုတာ ဘယ်အဆင့်ကို ပြောတာလဲ”

လင်းချွမ် စားပွဲပေါ် လက်တင်၍ ပြုံးကာ

“အဲ့ဒီက ဆိုင်းဘုတ်တွေမှာ တင်ပေးထားတယ်တဲ့။ လမ်းမှာ ဖြတ်သွားရင် တွေ့မှာပေါ့”

ဟော ရယ်မော၍

“ဒါက ကျွန်တော်တို့ဝက်ဘက်ဆိုဒ်လည်း လုပ်ဖြစ်တာပဲ။ စာအုပ်နာမည်သာ ပြောလိုက်ပါ။ အပြင်ထွက်ဖြစ်ရင် ရှိမရှိ ကြည့်လိုက်မယ်”

အစ်ကိုဟောက်လည်း စိတ်ထဲမှ တွေးနေ၏။ 

အရှေ့တောင်အာရှမှာ နာမည်ကြီးရင် ငါ မသိစရာ မရှိဘူးလေ။ ဒီကောင်လေးက မူပိုင်ခွင့်ဈေး များများ လိုချင်တာနဲ့ပဲ အကြွားထူနေတယ်။ 

ထို့နောက် ခပ်တည်တည်ကြည့်ကာ

“စာအုပ်နာမည်က ဘာလဲ။ အချိန်ရရင် ဖတ်ကြည့်လိုက်မယ်”

လင်းချွမ်မှာ ကြွားချင်စိတ် မရှိသော်လည်း နဂါးမင်းကဲ့သို့ ဂုဏ်ယူစွာပြုံး၍ ပြောလိုက်သည်။ 

“လက်နက်ဝိဇ္ဇာဆိုတဲ့ စာအုပ်လေ။ ဟိုတစ်လောက တော်တော်လေး ပေါက်သွားတယ်”

လင်းချွမ် ပြောပြီးနောက် ကော်ဖီကို ခပ်ဖြည်းဖြည်း သောက်လိုက်၏။ 

“လက်နက်ဝိဇ္ဇာလား။ ဟင်။ တစ်ခါမှလည်း မကြားဖူး…”

အစ်ကိုဟောက်မှ ခပ်တင်းတင်း ပြောလိုက်သော်လည်း အသံမှာ တုန်ချင်နေသည်။ 

မျက်နှာလည်း ရုတ်တရက် ပျက်သွားကာ လက်များ တဆတ်ဆတ် တုန်လာ၏။ 

လက်နက်ဝိဇ္ဇာလား။ 

“မကြားဖူးဘူးလား”

လင်းချွမ် စိတ်ပျက်သွားသလို မေးလိုက်သည်။ 

“မ… မဟုတ်…”

အစ်ကိုဟောက်နှင့် ဟောတို့ လန့်ဖျပ်သွား၏။  

လည်ချောင်းများ ခြောက်ကပ်ကာ မျက်နှာကြီးမှာ ပုပ်နေ၏။ 

သူတို့ရှေ့မှ ချောမော လန်းဆန်း၍ ကြည့်ကောင်းသော လူငယ်လေးမှာ ရုတ်တရက် မကောင်းဆိုးဝါးအသွင် ဖြစ်လာသည်။ 

အစ်ကိုဟောက်မှာ အခြေအနေပိုဆိုး၏။ 

မျက်နှာ ဖြူဖျော့လျက် လက်များ ဆိုးရွားစွာ တုန်နေ၍ ကော်ဖီခွက် မမှောက်အောင် မနည်းထိန်း၍ ပြန်တင်လိုက်ရသည်။ 

သူ အခုချက်ချင်းပင် ထွက်ပြေးချင်မိ၏။ 

သို့သော် ခြေထောက်များမှာ အကြောဆိုင်းသကဲ့သို့ မလှုပ်ရှားနိုင်ဘဲ မူးမလဲအောင်သာ မနည်း ထိန်းနေရသည်။ 

မျက်လုံးများမှာတော့ ထိတ်လန့်ခြောက်ခြားနေမှန်း သိသာလှသည်။ 

အတွင်းစိတ်ထဲမှ နတ်ဆိုးတွင်လည်း သတ္တိကြောင်သော စိတ်ဓာတ် ရှိတတ်သည်။ 

“ဘာဖြစ်လို့လဲ။ အန်လင်းရာသီဥတုနဲ့ နေရခက်နေသေးတာလား”

ကျန်းမှ သူတို့၏ မူမမှန်ပုံများကို သတိထားမိကာ မေးလိုက်သည်။ 

“အာ…ဟို ဟို မနေ့က အအေးမိထားလို့ ထင်တယ်”

ဟောမှာ တုန်ရီနေသောကြောင့် စကားများလည်း ထစ်နေသည်။ 

ထို့နောက် အစ်ကိုဟောက်နဖူးအား စမ်း၍ မျက်လုံးပြူးကာ အံ့ဩသည့်ဟန်ဖြင့်

“ဟိုလေ အစ်ကိုဟောက် ကိုယ်အပူချိန်တွေ အရမ်း တက်နေလို့။ ဖျားနေတဲ့ပုံပဲ။ အခု ဟိုတယ်ပြန်ပြီး အနားယူလိုက်တော့မယ်နော်”

ထို့နောက် လင်းချွမ်တို့ စကားကိုပင် မစောင့်ဘဲ နှစ်ယောက်သား ပြေးထွက်သွားတော့သည်။ 

သူတို့ ဝရုန်းသုန်းကာ ထွက်သွား၍ ဆိုင်ထဲမှ လူများပင် လှမ်းကြည့်၍ ကျန်ခဲ့၏။ 

မြန်လိုက်တာ။ 

ကပ်ဆိုက်နေသလိုပဲ။ 

All Chapters