ယှဉ်ပြိုင်သူ ပြောင်းလဲခြင်း
Vol. 28 Ch. 417
တရားရုံးထဲတွင်။
ဆံပင်ကောက် ပွပွဖြင့် စတိဗ်တစ်ယောက် စကားအများကြီး ပြောထားရ၍ အာခြောက်ကာ မောနေပုံ ပေါ်သည်။ ထို့နောက် အသက်ကို မနည်း ဝအောင်ရှူရင်း သူ့ရှေ့မှ လူငယ်လေးကို ကြည့်နေမိ၏။
လင်းချွမ် ဘာတွေ ပြောနေတာလဲ။
ရုတ်တရက် စတိဗ်ဦးနှောက်မှာ ဆီကုန်သွားသော စက်ပစ္စည်းကဲ့သို့ ဆက်အလုပ်မလုပ်နိုင် ဖြစ်နေသည်။
လင်းချွမ်က PHL-191 အဝေးထိန်း ဒုံးကျည်လောင်ချာကို သူကိုယ်တိုင် တီထွင်ပြီး အမျိုးသား လက်နက် ရှာဖွေအဖွဲ့ကနေ ထုတ်လုပ်ခဲ့တယ်လို့ ပြောနေတာလား”
အဲ့တာ ဖြစ်နိုင်လို့လား။
စတိဗ် မျက်နှာ အလွန်ပျက်ကာ ရှေ့မှ တရားသူကြီးကို ကြည့်လိုက်၊ သူ့ဥပဒေအဖွဲ့ကို ကြည့်လိုက် ဖြစ်နေသည်။
လင်းချွမ်၏ ယခုသက်သေကို လုံးဝ မထင်မှတ်ထားချေ။
ကီလိုမီတာ (၆၀၀) မှာ သူတို့ လုံးဝ လိုက်မမီသော အကွာအဝေး ဖြစ်၏။
“ကီလိုမီတာ (၆၀၀) နဲ့ (၃၅၀) ရဲ့ ကွာခြားချက်ကိုရော သိရဲ့လားဗျ”
စတိဗ်ပြုံး၍
“ငါ သင်္ချာ တော်ပါတယ်။ (၂၅၀) ကီလိုမီတာ ကွာတယ်လေ”
သူ့စကားကြောင့် တရားရုံးထဲမှ ကြားနာသူများ အားလုံး ရယ်မောမိကြသည်။
ထိုအခါမှ စတိဗ်တစ်ယောက် လင်းချွမ်မေးခွန်းမှာ သူ့ကို လှောင်နေမှန်း သတိထားမိတော့သည်။
ထို့နောက် ရှက်ယမ်း ယမ်း၍
“မစ္စတာလင်းချွမ် သိထားရမှာက ကျွန်တော်တို့ ဆာနီယာက ခင်ဗျားကို နည်းပညာ ခိုးယူမှုနဲ့ တရားစွဲထားတာပါ။ ခင်ဗျားဘာသာ ဒီဇိုင်နာချုပ် ဟုတ်မဟုတ်နဲ့ ဘာမှ မဆိုင်ဘူး”
သူ အိမ်စာကို ကောင်းစွာ နားလည်ပါသည်။
သူ့ဥပဒေအဖွဲ့မှ လင်းချွမ် ဘာပြောပြော ထိုအချက်ဖြင့်သာ ထိုးနှက်ရန် မှာထား၏။
သူပြောတာလည်း မှန်နေသည်။
တရားခွင် မစမီတည်းကလည်း မော်ဂန်အုပ်စုမှာ နိုင်ငံတကာပရိသတ်များထံ အသိပေး၍ အာရုံစိုက်ခံရစေရန် ပြုလုပ်ထားသည်။ ထိုအခါမှ အန်လင်းတရားရုံးမှာ လင်းချွမ်ဘက် အသာမပေးနိုင်တော့မည် ဖြစ်သည်။
ဤသည်မှာ လူထုတိုက်စစ်ဆင်ခြင်း ဖြစ်၏။
ယခုခေတ်တွင် ကိစ္စအတော်များများ ဤသို့ပင် ဖြစ်ပျက်နေလေသည်။
ယနေ့ တရားခွင်ကို လင်းချွမ်မိတ်ဆွေများနှင့် အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့တင်မက ဟားစ်စစ်တပ်နှင့် မော်ဂန်အုပ်စုနှင့် ပူးပေါင်းထားသော အခြားလက်နက်ကိုင် အဖွဲ့များပါ စိတ်ဝင်စားကြ၏။
ဤတရားခွင်မှာ လက်နက် ထုတ်လုပ်ရေး အသစ်နှင့် အဟောင်းတို့၏ တိုက်ခိုက်မှုကြီးပင်။
မည်သူနိုင်သည်ဖြစ်စေ ထိုအဖွဲ့မှာ အင်အားအကြီးဆုံး ဖြစ်လာပေမည်။
လင်းချွမ်နှင့် မော်ဂန်။
လက်နက်အဖွဲ့အစည်းများမှာ နှစ်ဖက်ကိုကြည့်၍ လောင်းကြေးများပင် ထပ်ပြီးလေပြီ။
ဥပမာ မော်ဂန်အုပ်စုနှင့် ပူးပေါင်းခဲ့ဖူးသော တာဘန်ဘရိုသည် ယခုအခါ ဟားစ်စစ်တပ်ထံ ဆက်သွယ်ထားပြီး ဖြစ်၏။
