လက်လျှော့လိုက်ပြီ ထင်တာ
Vol. 28 Ch. 418
လင်းချွမ်၏အကြည့်များမှာ စူးရှ၍ သားကောင်တွေ့သော ကျားသစ်၊ ငရဲပြည်မှ တက်လာသော ငရဲမင်းနှင့် တူနေသည်။
စတိဗ်တစ်ယောက် ရင်တထိတ်ထိတ်ဖြင့် ဟိုဟိုဒီဒီ စိတ်လှုပ်ရှားစွာ ကြည့်နေမိ၏။
ထို့နောက် ဆာနီယာ၏ ကိုယ်စားလှယ်တစ်ဦး ပီသစွာဖြင့် စိတ်ကို ပြန်ထိန်းကာ
“ဒါပေါ့။ သေချာတဲ့ သက်သေတွေ ရှိတယ်”
သူတို့တွင် သက်သေရှိနေသရွေ့ လင်းချွမ်အား စွပ်စွဲနိုင်ပါသည်။
ထို့ကြောင့်လည်း စတိဗ် ယုံကြည်ချက် ရှိနေခြင်း ဖြစ်၏။
သူ စိတ်ထဲတွင် ချက်ချင်း တန်ပြန် တိုက်စစ်ဆင်ရန်ကို တွေးနေသည်။
သို့သော် လင်းချွမ်မှာ အခွင့်အရေး လုံးဝ မပေးချေ။
လင်းချွမ် ရယ်မော၍ အသံခပ်တိုးတိုးဖြင့်
“အကွက်ချထားတာတော့ လှပေမဲ့ သက်သေက အမှားကြီးလေ။ မှားယွင်းစွပ်စွဲမှု ဖြစ်နေပြီဆိုတာ သိရဲ့လား”
တရားရုံးထဲမှအားလုံး လင်းချွမ်ကို ကြည့်နေမိကြသည်။
ထိုအရပ်ရှည်ရှည် ခပ်ပိန်ပိန် လူငယ်လေးမှာ စတိဗ်ရှေ့တွင် တရားသူကြီးတစ်ဦးပမာ ပြောဆိုနေ၏။
စတိဗ်မှာတော့ ခုခံသူအဖြစ် ပြန်ရောက်နေလေသည်။
ကျန်းပြောင်ကတော့ ပြုံး၍ လှမ်းကြည့်နေလေသည်။
ဒီကောင်လေးကတော့ တကယ် ထူးခြားတာပဲ။
ကျန်းမျက်နှာလေးမှာ ဝင်းပလျက် မျက်လုံးအရောင်များ တောက်ကာ လင်းချွမ်အတွက် ဂုဏ်ယူနေ၏။
“ကျွန်တော့်သက်သေက မှားနေတယ်ဆိုတဲ့ အထောက်အထား ရှိလား”
စတိဗ်အသံမှာ ခပ်မာမာဖြစ်ပြီး မျက်နှာထား တင်းနေ၏။
သူ လုံးဝ မယုံကြည်နိုင်ပါ။
သူတို့သက်သေကို နတ်ဘုရားမှလွဲ၍ ဖြေရှင်းနိုင်သူ မရှိဟု တွေးထားပါသည်။
…
အရှေ့တောင်အာရှ၊ မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲ။
ပြတင်းပေါက် ဖွင့်ထား၍ လေအေးများ ရုံးခန်းထဲအထိ ဝင်လာကာ အေးမြမှုကို ခံစားရသည်။
ယုချင်း၏ အမူအရာမှာလည်း အေးဆေး၍ သက်တောင့်သက်သာ ဖြစ်နေသည်။
ယုချင်းသည် နို့စိမ်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ရှည်သွယ်သော ခြေသလုံးသားများမှာ ဖြူနု၍ ထင်ပေါ်နေ၏။
သူ လက်ထဲမှ ရှန်ပိန်ခွက်လေးကို ခပ်ဖြည်းဖြည်း ဝှေ့ကာ အကျေနပ်ကြီး ကျေနပ်နေမှန်း သိသာလေသည်။
“ယု”
ထိုစဉ် ရှေ့ဆိုဖာ၌ ထိုင်နေသော လူးကပ်စ်မှ လှမ်းခေါ်လိုက်၏။
