ဒီဖိုင်နဲ့ ဘယ်လို ပတ်သက်လဲ
Vol. 28 Ch. 416
“ဒီထဲမှာ အဝေးထိန်း ဒုံးကျည်လောင်ချာ အမျိုးအစားက ကျွန်တော်တို့ လွန်ခဲ့တဲ့ (၅) နှစ်ကတည်းက ရှာဖွေ စမ်းသပ်နေတဲ့ လက်နက်ပါ။ ဆာနီယာကုမ္ပဏီရဲ့ အဖွဲ့ကနေ ဖန်တီထားတာပါ”
သူ ပြောပြောဆိုဆိုနှင့် စားပွဲပေါ်မှ ဖိုင်ကို ထုတ်ပြလိုက်သည်။
လင်းချွမ်လည်း မနီးမဝေးတွင် ထိုင်နေပြီး အဝေးမှုန်ခြင်းမရှိ၍ ဖိုင်မှ ဆာနီယာကုမ္ပဏီ လက်မှတ်အနီကို သေချာ တွေ့ရ၏။
စတိဗ် ထိုဖိုင်ကို တရားသူကြီးအား သွားပေးလိုက်သည်။
အချိန်မှာ အမှန်ပင် လွန်ခဲ့သော (၅) နှစ်ဝန်းကျင် (၂၀၁၈) က အထောက်အထားများကို တွေ့ရသည်။
ကျန်းပြောင် သူ့ဘေးမှ ရှန်ချန်းချန်းကို လှည့်ကြည့်၍
“ဆာနီယာက (၂၀၁၈) တည်းက စမ်းသပ်နေတာနော်။ လင်းချွမ်ကရော”
ရှန်ချန်းချန်းမှာ လင်းချွမ်နှင့် အလွန်ခင်သောကြောင့် ထိုအကြောင်းများ သိနေမည်ဟု ထင်ပါသည်။
သို့သော် မထင်မှတ်စွာဖြင့် ရှန်ချန်းချန်း ခေါင်းယမ်းပြလေ၏။
သူကိုယ်တိုင်လည်း တိတ်တိတ်လေး ကျိတ်အားကျခဲ့ရသော ပရောဂျက်ဖြစ်ပြီး အချိန်အတိအကျ မသိလိုက်ပေ။
သို့သော် စဉ်းစားကြည့်လျှင် (၂၀၁၈) တွင် လင်းချွမ်မှာ (၁၈) နှစ်သာ ရှိဦးမည် ဖြစ်၏။
ထိုစဉ် စတိဗ်မှ ဆက်ပြောနေသည်။
“ဒီလိုမျိုး (၅) နှစ်ကျော် လေ့လာပြီးတဲ့နောက်မှာ ကျွန်တော်တို့ ကုမ္ပဏီကနေ ကီလိုမီတာ (၃၅၀) အဝေးထိန်း ဒုံးကျည်ကို ဒီနှစ်ထဲမှာ ကမ္ဘာ့ထိပ်တန်းအဆင့်အနေနဲ့ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်”
“ဒါပေမဲ့”
သူ့အသံမှာ ပိုကျယ်သွားသည်။
ဘေးမှ ဘာသာပြန်သူပင် လန့်သွား၏။
“ဒါပေမဲ့ မစ္စတာလင်းချွမ်ရဲ့ လက်နက်ဝိဇ္ဇာ ဝတ္ထုထဲမှာ ကျွန်တော်တို့ရဲ့ အချက်အလက်တွေ ပါနေပါတယ်။ ဒါ့အပြင် ဟားစ်စစ်တပ်က နောက်ဆုံး ထုတ်ပြလာတဲ့ ကီလိုမီတာ (၃၇၀) အဝေးထိန်း ဒုံးကျည်လောင်ချာကလည်း ကျွန်တော်တို့ ဆာနီယာကို အတုခိုးထားတာပါ”
ထို့နောက် ဖိုင်အရှည်တစ်ခုကို ထုတ်ပြပြန်သည်။
ထိုထဲမှ နည်းပညာများကို တစ်ခုချင်း ရှင်းပြနေ၍ ဘာသာပြန်ပင် အာအတော်ခြောက်လာသည်။
ထိုသို့ နည်းပညာအကြောင်းများမှာ တစ်မျက်နှာနှင့်ပင် မွန်းကြပ်စရာ ကောင်းလှ၏။
“ဒီလို စုံစမ်းပြီးတဲ့နောက်မှာတော့ ဟားစ်စစ်တပ်ရဲ့ လက်နက်တွေက မစ္စတာလင်းချွမ်ရဲ့ အရုပ်စက်ရုံကနေ ရလာတာပါ။ အဲ့တာကြောင့် မစ္စတာလင်းချွမ်ကနေ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို ခိုးထားတယ်လို့ သံသယရှိပါတယ်”
“ဒီတော့ ကျွန်တော်တို့ နောက်ကြောင်း ပြန်လိုက်တဲ့အခါ လင်းချွမ်က (၂၀၂၁) ဇွန်လမှာ ကျွန်တော်တို့ ကုမ္ပဏီအချက်အလက်ကွန်ယက်ထဲ ခိုးဝင်ထားတယ်လို့ တွေ့ရပါတယ်”
စတိဗ်မှာ သက်သေအပြည့်ဖြင့် တစ်ခုချင်း တည်ငြိမ်စွာ ပြောနေသည်။
သူ့စကားကြောင့် တရားရုံးထဲတွင်လည်း အချင်းချင်း ဆွေးနွေးသံများဖြင့် ဆူညံလာ၏။