အမြတ်ကို စောင့်ကြည့်ရာတွင် တစ်ဖက်တည်း ပုံအောခြင်းက အန္တရာယ်များလေသည်။
ထို့ကြောင့် စိတ်ဝင်စားသူ အလွန်များနေပြီး မော်ဂန်အုပ်စုကို ထောက်ခံသူများပင် ဟားစ်စစ်တပ်ကို ဆက်သွယ်ကာ လင်းချွမ်နှင့် မိတ်ဆက်ရန် မေးထားကြ၏။
ဘေးလူများဖြစ်သောကြောင့် အင်အားကြီးသူကိုသာ ကပ်ကြပေမည်။
တရားရုံးထဲ၌။
လင်းချွမ်မှာ တည်ငြိမ်စွာဖြင့်
“အားတော့နာပေမဲ့ ကီလိုမီတာ (၆၀၀) အဝေးထိန်း ဒုံးကျည်လောင်ချာနဲ့ ခင်ဗျားပြောတဲ့ လက်နက်က မတူတဲ့အချက် (၆၀) တောင် ရှိတယ်။ ရှေ့နေဝူ ကျွန်တော်တို့ရဲ့ ကွာခြားမှု ယှဉ်ထားတာကို ပြောပြပေးပါဦး”
ထိုအခါ ဝူကျန်း မတ်တပ်ထရပ်၍ ပြင်ဆင်ထားသော သက်သေများ ထုတ်ကာ အားလုံးကို အရင်ထုတ်ပြပြီးမှ တရားသူကြီးအား အပ်လိုက်သည်။
တရားသူကြီးမှာ သက်သေကို စစ်ဆေး၍ စည်းမျဉ်းနှင့်အညီ သိမ်းဆည်းထားလိုက်သည်။
အမှုမတူလျှင် သက်သေများလည်း မတူနိုင်ပေ။
ယခု လင်းချွမ်နှင့် ဆာနီယာကုမ္ပဏီတို့၏ တရားခွင်မှာ လက်နက် နားလည်ကျွမ်းကျင်သူများ လိုအပ်၏။
လင်းချွမ်နှင့် စတိဗ်တို့၏ အချက်အလက်ဖိုင်များကို တစ်ဆင့် ပြန်စစ်ရဦးမည်။
ယခုအချိန်တွင် လင်းချွမ်၏ သက်သေများကို စ၍ စုံစမ်းနေလေပြီ။
ထိုထဲတွင် လက်နက်အကြောင်းအရာများ အသေးစိတ် ပါဝင်ကာ အထူးသဖြင့် အမျိုးသားလက်နက် ရှာဖွေရေးအဖွဲ့အစည်း၏ တံဆိပ်တုံးအနီ ပါနေ၏။
လက်နက်ကျွမ်းကျင်သူများမှာ ကနဦး အချက်အလက်များ ယှဉ်ကြည့်ရင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေကြသည်။
လင်းချွမ်မှာ ပြုံးနေမိ၏။
ဝူကျန်းလည်း ထိုအခြေအနေကို ဂုဏ်ယူနေလေသည်။
စတိဗ်နှင့် အဖွဲ့သာ မျက်မှောင်ကြုတ်၍ စိတ်ရှုပ်ထွေးနေကြသည်။
လင်းချွမ်၏ လှုပ်ရှားမှုများမှာ ပညာသား ပါလွန်းသည်။
ဆာနီယာမှ လင်းချွမ်ကို ကီလိုမီတာ (၃၇၀) ဒုံးကျည် ထုတ်လုပ်မှုကို သူတို့၏ ကီလိုမီတာ (၃၅၀) လက်နက်အား ခိုးချသည်ဟု စွပ်စွဲထားခြင်း ဖြစ်၏။
သို့သော် ယခုတော့ လင်းချွမ်မှာ သူ့ ကီလိုမီတာ (၆၀၀) အား ပြန်ခိုးချထားသည်ဟု ဆို၏။
ခုခံသူမှာ ပြောင်းပြန် ဖြစ်သွားသည်။
ထို့အပြင် အမျိုးသား လက်နက်ရှာဖွေရေးအဖွဲ့၏ ထောက်ခံချက် ရရှိထားသော ပရောဂျက်၏ ဒီဇိုင်နာချုပ် ဖြစ်သောကြောင့် ပြဿနာရှိလျှင် အဖွဲ့အစည်းမှ တာဝန်ယူရပေမည်။ လင်းချွမ်နှင့် မဆိုင်ပေ။
ထို့ကြောင့် ပွဲမှာ ဆာနီယာနှင့် အမျိုးသား လက်နက် ရှာဖွေရေးအဖွဲ့တို့ အပြိုင် ဖြစ်သွားစေ၏။
မည်သူ နိုင်သွားမည်နည်း။
ဆာနီယာမှ အမျိုးသားရေးအဖွဲ့အစည်းကို နိုင်မည့်အကွက်အား စတိဗ် မရှာတတ်တော့ပေ။
အဖွဲ့ (၂) ခုမှာ အဆင့်ချင်းလည်း မတူ ဖြစ်နေ၏။
လင်းချွမ် သူတို့ကို အသက်ရှူခွင့်ပင် မပေးချေ။
ထို့နောက် ဆက်၍
“မစ္စတာ စတိဗ် ကျွန်တော် ခင်ဗျားတို့ ကွန်ယက်ထဲ (၂၀၂၁) ခုနှစ်က ခိုးဝင်ခဲ့တယ်ဆိုတာရော သေချာလားဗျ”