သူ့ပုံစံမှာ ပွဲတက်စရာရှိသကဲ့သို့ ဝတ်စုံပြည့် ဖြီးလိမ်း ပြင်ဆင်ထားလေသည်။
လေအဝှေ့၌ပင် ကေမပျက်သွားချေ။
သူတို့ရှေ့မှ ကော်ဖီစားပွဲပေါ်တွင်တော့ တက်ဘလက် တစ်လုံး ချထားပြီး ကားလ်မှ ဗီဒီယိုကောလ် ခေါ်ထား၏။
ကားလ်သည် ၇၂၀ ကုမ္ပဏီရုံးခန်းထဲ ထိုင်လျက် ကော်ဖီခွက်ကို မြှောက်ကိုင်ကာ ယုချင်းတို့အား ကြည့်နေသည်။
“ကျွန်မတို့ရဲ့ အဆုံးမရှိ အောင်မြင်မှုအတွက်”
ယုချင်းမှ ရှန်ပိန်ခွက်ကို အသာမြှောက်ကာ ပြုံး၍ ပြောလိုက်သည်။
သို့သော် လူးကပ်စ်မှ သိပ်မကျေနပ်သလိုဖြင့်
“ယုနဲ့ ကားလ် လင်းချွမ်ရဲ့ ရှေ့နေက သိပ်မကြာသေးခင်ကမှ ဘွဲ့ရပြီးထားတာလို့ ကြားတော့ ဘယ်လိုဖြစ်သွားတယ် ထင်လဲ”
ကားလ်မှ ရင်းနှီးစွာဖြင့်
“ပြောပါဦး လူးကပ်စ်ရဲ့”
ယုချင်းလည်း စိတ်ဝင်တစား ကြည့်နေသည်။
“တကယ်ကြီး လန့်သွားတာ။ လင်းချွမ် လက်လျှော့လိုက်ပြီလားလို့လေ”
လူးကပ်စ်မှ ပြန်၍ ပြုံးပျော်ကာ ပြောလေသည်။
ကားလ်လည်း ရယ်မောလျက်
“တော်တော်လည်း ဒုက္ခတော့ ရောက်မှာပါ။ အခု သူ့မျှော်လင့်ချက်က အိမ်ကွင်းဖြစ်နေတဲ့တစ်ချက်ပဲ ရှိတော့တယ်”
ယုချင်း ဝိုင်ခွက်ကိုချလိုက်ပြီး ရယ်မောကာ
“အိမ်ကွင်းဆိုတာနဲ့ သာမှာလား။ ဒီလမ်းကြောင်းကိုလည်း နိုင်ငံတကာ အာရုံစိုက်ခံရအောင်လုပ်ပြီး ပိတ်ထားပြီးပြီလေ”
ဟားဟားဟား…
(၃) ယောက်သား ဝမ်းသာပျော်ရွှင်နေမိ၏။
ယုချင်းမှ ဆက်၍
“ဒီနောက်ပိုင်း ပုံမှန်ဖောက်သည်တွေအကုန် သေချာလေး ဆက်သွယ်လာကြတယ်။ ငါတို့အတွက် အကျိုးအမြတ်ကြီးပဲ”
“မစိုးရိမ်ပါနဲ့။ ဒီကွန်ယက်လမ်းကြောင်း သက်သေအတွက်တော့ ကျွန်တော့်ကိုသာ ယုံလိုက်”
ကားလ်မှ ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။
ထိပ်တန်းဟက်ကာ (၁၀) ယောက်ထဲတွင် အပါအဝင်ဖြစ်သော ကားလ်မှာ အမှန်လည်း ယုံကြည်ရပါသည်။
“တကယ့် သူရဲကောင်းပါပဲရှင်”
ယုချင်းမှ သူ့မိတ်ဆွေကြီးကို ချီးကျူးလိုက်သည်။
“ဒီအစီအစဉ်မှာ ကျွန်တော် ကြိုးစားထားတာကလည်း နည်းတာမှ မဟုတ်တာ။ ဟားစ်စစ်တပ်ကိုလည်း အကုန် ချုပ်ထားပြီးသား”
လူးကပ်စ်မှ ဝိုင်ငှဲ့ရင်း ရယ်မောနေသည်။
“အဖြေထွက်လာလို့ ရုံးချုပ်ကို တင်ပြတဲ့အခါ ရှင်လည်း အဓိကနေရာက ပါဝင်ခဲ့ကြောင်း ပြောပေးပါ့မယ်”
ဒေါက် ဒေါက် ဒေါက်!