ထိုအခါ တရားသူကြီး၏ တူကြောင့် အားလုံးပြန်ငြိမ်သွားကြသည်။
စတိဗ်မှလည်း နိဂုံးချုပ် ဆက်ပြော၏။
“ဒါ့ကြောင့် အန်လင်းတရားရုံးကို မျှမျှတတ ဆုံးဖြတ် အမိန့်ချပေးဖို့ တောင်းဆိုတာပါ”
လင်းချွမ် နားထောင်နေရင်း ကျောင်းပြန်တက်နေရသလို ခံစားလိုက်ရသည်။
အစအဆုံး ကြားပြီးနောက် ပြန်ပြောချင်နေသည့် စကားတစ်ခွန်းမှာ
‘ပေါက်ကရတွေ’
(၂၀၂၁) တွင် သူ ဆာနီယာကုမ္ပဏီကွန်ယက်ထဲ ခိုးဝင်သည်လား။
ထိုအချိန်က အွန်လိုင်းစာရေးဆရာ ပေါက်စဘဝဖြင့် အကြွေးများနစ်နေတုန်းဖြစ်၏။ စနစ်လည်း မရှိသေးဘဲ မည်သို့ သူများကွန်ယက်ထဲ ဝင်နိုင်မည်နည်း။
သို့သော် တရားရုံး ရောက်နေ၍ သူ့စိတ်ရှိတိုင်း ပြောနေ၍ မဖြစ်ပေ။
ထိုစဉ် တရားသူကြီးမှ သူ့ကိုကြည့်၍
“သက်သေတွေ တင်ပြပါ ခုခံသူ လင်းချွမ်”
လင်းချွမ် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်၍ တည်ငြိမ်စွာဖြင့် တရားသူကြီးအား ဦးညွှတ်လိုက်သည်။ ထို့နောက် ပြုံးကာ အချိန်မဖြုန်းတော့ဘဲ ပြင်ဆင်လာသော ဖိုင်ကို ဖွင့်၍
“ဒါကတော့ အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့မှာ မနေ့က ဒီဇင်ဘာ (၁၉) ရက်နေ့က ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်လောင်ချာ တီထွင်မှု အောင်မြင်ကြောင်း ထောက်ခံချက်ပါ”
လင်းချွမ် ပြောနေရင်း ဖိုင်ကို တရားသူကြီးနှင့်တကွ အားလုံးကို ပြလိုက်သည်။
ထိုအခါ စာရွက်ထိပ်တွင် အမျိုးသား လက်နက်ရှာဖွေရေး အဖွဲ့အစည်း၏ တံဆိပ်တုံးသက်သေကို တွေ့ရလေ၏။
မည်သူမျှ မငြင်းနိုင်တော့ချေ။
သို့သော် စတိဗ်မှ မတ်တပ်ထရပ်၍
“အဲ့စာရွက်က ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
လင်းချွမ် ပြုံးလျက်
“မနေ့က ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ ကီလိုမီတာ (၆၀၀) အဝေးထိန်းဒုံးကျည်လောင်ချာကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးလျှို့ဝှက်ချက်အရ ပြည်သူလူထုကို ထုတ်မပြဖြစ်တာပါ”
လင်းချွမ် တရားသူကြီးအား စီဒီခွေကို ပေးလိုက်သည်။
ထို့နောက် ဆက်၍
“မစ္စတာစတိဗ် မေးတာ သိပ်ကောင်းတာပဲ။ ဒီအထောက်အထားက ကျွန်တော်နဲ့ ဘာဆိုင်တာလဲ။ ခဏလေး သည်းခံပေးပါ။ အချက်အလက်ထဲက တီထွင်သူနာမည်တွေကို ကြည့်လိုက်ပါ”
လင်းချွမ် ဖိုင်ကိုကိုင်ကာ စတိဗ်ထံ လျှောက်သွား၍ ပြလိုက်၏။
ဒီဇိုင်နာချုပ်: လင်းချွမ်။
…
တောင်ပိုင်း ဆောင်းရာသီ နံနက်များတွင် နူးညံ့သော ရာသီဥတုကို ခံစားရပြီး မြူခိုးများ ဝေ့နေသည်။
လမ်းပေါ်၌ အားကစားလုပ်ရန် ထလျှောက်သူများနှင့် ဈေးသွားဈေးလာများ၊ ဈေးသည်များ၊ အလုပ်သွားကြသူများ ပြည့်နေ၏။ အချို့ ချစ်သူစုံတွဲများ၏ သာယာသော ရယ်မောသံများမှာလည်း ကြားရသူတိုင်းကို အပျော်ဓာတ် ကူးစက်၍ အသက်ဝင်စေလေသည်။