ထိုစဉ် ကားလ်ဘက်မှ တံခါးခေါက်သံ ကြားရ၏။
“ရုံးကလူတွေ ထင်တယ်။ ခဏသွားပြီး ပြန်လာခဲ့မယ်နော်”
“အိုခေပါဗျာ”
ကားလ် ဗီဒီယိုပိတ်၍ ကော်ဖီတစ်ငုံ သောက်ပြီးမှ တံခါးဖွင့်လိုက်၏။
စိတ်ထဲတွင်တော့ လျော်ကြေးများစွာ ပေးရတော့မည့် သူဌေး၏ ကုမ္ပဏီတွင် ကြိုးစားချင်စိတ် ရှိနေသေးလားဟု ဆဲဆိုနေမိသည်။
ဒေါက် ဒေါက် ဒေါက်!
အလောတကြီးပုံစံဖြင့် တံခါးခေါက်သံ ထပ်ကြားရပြန်သည်။
ကားလ် စိတ်ထဲတွင် ထပ်ဆဲပြီးမှ ပြုံးကာ တံခါးဖွင့်လိုက်၏။
ထိုအခါ နက်ပြာရောင် ယူနီဖောင်းဖြင့် ဝန်ထမ်းနှစ်ဦးကို တွေ့ရလေသည်။
သူ ရုတ်တရက် မျက်လုံးပြူးကာ မှင်တက်သွား၏။
“မင်း”
“ကားလ် ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ”
သက်လတ်ပိုင်းအရွယ် ရဲဝန်ထမ်းတစ်ဦးမှ ဩဇာအပြည့်ဖြင့် ပြောလိုက်သည်။
အဖွဲ့မှူး ဟူတာချန်း ဖြစ်၏။
“ဘာ”
ကားလ်မှာ လုံးဝ နားမလည်နိုင်ဘဲ ထိတ်လန့်နေ၏။
ဟူတာချန်းမှာ သူ့လက်ကို ရုတ်တရက်ဆွဲ၍ လက်ထိပ်ခတ်လိုက်လေသည်။
ဂျောက်!
ကားလ် အမြန်ရုန်းရန် ကြိုးစားသော်လည်း မထူးခြားပေ။
ရုပ်ရှင်များထဲတွင် မင်းသား လွတ်သွားသည်မှာ ရုပ်ရှင်ဖြစ်နေ၍ပင်။
“ဘာလဲ ဘာလဲ ဘာလဲ”
ကားလ်၏ ကျယ်လောင်သောအသံကြောင့် ရုံးခန်းအပြင်မှပါ လူအုပ်ကြီး ဖြစ်လာပြီး ဝိုင်းကြည့်နေကြသည်။
ရဲများမှာ ထိုလူအုပ်ကိုရှင်း၍ တိုးထွက်ရ၏။
ဟူတာချန်း ကားလ်ကိုကြည့်ကာ
“ကားလ် ခင်ဗျားကို သက်သေအတုလုပ်မှု၊ အကွက်ချ ထောင်ချောက်ဆင်မှု၊ တရားမဝင် ကွန်ယက် ခိုးဝင်မှုတွေနဲ့ သံသယရှိပါတယ်…”
ဟူတာချန်းမှ အမှုပေါင်းများစွာကို ရွတ်ပြ၏။
ကားလ်မှာ မကျေမနပ် ထအော်လေသည်။
“သံရုံးကို ဆက်သွယ်ပေး”
ဟူတာချန်း သူ့လက်ကို လိမ်၍ နှာခေါင်းရှုံ့ကာ
“အရင်ဆုံးသာ လိုက်ခဲ့စမ်းပါ”